အောင်လအန်ဆန် နှစ်ထပ်ကွမ်းချန်ပီယံ သမိုင်းသစ် ရေးထိုးခဲ့ပြီ အောင်လအန်ဆန် ဟူသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သားတဦးကတော့ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ့ ဂုဏ် ဆောင် အားကစားသမား တဦးအဖြစ် သမိုင်းသစ် ရေးထိုးခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် လိုက်ဟဲဗီးဝိတ် ရွှေခါးပတ် လုပွဲ၌ ပြိုင်ဘက် မာချာဒိုအား ပထမအချီ ၅၆ စက္ကန့်မှာပင် အလဲထိုး အနိုင်ယူပြီးနောက် အောင်လအန်ဆန်မှာ ဝမ်းချန်ပီယံ ရှစ် သမိုင်း၌ မရှိဘူးသေးသည့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဟူသည့် ခါးပတ် ၂ ခုပိုင်ရှင် နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ် ချန်ပီယံမှာ အသက်အရွယ်အရ ကစားသမားဘဝမှ အနားယူသွားသောကြောင့် လစ်လပ် နေသည့် ရွှေခါးပတ်ဆု အတွက် မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လနှင့် ပြိုင်ဘက်ကို ချုပ်ကိုင်ရာတွင် အထူး ကျွမ်းကျင် သူ မာချာဒိုတို့ ထိုးသတ်ရန် ဝမ်းချန်ပီယံရှစ် အဖွဲ့က Quest For Gold ပွဲကို ရန်ကုန်မြို့တွင် စီစဉ်ခဲ့ခြင်းဖြစ် သည်။ မာချာဒိုမှာ ပြိုင်ဘက်ကို မလှုပ်ရှားနိုင်ဘဲ အရှုံးပေးသွားအောင် ချုပ်ကိုင်သည့် ဘရာဇီးဂျူဂျစ်ဆု ခါးပတ်နက် တဦးဖြစ်ပြီး ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ တဦးလည်း ဖြစ်သည့်အတွက် အောင်လအန်ဆန် နှင့် အကြိတ်အနယ် တိုက်ခိုက်ပြီး ချန်ပီယံ ခါးပတ် အတွက် အသည်းကောင်းကောင်း ဇွဲကောင်းကောင်းဖြင့် ထိုးသတ်ကြမည်ဟု ပရိသတ်အများစုက ထင်မှတ်ထားခဲ့ ကြသည်။ သို့သော်ပြိုင်ဘက်ကို လျင်မြန်စွာ အဆုံးသတ် တိုက်ခိုက်တတ်သည့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ မြန်မာပြည်ဖွား အောင်လအန်ဆန် က ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ မာချာဒိုကို ပထမအချီ ၅၆ စက္ကန့်တွင် ခြေကန်ချက် တချက်တည်းဖြင့် ပွဲသိမ်းခဲ့သည့် အတွက် အောင်လအန်ဆန် ၏ စွမ်းဆောင်မှုအပေါ် ပြည်တွင်းပြည်ပမှ မြန်မာ ပရိသတ်များ ပါးစပ် အဟောင်း သားဖြင့် အံ့သြမင်တက် ခဲ့ကြသည်။ တကယ်တမ်း အောင်လအန်ဆန် ယှဉ်ပြိုင်ခဲ့သည့် ပွဲမှတ်တမ်းများကို ပြန်ကြည့်လျှင် မာချာဒိုကို ပထမအချီနှင့် အနိုင်ယူ ခဲ့သည့် ရလဒ်က အလွန်အမင်း အံ့သြဖွယ်ရာ မဟုတ်ပါ။ ၂၀၀၅ ခုနှစ်ကတည်းက တိုက်ခိုက်ရေး အားကစားလောကသို့ ဝင်ရောက်ခဲ့သည့် အောင်လအန်ဆန် အနေဖြင့် ၁၃ နှစ်တာ ကာလအတွင်း ၃၁ ပွဲထိုး၊ ၂၁ ပွဲနိုင် ၁၀ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းယှဉ်ပြိုင် အနိုင်ယူခဲ့သည့် ပြိုင်ဘက် ၂၁ ဦးအနက် ၁၅ ဦးကို ပထမအချီမှာပင် အနိုင်ထိုးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်းချန်ပီယံရှစ်က အောင်လအန်ဆန် ၏ Finishing Rate (ပြိုင်ဘက်အား အဆုံးသတ် အနိုင်ယူသည့် စွမ်းဆောင်ရည်) ကို ၉၀ ရာခိုင်နှုန်းအထိ သတ်မှတ် ပေးထားခဲ့သည်။ ယခုလို Finishing Rate မြင့်မားသည့် ပြိုင်ဘက်လည်း ဖြစ်ပြီး မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလည်း ဖြစ်နေသည့် အောင်လ အန်ဆန် ၏ ညာခြေကန်ချက်ကို ခပ်ပေါ့ပေါ့ သဘောထား ကာကာကွယ်မှု သေချာမလုပ်ခဲ့သည့် အတွက် အဆိုပါ ခြေကန်ချက် တချက်တည်းဖြင့် မာချာဒို တယောက် ဖင်ထိုင်လျက် လဲကျကာ အရှုံးပေးခဲ့ရသည်။ ထို့ကြောင့် အောင်လအန်ဆန် ကို ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ဘရာဇီးသား မာချာဒို၏ ကစားသမားဘဝ သက်တမ်း တလျှောက် အလျင်မြန်ဆုံး ရှုံးနိမ့်သည့် ပွဲစဉ်အဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။ အောင်လအန်ဆန် အတွက်တော့ မာချာဒိုမှာ ပထမအချီမှာပင် ထိုးသတ်အနိုင်ယူခဲ့သည့် ၁၆ ဦးမြောက် ပြိုင်ဘက်ဖြစ်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ဟူသည့် ခါးပတ် ၂ ခုပိုင်ရှင် နှစ်ထပ်ကွမ်း ချန်ပီယံဘွဲ့ ခံယူ ကာ မြန်မာနိုင်ငံ ဂုဏ်ဆောင် အားကစားသမား တဦးအဖြစ် ဝမ်းချန်ပီယံရှစ် တွင် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။ ချန်ပီယံခါးပတ် လုပွဲတွင် အောင်လအန်ဆန်က မာချာဒိုအား စက္ကန့်ပိုင်းအတွင်း အနိုင်ယူထိုးသတ် နိုင်ခဲ့သည့် အပေါ် ဝမ်းသာကြသူများ ရှိသလို အောင်လ၏ ထိုးသတ်မှုကို ခေတ္တခဏသာ ကြည့်ခွင့်ရသည့် အတွက် မချင့်မရဲ ဖြစ်ကြသည့် ပရိသတ် များစွာလည်း ရှိခဲ့သည်။ “ကျနော်တို့က အောင်လ ထိုးတဲ့ပွဲကြည့်ဖို့ တညနေလုံး အချိန်ပေး ထိုင်စောင့်ကြည့်နေတာ။ အနည်းဆုံးတော့ ဒုတိယအချီ အထိတော့ အကြိတ်အနယ် ထိုးရလိမ့်မယ် ထင်ထားတာ။ တကယ်တမ်းထိုးတော့ စက္ကန့်ပိုင်းလေးပဲကြာပြီး ပွဲသိမ်းသွား တော့ ကြည့်ရတာ သိပ်အားမရဘူးပေါ့ဗျာ။ ချန်ပီယံလုပွဲဆိုတော့ အကြိတ်အနယ် ရှိစေချင်တာတော့ အမှန်ပဲ။ ဒါပေမယ့် အောင်လနိုင်တဲ့ အတွက်တော့ ဝမ်းသာပါတယ်”ဟု ရန်ကုန်မြို့မှ ဝမ်းချန်ပီယံရှစ် အားပေးသူ ပရိသတ် ဦးစိုးမိုး ကပြော သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အသုံးပြု ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတို့ ထုံးစံအရ ကြိုးဝိုင်းထဲတွင် ပြိုင်ဘက်ကို အခွင့်အရေး ပေးလေ့မရှိဘဲ မြန်နိုင်သမျှ အမြန်ဆုံးပွဲသိမ်းနိုင်အောင် ကြိုးပမ်းရသည့်နည်းတူ အောင်လအန်ဆန် သည်လည်း ဒုတိယ မြောက် ချန်ပီယံရွှေခါးပတ် အတွက် မာချာဒိုအား အမြန်ဆုံး ပွဲသိမ်းခဲ့ခြင်း ဖြစ်သည်။ “အခုလိုခါးပတ် ၂ ခု ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ်မှာ ဘုရားသခင်ကို ဦးစွာကျေးဇူးတင်တယ်။ ကျနော့် မိတ်ဆွေ များနဲ့ ကျနော့်အပေါ် အကောင်းဆုံး အားပေးကူညီတဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော့်ကို သားသမီးလို ချစ်ခင်အားပေးတဲ့ အမိမြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အောင်လအန်ဆန် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသား ပြောဆိုသည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကစတင်၍ ဝမ်းချန်ပီယံရှစ် အဖွဲ့၏ MMA ပြိုင်ပွဲများ ထိုးသတ်ခဲ့ရာ လက်ရှိ မာချာဒိုနှင့် ပွဲစဉ်အပါအဝင် ၅ ပွဲ ထိုးသတ်ခဲ့ရာ ၅ ပွဲလုံး အနိုင်ရရှိပြီး ၎င်းမွေးဖွားသည့် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေသည့် မှတ်တမ်းကို စိုက်ထူထားနိုင်ခဲ့သည်။ လက်ရှိတွင် MMA ဖိုက်တာ အောင်လအန်ဆန်သည် ၎င်းအသက်အရွယ်နှင့် ဝိတ်တန်းအရ ရရှိနိုင်သည့် လိုက် ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုစလုံးကို ရရှိထားပြီဖြစ်ရာ မကြာသော အချိန်တွင် စိန်ခေါ်သူ များနှင့် ချန်ပီယံခါးပတ် ၂ ခုကို ကာကွယ်ရမည့် ပွဲစဉ်များစွာ ရင်ဆိုင် ထိုးသတ်ရဖွယ် ရှိနေသည်။ မြန်မာ့ဂုဏ်ဆောင် ၂ ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန် အနေဖြင့် ဘယ်အချိန် အတိုင်းအတာအထိ ၎င်းရရှိထားသော ချန်ပီယံ ခါးပတ်များကို ကာကွယ်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါသည်။ ။ The post အောင်လအန်ဆန် နှစ်ထပ်ကွမ်းချန်ပီယံ သမိုင်းသစ် ရေးထိုးခဲ့ပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2EUTbZY
via IFTTT
No comments:
Post a Comment