တရားမဝင် ကုန်သွယ်မှုကြောင့် ပြည်တွင်း SME လုပ်ငန်းများ ထိခိုက်နေဟု ဆို တရားမဝင် ကုန်သွယ်မှုများကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစက်မှု၊ လက်မှု (SME) လုပ်ငန်း များစွာ ထိခိုက် မှုများ ရှိနေကြောင်း အသေးစားနှင့် အလတ်စားစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရ သည်။ ယင်းကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက “တဖက်က တရားမဝင် ဝင်လာတဲ့ ကုန်ပစ္စည်းတွေသည် နံပါတ် ၁ အရည် အသွေး စံချိန်စံညွှန်း ဘယ်သူမှ တာဝန်မခံနိုင်ပါဘူး။ သုံးစွဲရန် သင့် မသင့် ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ တချို့ ဆေးဝါးဆိုရင် သောက်သုံးလိုက်ရင် ချက်ချင်း အန္တရာယ် ဖြစ်နိုင်တယ်။ တချို့ စားသောက်ကုန်တွေ ဆိုရင် ချက်ချင်း မဖြစ်ပေမယ့် ရေရှည် စားသုံးရင် ဘေးထွက် ဆိုးကျိုးတွေ နောက်ထပ်ရောဂါတွေ ဖြစ်နိုင်တယ် ဆိုတဲ့ ကိစ္စက အမျိုးသား ရေးနဲ့ လည်း သက်ဆိုင်ပါတယ်”ဟု ပြောသည်။ လက်ရှိ၌ တရားမဝင် ပြည်တွင်းသို့ ဝင်ရောက်လာသော ကုန်ပစ္စည်းများမှာ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါး ပစ္စည်း များ ဖြစ်ပြီး ယင်းပစ္စည်းများမှာ ပြည်သူများ၏ ကျန်းမာရေး ထိခိုက်စေနိုင် သကဲ့သို့ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ များ မရရှိသည့်အပြင် ဈေးပေါပေါနှင့် ဝင်ရောက်ခြင်း ဖြစ်သောကြောင့် ပြည်တွင်း အသေးစား လုပ်ငန်းများမှာ ယှဉ်ပြိုင် နိုင်ခြင်း မရှိ၍ ထိခိုက်မှုများ ဖြစ်နေကြောင်း သိရသည်။ ဒေါက်တာ အောင်သိန်းက “ဒါမျိုးက တရားမဝင် သွင်းလာတာတဲ့ အတွက် အခွန်အခတွေ မပေးရတာကြောင့် တရားဝင် ပေးပြီးတော့ သွင်းလာတဲ့ လုပ်ငန်းတွေထက် ဈေးနှုန်းအားဖြင့် ယှဉ်ပြိုင် မရောင်းချနိုင်ပါဘူး။ အရည် အသွေး လည်း မတူတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဈေးနှုန်းခြင်း တန်းတူထား မရောင်းနိုင်ပါဘူး”ဟု ပြောသည်။ ထိုသို့ကဲ့သို့ တရားမဝင် ဝင်ရောက်လာသော ပစ္စည်းများနှင့် ပြည်တွင်းရှိ SME ကုန်သွယ်မှု လုပ်ငန်းများ ထုတ်လုပ်သည့် လုပ်ငန်းများမှ ယှဉ်ပြိုင် ထုတ်လုပ် ရောင်းချမည်ဆိုလျှင် မဖြစ်နိုင်သည့် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။ ဒေါက်တာ အောင်သိန်းက “လျှပ်စစ်မရှိဘဲ ဒီနေ့ ဘာမှ လုပ်လို့မရဘူး။ နောက်တခုက တရားမဝင် ကုန်သွယ်မှုကြောင့် ကုန်ထုတ်လုပ်မှုရှိတဲ့ SME ရော၊ ကုန်သွယ်မှုလုပ်နေတဲ့ SME တွေပါ ဆိုးရွားစွာ ထိခိုက်နေတဲ့ အနေအထား ၂ ရပ် ဖြစ်ပါ တယ်”ဟု ပြောဆိုသည်။ ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော အချက်များမှာ အခြားနိုင်ငံများ ကဲ့သို့ပင် ငွေကြေး အရင်းအနှီး၊ ဈေးကွက်၊ နည်းပညာနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ တူညီကြသော်လည်း အခြားနိုင်ငံနှင့် မတူညီသည့် အချက်မှာ လျှပ်စစ်မီး လုံလောက်စွာရရှိမှု မရှိခြင်းနှင့် နယ်စပ်မှတဆင့် တရားမဝင် ကုုန်ပစ္စည်းများ ဝင်ရောက် နေသောကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။ ယင်း အခက်အခဲများကို SME လုပ်ငန်းအများစုမှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကျင်းပသည့် ဖိုရမ်တွင် တင်ပြထားခြင်း ဖြစ်ပြီး SME ဟုဆိုရာတွင် စက်မှုကဏ္ဍ၊ ကုန်သွယ်မှု ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍ စသည့် ၃ ရပ်လုံးနှင့် သက်ဆိုင်ကြောင်း ဒေါက်တာ အောင်သိန်းက ဆက်လက် ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်အောက်ရှိ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် ကမူ“SME တွေရဲ့ အနေအထားကတော့ မှောင်ခိုကြောင့် ထိခိုက်တယ် ဆိုတာထက် ယှဉ်ပြိုင် နိုင်စွမ်း ရှိအောင် ကိုယ့်ဘက်က လုပ်ဖို့ကတော့ လိုအပ် လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အစိုးရပိုင်းကလည်း SME တွေ လိုအပ်တဲ့ ချေးငွေ တွေ ရရှိဖို့ လုပ်ပေးနေတယ်။ တပိုင်းကလည်း နည်းပညာ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်အောင် လုပ်ပေး နေတာ ရှိတယ်” ဟု ပြောဆိုသည်။ ၎င်းက ဆက်လက်၍ တရားမဝင် ကုန်သွယ်မှုကြောင့် SME လုပ်ငန်းအားလုံး ထိခိုက်ခြင်းမဟုတ်ဘဲ တချို့ကဏ္ဍများတွင် သာ သက်ရောက်မှု ရှိနေခြင်းဖြစ်ကြောင်း ပြောသည်။ ဦးဝင်းမြင့်က “အကုန်လုံးအတွက်တော့ အကျုံးမဝင်ပါဘူး။ CMP (လက်ခစား စနစ်) ဆိုလည်း SME ထဲ ပါတာပဲလေ။ သူ့မှာက ကုန်သွယ်မှု တိုးလာနေတယ်။ မှောင်ခိုကြောင့်လို့ တခုတည်း ပြောရင်တော့ မပြည့်စုံဘူး။ တချို့သော လုပ်ငန်း တွေ ထိခိုက်မှုရှိတယ် ဆိုတာက ကဏ္ဍ ပေါင်းစုံရှိတယ်။ ကုန်သွယ်မှုက ဆရာတို့ စီးပွားကူးသန်း တခုတည်းနဲ့ မရဘူး။ ပုဂ္ဂလိက ကဏ္ဍရော၊ အစိုးရရော ၂ ခုပေါင်းတဲ့အခါမှာ အစိုးရဘက်မှာလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ရှိတယ်။ ဒီဌာနတွေ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ပြောဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့်လည်း SME လုပ်ငန်းများနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေး ပွဲများ၊ ကုန်ပစ္စည်း ထုတ်လုပ်မှု ပုံစံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့် ထုတ်လုပ်သည့် အဆင့်မှ ပြည်ပနိုင်ငံ များနှင့် ကုန်သွယ်မှု အဆင့်ထိ ရောက်ရှိရန် လုပ်ဆောင်ပေးခြင်းများကို ပြုလုပ်ပေးလျက် ရှိကြောင်း ၎င်းက ပြောသည်။ “ဒါကြောင့် ကိုယ့်ဘက်ကသာ နည်းပညာ ကောင်းကောင်းနဲ့ ကုန်စည်တွေကို လိုအပ်တဲ့ အချိန်အတွင်း ဈေးကွက် အတွင်း ပို့ပေးနိုင်မယ် ဆိုရင် အခက်အခဲတွေကို ကျော်လွှား သွားနိုင်မှာဖြစ်တယ်”ဟုလည်း ဦးဝင်းမြင့်က ဆက်ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် စီးပွားရေး လုပ်ငန်းစုစုပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိသည့် အနက် SME လုပ်ငန်း ၉၈ ရာခိုင်နှုန်းရှိပြီး ရန်ကုန်မြို့တွင် SME လုပ်ငန်း စုစုပေါင်း ၈ ထောင်ကျော်ရှိ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် မြို့နယ်အလိုက် SME လုပ်ငန်းများကို စာရင်းကောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ The post တရားမဝင် ကုန်သွယ်မှုကြောင့် ပြည်တွင်း SME လုပ်ငန်းများ ထိခိုက်နေဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2GIbSAG
via IFTTT
No comments:
Post a Comment