ရန်ကုန်မြို့တွင် တောင်းရမ်းကလေးငယ် ကိုးရာကျော် ရှိဟုဆို ရန်ကုန်၊ ဩဂုတ် ၃ ရန်ကုန်မြို့တွင် အရွယ်မရောက်ဘဲ တောင်းရမ်းနေရသော အသက် ၆ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးသူငယ် ၉၀ဝ ကျော်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အတည်မပြုမီ စစ်တမ်း ကောက်ယူရရှိထားပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ “အရွယ်မရောက်ဘဲ လမ်းပေါ်ထွက်တောင်းနေရတဲ့ ကလေးငယ်တွေရဲ့ နောက်ကွယ်က ဖြစ်စဉ်တွေကို မှတ်တမ်းယူမယ်။ အဓိက ကလေးသူငယ်တိုင်းရဲ့ အခွင့်အရေး မဆုံးရှုံးရအောင် စီစဉ်ဆောင်ရွက်ဖို့ ဝန်ကြီးဌာနက ကောက်ယူဖို့ ညွှန်ကြားခဲ့တာပါ” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့အပြင် ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်နေသည့် ကလေးသူငယ်များစာရင်းကို လူစည်ကားသော ညဈေးတန်း၊ လသာမြို့နယ် ၁၉ လမ်း (တရုတ်တန်း) နှင့် အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေး၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ ဆူးလေတစ်ဝိုက် အပါအဝင် နေရာပေါင်း ၅၀ တွင် ကောက်ယူခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ ကလေးသူငယ်များကို ကိုယ်ကျိုးစီးပွားရေးအတွက် တောင်းရမ်းရန် စေခိုင်းသည့် မည်သူမဆို ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ၅ နှစ် အပါအဝင် ဒဏ်ငွေ ၇ သိန်းမှ ၁၅ သိန်းကြားဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲလိုက်ခြင်း ဖြစ်ပြီး ဥပဒေကြမ်း၏ အခန်း ၂၇ ပုဒ်မ ၁၀ဝ အရ ပြစ်မှုနှင့် ပြစ်ဒဏ်များကို တိုးမြှင့်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြက ပြောကြားသည်။ “ကလေးသူငယ်တွေရဲ့ အခွင့်အရေးအတွက် ဘက်ပေါင်းစုံက ကာကွယ်ဖို့ လုပ်ဆောင်နေတာပါ၊ သူတို့ အရွယ်မရောက်ဘဲ လမ်းပေါ်ရောက်နေရတဲ့ အကြောင်းအရင်းတွေ ဖော်ထုတ်မယ်။ အပြစ်ရှိသူကို ဥပဒေအရ ဆောင်ရွက်မယ်။ ဥပဒေကြမ်းလည်း မကြာခင် အသက်ဝင်တော့မှာပါ” ဟု ၎င်းက ရှင်းပြသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ကလေးသူငယ်များ အသက်ရှင်ခွင့်၊ တိုးတက်ဖွံ့ဖြိုးခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့် စသော အခွင့်အရေးလေးရပ်ပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အချက်အလက်များအရ အသက် ၁၈ နှစ်အောက် လူငယ်များသည် ယင်းဥပဒေအတိုင်း စောင့်ရှောက်ခံစားခွင့် ရရှိရန် ရေးဆွဲထားခြင်း ဖြစ်သည်။
Source : https://goo.gl/YNsqM7
via IFTTT
No comments:
Post a Comment