Saturday, August 19, 2017


NLD ဝန်ကြီးများလာဘ်စားမှုမတွေ့ရသေးဟု ကော်မရှင်ဆို အစိုးရသစ်သက်တမ်း တနှစ်ခွဲကာလအတွင်း ဝန်ကြီးများ လာဘ်စားသည်ကိုမတွေ့ရသေးကြောင်း မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တဦးကပြောသည်။ ကော်မရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဝန်ကြီးများ၏ အဂတိလိုက်စားမှုကို မတွေ့ရသလို တိုင်ကြားစာလည်းမရရှိခဲ့ဟု ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရဖွဲ့စည်းခဲ့သည့် ထိုကော်မရှင် အဖွဲ့ဝင် ဦးသင်းမောင်ကပြောသည်။ ဦးသင်းမောင်က “ဒီအတိုင်းလေးပဲဆက်ရှိနေဖို့မျှော်လင့်ပါတယ်” ဟု ဆက်ပြောသည်။ ယင်းအခြေအနေသည် အဂတိလိုက်စားမှုစွပ်စွဲချက်များ ခံခဲ့ရသော ယခင်အစိုးရခေတ် ထက်တိုးတက်မှု ဟုဆိုရမည်ဖြစ်သည်။ အစိုးရ၏ ပထမ ၉ လသက်တမ်းအတွင်း သူအကျေနပ်ဆုံးကိစ္စမှာ ခန့်ထားသောဝန်ကြီးများ အဂတိလိုက်စားမှု ကင်းရှင်းခြင်းပင်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယမန်နှစ်ဒီဇင်ဘာလတွင် စင်္ကာပူသို့သွားရောက်လည်ပတ်စဉ်အတွင်း Channel News Asia နှင့်တွေ့ဆုံမေးမြန်းစဉ်ပြောခဲ့သည်။ မြန်မာနိုင်ငံ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုကိုမကြာခဏ ဆန့်ကျင်ပြောဆိုလေ့ရှိပြီး အဂတိလိုက်စားသော အစိုးရအရာရှိများကို တိုင်ကြားရန်ပြည်သူများကို မကြာခဏတိုက်တွန်းလေ့ရှိသည်။ ထိုသို့တိုင်ကြားသူများကိုလည်း လျို့ဝှက်ထားရန်ကတိပေးခဲ့သည်။ အစိုးရအဖွဲ့မဖွဲ့မီကပင် အဂတိလိုက်စားခြင်းကိုရှောင်ရှားရန် လွှတ်တော်အမတ်များ၊ ဝန်ကြီးအမည်စာရင်း တင်သွင်းခံရသူများ ကိုပြောခဲ့သည်။ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရက စတက်ကတည်းက ငြိမ်းချမ်းရေးနဲ့ အဂတိတရားကင်းတဲ့အစိုးရဖြစ်ရေးဆိုတဲ့ဦးစားပေး ၂ ခုနဲ့စတက်လာခဲ့တာ” ဟု အထက်ပါကော်မရှင် အဖွဲ့ဝင်ကပြောသည်။ အစိုးရသည် ၂၀၁၆ ခုနှစ်တွင် အာဏာရပြီး မကြာမီ အများပြည်သူဆိုင်ရာ စီမံကိန်းများအတွက် ပစ္စည်းဝယ်ယူမှုနှင့် တင်ဒါခေါ်ယူမှုများတွင် အတိအကျ လိုက်နာရမည့် လမ်းညွှန်ချက်များကို ဝန်ကြီးဌာနအားလုံးသို့ ထုတ်ပြန်ကြေညာခဲ့သည်ဟုသူပြောသည်။ ယခင်က ထိုသို့သော တိကျသည့် ညွှန်ကြားချက်များမရှိကြောင်းပြောပြီး ထိုလုပ်ရပ်သည် အစိုးရသစ်၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကနဦးခြေလှမ်းများထဲမှတခု ဖြစ်သည်။ အရပ်သားဝန်ထမ်းများသည် တန်ဖိုးကျပ်ငွေ ၂၅၀၀၀ ထက်ပိုမိုသော လက်ဆောင်များကိုလက်မခံရန် ၂၀၁၆ ခုနှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည် အမိန့်ထုတ်ခဲ့သည်။ ထိုပမာဏသည် ယခင်အစိုးရသတ်မှတ်သော ပမာဏထက် ဆယ်ဆ ပိုမိုနည်းသည်။ ယခင်သမ္မတဦးသိန်းစိန်အစိုးရသည် အရပ်ဘက်ဝန်ထမ်းများကို ဒေါ်လာ ၂၅၀ ထက်မပိုသော လက်ဆောင်လက်ခံရန် ခွင့်ပြုသည်။ ထိုအစိုးရသည်လည်း သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးကို ရှေ့တန်းတင်သောအစိုးရဖြစ်သည်။ ဦးသိန်းစိန်အစိုးရ အာဏာရပြီး ၂ နှစ်ကြာသောအခါ ထိုအချိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဦးသိန်းထွန်းသည် အဂတိလိုက်စားမှုနှင့် ပတ်သက်သောကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက လွှတ်တော်တွင် ပျောက်ဆုံးနေသော ဒေသရန်ပုံငွေများအတွက် မေးခွန်းထုတ်ပြီးနောက် သမ္မတဦးသိန်းစိန်လက်ထက် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ သည် အလွဲသုံးစားမှုဖြင့်စစ်ဆေးခံရသည်။ အစိုးရ၏ နောက်ပြန်အရေးမယူရေးမူဝါဒအရ အလွဲသုံးစားပြုလုပ်သူများကိုဥပဒေအရ အရေးမယူ နိုင်သည့်တိုင် ပြည်သူ့ဘဏ္ဍာများပြန်ရရန် အခြားပြည်နယ်နှင့်တိုင်းများ တွင် အလားတူ ကိစ္စရပ်များ ကို စုံစမ်းစစ်ဆေးရန် ဦးထွန်းထွန်းက တိုက်တွန်းခဲ့သည်။ အဂတိလိုက်စားမှုများ ဆက်လက်တည်ရှိနေသည့်တိုင် မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ပွင့်လင်းမြင်သာမှုအညွှန်းကိန်းအရ အနည်းငယ်မြင့်တက်လာသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့်အကျင့်ပျက် ခြစားမှုများကို စောင့်ကြည့်လေ့လာနေသည့် Transparency International အဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည်၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံတွင် အဆင့် ၁၄၇ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် အဆင့် ၁၃၇ ဖြစ်လာသည်။ ၂၀၁၄ ခုနှစ်ကမူ အဆင့် ၁၅၆ ရခဲ့ပြီး ၂၀၁၃ ခုနှစ်ကထက် တဆင့်တက်လာခဲ့ခြင်းဖြစ်သည်။ အညွှန်းကိန်းအရတိုးတက်လာသော်လည်း အဂတိလိုက်စားမှုပပျောက်ရေးမှာမဖြစ်နိုင်ကြောင်း ဦးသင်းမောင် ကပြောသည်။ “အဂတိလိုက်စားမှုက ပမာဏအနည်း၊ အများပဲ ကွာသွားမှာပါ။ ပျောက်အောင်လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လျော့သွားအောင် လုပ်လို့ရတယ်” ဟုသူပြောသည်။ ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် “NLD Ministers Corruption-Free, Says Commission” ကို ဆီလျော်အောင် ဘာသာပြန်သည်။ The post NLD ဝန်ကြီးများလာဘ်စားမှုမတွေ့ရသေးဟု ကော်မရှင်ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2x0dJg0
via IFTTT

No comments:

Post a Comment