ငွေတောင်းသည့် ယာဉ်ထိန်းရဲကိစ္စ စတင်စစ်ဆေး ထားဝယ်၊ ဩဂုတ် ၃ ထားဝယ်မြို့တွင် စည်းကမ်း မလိုက်နာသည့် ယာဉ်များကို ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့် ယာဉ်ထိန်းရဲကိစ္စ အရေးယူနိုင်ရန် ဩဂုတ်လ ၃ ရက်တွင် စတင်စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ စည်းပျက်ယာဉ်များကို ဖမ်းဆီးပြီး ဥပဒေအရ တရားမစွဲတင်ဘဲ ထားဝယ်မြို့ရှိ လမ်းဆုံကြီးမီးပွိုင့်တွင် ငွေကြေးတောင်းခံကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက် ငွေကြေးပေးခဲ့ရသည့် ကာယကံရှင်ကို စတင်စစ်ဆေးနေခြင်း ဖြစ်သည်။ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အဖွဲ့ဖြင့် စတင်စစ်ဆေးနေပြီး စစ်ဆေးပေါ်ပေါက်ပါက ရဲစည်းကမ်း ဥပဒေအတိုင်း ထိထိရောက်ရောက် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။ “အခုစစ်ပြီး ပေါ်လွင်ပြီ ဆိုတာနဲ့ အခုတစ်ခါတည်း သူ့ကို (ယာဉ်ထိန်းကို) ဖမ်းချုပ်တာတို့ လုပ်မှာပေါ့နော်၊ နည်းဥပဒေအတိုင်းပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ယာဉ်ထိန်းရဲ အပါအဝင် ကျန်သည့် တာဝန်ရှိသူများကိုပါ စစ်ဆေးသွားရန်ရှိကြောင်း ၎င်းက ဆိုသည်။ ဆိုင်ကယ်နံပါတ်ပြား မတပ်သည့်အတွက် အဖမ်းခံရကာ ယာဉ်ထိန်းရဲက ငွေကျပ် ၅ သောင်း တောင်းရာတွင် ၂ သောင်းကျပ် ပေးခဲ့ရသည့်အတွက် လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် လာရောက်အစစ်ခံသည့် ကိုစိုးသူရကျော်က ဆိုသည်။ “ပိုက်ဆံ ၂ သောင်း ပေးခဲ့ရတယ်၊ လမ်းဆုံကြီးမီးပွိုင့်မှာ အဖမ်းခံရပြီး သူကတောင်းလို့ ပေးခဲ့ရတယ်” ဟု ကိုစိုးသူရကျော်က ပြောသည်။ ထားဝယ်မြို့စည်ပင်သာယာဈေးကြီး တစ်ဝိုက်တွင် ဖမ်းဆီးသည့် စည်းပျက်ဆိုင်ကယ်များကို လမ်းဆုံကြီး မီးပွိုင့်သို့ ချိန်းဆိုကာ တရားမဝင် ငွေကြေးတောင်းခံမှုများ နေ့စဉ်နီးပါး လုပ်ဆောင်နေကြကြောင်း ယင်းမီးပွိုင့်အနီး နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “လမ်းဆုံကြီးဆိုတာက ယာဉ်ထိန်းတွေ ကျက်စားရာ နေရာတစ်ခုလိုတောင် ဖြစ်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။ ထားဝယ်မြို့ပေါ်တွင် ယာဉ်ထိန်းရဲများက စည်းပျက်ယာဉ်များကို ဖမ်းဆီးပြီး တရားမဝင် ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြကြောင်း ပြည်သူများအကြားတွင် ဝေဖန်မှု ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
Source : https://goo.gl/pKsw9c
via IFTTT
No comments:
Post a Comment