Tuesday, August 1, 2017

The Voice

အထက်တန်းရှေ့နေ လုပ်သက်သုံးနှစ် ပြည့်ပါက တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင် နေပြည်တော်၊ ဇူလိုင် ၃၁ အထက်တန်းရှေ့နေ လုပ်သက်သုံးနှစ်အထိ လုပ်ကိုင်ဆောင်ရွက်ပြီးပါက တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ပြောကြားသည်။ ဇူလိုင် ၃၁ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်လွင်က အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ စာမေးပွဲများ ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ်မှ ဥပဒေဘွဲ့ ရပြီးပါက ရှေ့နေဝင်ခွင့် နည်းဥပဒေများနှင့်အညီ တရားလွှတ်တော်ရှေ့နေ အဖြစ် တစ်နှစ်သင်ကြားပြီး အထက်တန် ရှေ့နေအဖြစ် စာရင်းတင်သွင်းပေးရန် လျှောက်ထားနိုင်ကြောင်း၊ ယင်းမှတစ်ဆင့် အထက်တန်းရှေ့နေအဖြစ် ၃ နှစ် လိုက်ပါဆောင်ရွက်ပြီးပါက တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများနှင့်အညီ လျှောက်ထားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ လက်ရှိတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ Online ဖြင့် ဖွင့်လှစ်သင်ကြားသော ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်း (Post Graduate Diploma in Law) အောင်လက်မှတ်တင်ပြ၍ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်လျှောက်ထားနိုင်ရန် အခွင့်အရေး ပေးထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအခြေအနေများကြောင့် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ စာမေးပွဲများ ဖော်ဆောင်ပေးရန် အစီအစဉ် မလိုအပ်တော့ကြောင်း ဦးမြင့်အောင်က ထပ်လောင်းပြောကြားခဲ့သည်။
Source : https://goo.gl/vVEwSS
via IFTTT

No comments:

Post a Comment