ထိုင်း YPN စက်ရုံမှ နစ်နာကြေး ဘတ် ၁ သန်းကျော် မြန်မာ အလုပ်သမားများ ရရှိမည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမူပါကန် အရပ်ရှိ ကားအပို ပစ္စည်းများ ထုတ်လုပ်သော YNP (Yar Na Pund) ကုမ္ပဏီမှ အ လုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာ အလုပ်သမား ၆၅ ဦးအတွက် နစ်နာကြေး ထိုင်းဘတ်ငွေ တသန်းကျော်ကို လျော်ကြေး ပေး ထားပြီ ဖြစ်၍ နစ်နာကြေး ရရှိမည့် အလုပ်သမားများ ဆက်သွယ် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ YNP ကားအပိုပစ္စည်း စက်ရုံမှ ၂၀၁၃ ခုနှစ် အတွင်းက အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာ အလုပ်သမားများသည် ၎င်းတို့၏ လျော်ကြေးငွေ ထုတ်ယူလိုပါက ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ရုံးတွင် လာရောက်၍ ဆက်သွယ်နိုင်ကြောင်း MAT အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။ ဦးကျော်သောင်းက “အလုပ်သမား ၆၅ ဦးအတွက် နစ်နာကြေး ထိုင်းဘတ်ငွေ တသန်းကျော်ရမယ်၊ တယောက်ကို ဘတ် ငွေ ၁၆၅၀၀ စီရမယ်လို့ ထိုင်းရှေ့နေတွေက ဆက်သွယ်လာတာပါ၊ နှစ်တွေကြာပြီ ဆိုတော့ အလုပ်သမားအများ စုဟာ လည်းပဲ ထိုင်းနိုင်ငံထဲမှာ မရှိတော့ပါဘူး၊ ဒီနေ့အထိ တယောက်ပဲ ဆက်သွယ်လာသေးတယ်၊ ငွေက ကိုယ်တိုင်ထုတ်ယူမှ ရနိုင်မှာပါ” ဟု ပြောသည်။ နစ်နာကြေး ရမည့်သူများ အနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေပါကလည်း လာရောက် ထုတ်ယူနိုင်ကြောင်း၊ သေဆုံးသွား ပါကလည်း မိသားစုဝင် တဦးဦး အထောက်အထား အပြည့်အစုံဖြင့် လာရောက် ထုတ်ယူနိုင်ကြောင်း၊ ထို့အတူ နစ်နာ ကြေး ရရှိမည့် အလုပ်သမားများ အနေဖြင့် မိမိတို့ လုပ်အားခများအား အမြန်ဆုံး ထုတ်ယူကြရန် MAT အဖွဲ့ကလည်း နှိုး ဆော်ထားကြောင်း သိရသည်။ YNP ကားအပိုပစ္စည်း စက်ရုံမှ ၂၀၁၃ ခုနှစ်အတွင်း အလုပ်ဖြုတ်ခံရသည့် အလုပ်သမား စုစုပေါင်းသည် ၁၀၆ ဦး ဖြစ်ပြီး အများစုသည် ရခိုင်ပြည်နယ်က ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် Work Permit မရှိဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခံခဲ့ ရသူများ ဖြစ်သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မကြာခဏ အလုပ်မှ ထုတ်ပယ်ခံရခြင်း၊ လုပ်ခလစာ အပြည့်မရခြင်း ပြဿနာ များနှင့်ကြုံတွေ့နေရကြောင်း၊ သို့သော် အလုပ်ရှင်များက နစ်နာကြေး ပေးလေ့မရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက် နေသူများ က ပြောသည်။ မြန်မာအလုပ်သမား ၁၀၀ ကျော်သည် လုပ်အားခ မရ၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အလုပ်မှထွက်ခဲ့ကြကြောင်း၊ ထို့ ကြောင့် လုပ်အားခ မပေးသည့် အလုပ်ရှင်အား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း၊ အလုပ်သမားအရေး ဆောင်ရွက် ပေးနေသည့် AAC မဟာမိတ် အဖွဲ့မှ ဦးခိုင်ကြီး က ဧရာဝတီ ကို ပြောသည်။ ၎င်းက “ချအမ် ပင်လယ်ကမ်းခြေက ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက လူတွေပါ၊ အလုပ်ရှင်က လုပ်အားခ မပေး တဲ့အပြင် အလုပ်ကပါ မောင်းထုတ်လို့ ကျနော်တို့ဆီကို အကူအညီ တောင်းတယ်၊ အဲဒါကြောင့် တရားစွဲပေးဖို့ ပြင်ဆင် နေ တယ်၊ တချို့အတွက်လည်း စွဲထားပြီးပါပြီ” ဟု ဆိုသည်။ ထိုဟိုတယ် လုပ်ငန်းခွင်၌ လုပ်အားခ မရသည့် အလုပ်သမား ဦးရေ စုစုပေါင်း ၂၀၀ ကျော်အနက် မြန်မာ နိုင်ငံသား ၁၀၀ ကျော် ပါဝင်ပြီး ကျန်သူများသည် ကမ္ဘောဒီးယား နိုင်ငံမှ ဖြစ်ကြောင်း၊ အလုပ်သမား တဦးလျှင် ထိုင်းဘတ်ငွေ ၂ သောင်းမှ ၃ သောင်းကျော် အထိ ရရှိမည် ဖြစ်ကြောင်း ဦးခိုင်ကြီး က ပြောသည်။ ထိုင်းနိုင်ငံ၌ အလုပ်သမား ဥပဒေသစ် တရပ်အား ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်၍ ဖမ်းဆီးမှုများ လုပ်ဆောင်ပြီးနောက် တရားမဝင် မြန်မာနိုင်ငံသား သိန်းချီ၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြရသေးသည်။ ပြည်ပနိုင်ငံများမှ အလုပ်သမား အများအပြားသည် ထိုင်းနိုင်ငံ အတွင်းမှ ထွက်ခွာခဲ့ကြပြီးနောက် ထိုင်း အလုပ်သမား ဥပဒေ သစ်အား ရွှေ့ဆိုင်ထားခဲ့သည်။ ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား ၃ သန်းဝန်းကျင်ရှိပြီး တရားဝင် အထောက်အထားရှိသူ ၂ သန်း ၂ သိန်းကျော် ရှိကြောင်း မြန်မာ အစိုးရက ထုတ်ပြန်ထားသည်။ အလုပ်သမား အရေးဆောင်ရွက်သူများက ထိုင်းရောက် မြန်မာ ၄ သန်းကျော်ရှိကြောင်း ပြောဆိုကြသည်။ The post ထိုင်း YPN စက်ရုံမှ နစ်နာကြေး ဘတ် ၁ သန်းကျော် မြန်မာ အလုပ်သမားများ ရရှိမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2f9Sxjh
via IFTTT
No comments:
Post a Comment