မောင်တောကို အရပ်သားအုပ်ချုပ်ရေးဖြင့်ပင် အုပ်ချုပ်သင့်သည်ဟု ဒုသမ္မတ ဦးဆောင်သည့် ကော်မရှင်ဆို ရန်ကုန်၊ ဩဂုတ် ၆ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို အရပ်သားအုပ်ချုပ်ရေးဖြင့်ပင် ဆက်လက်အုပ်ချုပ်သင့်သည်ဟု ဒုသမ္မတဦးဆောင်သည့် မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်သည်။ ရန်ကုန်မြို့၊ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ စိမ်းလဲ့ကန်သာခြံအတွင်း ယနေ့ ကျင်းပသည့် မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်၏ သဘောထားကို ကိုယ်စားပြုပြီး အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ ပိုမိုဖြစ်ပေါ်လာချိန်တွင် ကော်မရှင်၏ သဘောထား ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မောင်တောဒေသရှိ မြိုတိုင်းရင်းသားအချို့ သတ်ဖြတ်ခံခဲ့ရသလို ကျေးရွာတစ်ခုအတွင်း တရားခံအား သွားရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များလည်း တိုက်ခိုက်ခံခဲ့ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။ “ပြဿနာရဲ့ အရင်းအမြစ်တွေကို သိနားလည်ပြီးတော့မှ အရပ်ဖက်အုပ်ချုပ်ရေးနည်းလမ်းကို ပိုမိုပြီးတော့ အင်တိုက်၊ အားတိုက်နည်းလမ်းနဲ့ ဆောင်ရွက်သွားတာက ပိုပြီး ပြည့်စုံလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ထင်ပါတယ်” ဟု ဦးအောင်ကြည်က ဆိုသည်။ လွန်ခဲ့သည့် ဇူလိုင်လ အစောပိုင်းက ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက မောင်တောဒေသကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရန် တောင်းဆိုခဲ့ကြသေးသည်။ သို့သော် ဦးအောင်ကြည်က “လုံခြုံရေးရှုထောင့်တခုတည်းကနေ စဉ်းစားပြီးတော့ အတင်းငြိမ်သွားရင် ပြီးရောဆိုတဲ့ အနေအထားမျိုး ဖြေရှင်းတာထက်” အရပ်သား အုပ်ချုပ်ရေးကသာ ပိုသင့်တော်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂလူ့အခွင့်အရေးအဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို အဓိကထား တန်ပြန်တုန့်ပြန်သွားပြီး အုပ်စုဖွဲ့ မုဒိန်းကျင့်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ မရှိကြောင်းကို ပြောဆိုသွားသည်။ ကော်မရှင်၏ အတွင်းရေးမှူး လွှတ်တော်အမတ်ဟောင်း ဦးဇော်မြင့်ဖေက OHCHR ၏ စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း “အကြိမ်ကြိမ်” ထပ်ကျော့ ပြောဆိုသွားသည်ကို တွေ့ရသည်။ “သူတို့ရဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံအတွက် အများကြီး နစ်နာရပါတယ်” ဟု ဦးဇော်မြင့်ဖေက ဆိုသည်။ မောင်တောကော်မရှင်သည် မောင်တောဒေသတခုတည်းအတွင်းသာ စုံစမ်းစစ်ဆေးရခြင်းဖြစ်ပြီး မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
Source : http://ift.tt/2ufQbG2
via IFTTT
No comments:
Post a Comment