သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေတိုးမှုကြောင့် ရွှေရင်မျှော်ကျေးရွာနှင့် ဘုရားကြီး ကျေးရွာအကြားရှိ ဆက်သွယ်ရေး တံတားတစ်စင်း အစင်းလိုက် မြစ်တွင်းမျောပါမှုကြောင့် ရေပြန်ကျချိန်တွင် ဒေသခံကလေးငယ်များ ကျောင်းတက်ရန်အတွက် သွားလာရေးခက်ခဲမည်ကို စိုးရိမ်ပူပန်နေရလျက်ရှိကြောင်း သတင်းရရှိသည်။ ရွှေရင်မျှော်ကျေးရွာနှင့် ဘုရားကြီးကျေးရွာအကြားရှိ သဘာဝဘေးရန်ပုံငွေမှ တည်ဆောက်ထားသည့် သစ်သားတစ်စင်းမှာ ဇူလိုင် ၂၈ ရက်ဝန်းကျင်တွင် ငဝန်မြစ်ရေတိုးမှုကြောင့် ရေစီးကြောင်းအတိုင်း တံတားအ စင်းလိုက်မျောပါကာ အနီးရှိ သစ်ပင်များထံ သွားရောက်တင်နေခဲ့ကြောင်း၊ ယင်းတံတားအား အနီးကျေးရွာများဖြစ်သည့် ပေါက်လွတ်ကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ ရွှေရောင်ချကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ သူကြီးစုကျေးရွာမှ ဒေသခံများပါ အားကိုးနေရသော တံတားတစ်စင်းဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်နေချိန်တွင် လှေငယ်များဖြင့် သွားလာနေသောကြောင့် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက် သေးသော်လည်း ရေများပြန်လည် ကျဆင်းပါက ကျေးရွာချင်းတစ်ရွာမှ တစ်ရွာသို့ သွားရောက်ရန် ခက်ခဲမှုများ ရှိနေမည်ဖြစ်ကြောင်း သိရသည်။ “အဲဒီတံတားကိုပဲ ဖြတ်ပြီးတော့ ကလေးတွေက ကျောင်းတက်နေရတာ။ အဲဒီမှာက အထကခွဲကျောင်း တစ်ကျောင်းရှိတယ်။ အခုမျောပါသွားတဲ့ တံတားကိုပဲ အသုံးပြုနေရတာ။ ရေတက်နေတဲ့ အချိန်ဆိုတော့ ကိစ္စမရှိသေးပေမယ့် ရေပြန်ကျသွားတာနဲ့ ဒေသခံတွေ အတော်ခက်ခဲမှုတွေရှိမယ်။ အထူးသဖြင့် ကလေးတွေ ကျောင်းသွားဖို့ဆိုတာ မလွယ်ဘူး” ဟု သာပေါင်းမြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်သူဟိန်းက ပြောကြားသည်။ ယင်းတံတားအား ရေပြန်လည်ကျဆင်းချိန်တွင် အလျင်အမြန် ပြင်ဆင်နိုင်ရန် တင်ပြဆောင်ရွက်ထားကြောင်း သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောကြားသည်။ “ဒီတံတားက မနှစ်က သာဘာဝဘေး ရန်ပုံငွေထဲက ၁၅ သိန်းနဲ့ ဆောက်ထားတာ ငွေမလောက်လို့ ကျေးရွာက လေးသိန်းပါ စိုက်ရသေးတယ်။ အခုမျောပါသွားတာကို ရေပြန်ကျတာနဲ့ အမြန်ပြင်ဖို့ ကျေးလက်ဌာနကို ပြောထားတယ်။ ကျေးလက်ဦးစီးဌာနကလည်း ဘက်ဂျက်ရဖို့ အမြန်တင်ထားတယ် ပြောတယ်။ ဒေသလိုအပ်ချက်အရ ဒီနေရာမှာ သစ်သားတံတားထက် ကွန်ကရစ်တံတားမှ ပိုအဆင်ပြေမယ်” ဟု ဒေါ်ခင်မိုးဝါက ပြောကြားသည်။ Writer: မင်းသူဝင်းထွဋ် (မြောင်းမြ)
Source : http://ift.tt/2vnaoJl
via IFTTT
No comments:
Post a Comment