Saturday, February 24, 2018


လုပ်ငန်းရှင်တွေ နှာခေါင်းဖော်ရုံ နေတာမဟုတ်ဘဲ အောက်ဆီဂျင်ဗူးနဲ့ ရေအောက်ထဲကို ရောက်နေတာ မြန်မာနိုင်ငံ၏ စီးပွားရေးကို မောင်းနှင်နေသော ကဏ္ဍကြီးများတွင် ဆောက်လုပ်ရေးမှာ အဓိကကဏ္ဍ ၁ ရပ် အဖြစ် ပါဝင်နေသည်။ NLD အစိုးရ စတင် တာဝန်ယူချိန် ၂၀၁၅ ခုနှစ်ကစ၍ ဆောက်လုပ်ရေး ကဏ္ဍ လည်ပတ်မှု တဖြည်းဖြည်း ကျဆင်းလာပြီး ယခု ၂ နှစ်ကျော် ကာလတိုင် ပြန်လည် ဦးမမော့နိုင် သေးပေ။ လက်ရှိ တိုက်ခန်း၊ ကွန်ဒိုဝယ်ယူမှုများလည်း အရောင်းအဝယ်အေးနေပြီး လုပ်ကိုင်သူများမှာ အရောင်း အဝယ် မကောင်း ခြင်း၊ ဘဏ်ချေးငွေဖြင့် ရယူရာတွင် အတိုးနှုန်းကြီးမြင့်စွာပေးနေရခြင်း အခက်အခဲ များကိုလည်း ကြုံတွေ့ နေရသည်။ ဤအခက်အခဲများနှင့် ပတ်သက်၍ အခွန်၊ ဘဏ်ချေးငွေ၊ အတိုးနှုန်း၊ အရစ်ကျ ဝယ်ယူနိုင်ရေး၊ တည် ဆောက်ရေး ခွင့်ပြုမိန့် ကာလ သတ်မှတ်ရေး၊ နိုင်ငံတော် စီမံကိန်းများ အကောင်အထည်ဖော်ရေး စသည့် ၆ ချက်ကို ဖြေလျော့ပေးရန် ရန်ကုန် နှင့် မန္တလေးမြို့များရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် ဆက်နွယ်ပတ်သက်သူများက တောင်းဆိုထားသည်။ ထိုသို့ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများ ပတ်သက်ပြီး ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည်။ မေး။ ။ ဆောက်လုပ်ရေးကဏ္ဍမှာ အခက်အခဲတွေ အများကြီးကြုံနေရတယ်လို့ သိရတယ်။ အဓိက အခက်အခဲ တွေက ဘာတွေလဲ။ ဖြေ။ ။ လောလောဆယ် အဓိကအချက်ကတော့ ဆောက်နေတဲ့ အဆောက်အဦးတွေကို ရောင်းဖို့ပါ၊ ရောင်းလို့လည်ပတ်သွားရင် ဘဏ်ချေးငွေအဆင့်ထိ မရောက်ဘူး။ တကယ်လို့ ရောင်းလို့မရဘူး အခက်အခဲ ရှိတယ်ဆိုရင် ငွေတွေထပ်လို တယ်။ ဘဏ်ချေးငွေနဲ့ လုပ်ရတာ ဖြစ်တယ်။ အခုဘာဖြစ်နေ လဲဆိုတော့ အရောင်းအဝယ်ပိုင်း နှေးသွားတယ်။ နံပါတ် ၁ အရောင်းအဝယ်လို့ ပြောတဲ့အခါ လူတွေကနေ ပြန်ပြီး တုံ့ပြန်တဲ့ အချက်တချက်ရှိတယ်။ အဲဒါက “စောင့်ကြည့် ပါဦးမယ်ဆိုတဲ့” စကားလုံးလေး ဖြစ်တယ်။ ဒီစကားလုံးလေးရဲ့ အဓိပ္ပါယ်က တော်တော်လေး သိမ်သိမ်မွေ့မွေ့ဖြစ်တယ်။ နောက်စကားလုံး တလုံးက “အခွန်တွေ ဈေးကြီးလွန်းနေတယ်” ဒါက ဒုတိယ အချက်ဖြစ်တာပေါ့ လေ။ ဒီ ၂ချက် တော်တော်လေးခက်တယ်။ ဒါကြောင့် တိုက်ခန်း၊ ကွန်ဒိုတွေ မရောင်းရဘဲ ချေးငွေနဲ့ပဲ ဆက်ပြီးအလုပ်လုပ်ရတယ်ပေါ့၊ လုပ်နေရင်း ဆက်ရောင်းဖို့ လုပ်တဲ့အခါ အပေါ်ကပြောတဲ့ အချက်တွေနဲ့ပဲ ခက်နေပြန်ရော။ ဒီကြားထဲမှာ ထပ်ပြီး ဘဏ်တွေက အာမခံ လုံလောက်အောင် တင်ပါ။ စည်းကမ်းစနစ်တကျ ရေးဆွဲပြီး အလုပ်တွေ တင် ထားပါ။ ဒါဆိုရင် စီမံကိန်းတွေကို ငွေဆက်ပြီး ချေးသွားမယ်ဆိုတဲ့ချိန် ဗဟိုဘဏ်ကနေ စည်းကမ်းတွေ ထပ်ပြီးထုတ်လိုက်တယ်။ ပထမချေးထားတဲ့ငွေ ပြန်တောင်းတယ်။ ဘဏ် ချေးငွေ ပြန်ပေးဖို့ဆိုတာက အလုပ်လုပ်သူတွေအနေနဲ့ ငွေက အဆောက်အဦးထဲ ထည့်လိုက်ပြီ။ ဘဏ်က ပထမ ချေးတဲ့ငွေတွေလည်း ထည့်လိုက်ပြီ။ ဒီငွေတွေကို ဆပ်ဖို့ဆိုတာ ဒီအဆောက်အဦးတွေ ကို ရောင်းမှ ဆပ်ဖို့ဖြစ်မယ်။ ဒါမှမဟုတ် ဒီအဆောက်အဦးတွေကို နှစ်ရှည် အငှားချရင် ဝင်ငွေတခု ပြန်ရမှ ဆပ်လို့ရမှာ ဖြစ်တယ်။ အဲဒီအချိန်မှာ ငွေပြန် တောင်းတဲ့အခါကျတော့ အားလုံးရပ်သွားတာ ဖြစ်တယ်။ နိုင်ငံခြားဘဏ်တွေကနေ ကျနော်တို့ ငွေသွားချေးဖို့ ဆိုတာ ခက်သေးတယ်။ အစိုးရဘဏ်ကနေ ငွေချေးလို့ရမလား ဆိုတော့ ဒါလည်း ခက်နေသေးတယ်။ အဆင်မပြေဘူး။ ဒါကြောင့် ငွေတွေ အကုန် လုံးရပ်ဆိုင်းသွားတယ်။ ငွေတွေရပ်ဆိုင်း သွားပြီးတော့ လုပ်ငန်းတွေထပ်ပြီး ရပ်တဲ့အဆင့်ကို ရောက်လာတာပါ။ မေး။ ။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ပြောတဲ့အတွက် ဆောက်လုပ်ရေးလောကမှာ အခုဆိုရင် လုပ်ငန်းဘယ်နှစ်ခု လောက် ရပ်ဆိုင်းနေပြီလဲ။ ဖြေ။ ။ ဒီနေရာမှာ အပိုင်း ၂ ပိုင်းခွဲပြီးတော့ ပြောချင်ပါတယ်။ ကျနော်တို့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း ၂၀၁၆ ခုနှစ်လောက်မှာ အလုပ်ဆက်လုပ်ဖို့ ပါလာတဲ့ စီမံကိန်းတွေက ၂၀၁၅ ခုနှစ် မတိုင်ခင်လောက် အထိ မရှိတော့ဘူး။ အဲဒီတော့တချို့ စီမံကိန်း မှာ ၁၀ ခုရှိတယ်ဆိုပါစို့။ ၂၀၁၅ နှစ်ကုန်ပိုင်း လောက်မှာ ပြီးအောင်လုပ်တယ်။ အပြီးသတ်လိုက်တယ် အဲဒါက ရာခိုင် နှုန်း ၅၀ လောက်ရှိမယ် ထင်တယ်။ ကျန်တဲ့ လက်ကျန် ၅၀ လောက်က ၂၀၁၆ ခုနှစ်လောက်ထဲမှာ ဆက်လုပ်ကြတယ်။ ဒီထဲမှာ ၂၀ ရာခိုင်နူန်းလောက်က ရပ်သွားပြီး ကျန်တဲ့ ၃၀ ရာခိုင်နူန်းလောက်ကလည်း ရပ်ဖို့၊ အရှိန်တွေ လျှော့ချဖို့ ပြင်နေတယ်။ ဆောက်လုပ်ရေး လုပ်ငန်း ရပ်တယ်ဆိုရင် လုပ်ငန်းကို မှီနေတဲ့ လူတွေရဲ့ အလုပ်တွေ ရပ်သွားတာပဲ။ သူဌေး၊ ပညာရှင် စတဲ့ ဝန်ထမ်းတွေက လခများတယ်။ စုဆောင်းမှု တခုရှိတယ်။ အဲဒီတော့ နည်းနည်း ခံသာတယ်။ ဒါပေမယ့် အခြေခံ လုပ် သားတွေကြတော့ နေ့စား လုပ်အားခနဲ့ သူ့စားဝတ်နေရေး ဖြေရှင်းနေရတာကြောင့် ရပ်တာနဲ့ ချက်ချင်းခံရတယ်။ ဒီနေ့ရပ်ရင် ဒီနေ့ဝင်ငွေ မရှိဘူး။ ဒါဆိုရင် မနက်ဖြန်အတွက် စားဝတ်နေရေး ပြဿနာတွေ ရှိလာမယ်။ ဒါတွေကို ဆက်စပ်ရိုက်ခတ် လာမယ့် ဟာတွေက ကြီးမားပါတယ်။ မေး။ ။ မန္တလေးမှာ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ အခက်အခဲတွေတင်ပြတဲ့ ပွဲရဲ့အဖြေနဲ့ ရလာဒ်က ဘယ်လိုရှိပါသလဲ။ ရန်ကုန်မှာ ဆောက်လုပ်ရေးလုပ်ငန်း အခက်အခဲတွေကို တိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ သိအောင်ပြောကြားတဲ့ ပွဲရဲ့ ရလာဒ်ကိုရော ဘယ်လိုမျှော်လင့်ထားပါသလဲ ဖြေ။ ။ မန္တလေးပွဲ ပြီးတဲ့အခါ ရန်ကုန်မှာ ဆက်လုပ်ဖို့ ပြင်တယ်။ ဒီကာလမှာ ပြည်ထောင်စု အခွန် အကောက်ဥပဒေ ဆိုပြီး တော့ မူကြမ်းထွက်လာတယ်။ ဒါကတိုက်ဆိုင်မှုလည်း ဖြစ်နိုင်တယ်။ အကူ အညီပေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံတော်က အကူညီပေးတယ်လို့ ယုံကြည်တယ်။ ကျနော်တို့ တင်ပြတဲ့ အချက် ၆ ချက်မှာ အချက် ၄ ပေါ့၊ အခွန်နူန်းထားတွေ လျှော့ချပေးတဲ့ အချက် ၁ ချက်ပါလာ တာတွေ့ ရတယ်။ နိုင်ငံတော်က ဖြေလျှော့ပေးတဲ့ အချက်က ပိုပြီး ကောင်းနေတယ်။ ကျနော်တို့က ၅ ရာခိုင်နူန်းကို ယာယီ ၂ နှစ် လျှော့ချပေးပါ ပြောခဲ့တယ်။ အခုကတော့ ၃ ရာခိုင်နူန်းကနေ ၅ ရာခိုင်နူန်းပေါ့ လျှော့ပေးလိုက်တယ်။ ဒီလျှော့ပေးလိုက်တာက ဆောက်လုပ်ရေး လုပ်ငန်းတခုထဲမဟုတ်ဘူး။ ဘယ်ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ဖြစ် ဘယ်အဆောက်အဦးပဲ ဖြစ်ဖြစ် ဘယ်အရောင်းအဝယ်ပဲ ဖြစ်ဖြစ် ဝင်ငွေခွန်ကို လျှော့ပေးလိုက် တာဖြစ် တယ်။ ဒါက မန္တလေးပွဲရဲ့ ရလာဒ်လို့ ထင်ပါတယ်။ ရန်ကုန်ကတော့ ဆက်ပြီးသွားမှာ ပေါ့လေ။ အခွန်နဲ့ ပတ်သက်ပြီး ဆက်ပြီးပြောကြရအုံးမှာပဲ ဖြစ်တယ်။ နောက်တခုက ချေးငွေကို နှစ်ကာလ စီမံကိန်းကာလ အလျောက်ချေးပေးဖို့ပါ။ မေး။ ။ လုပ်ငန်းရှင်များကို ချေးတဲ့ ချေးငွေကို ၃ နှစ်လို့ ထုတ်ပြန်လိုက်တဲ့အပေါ်ဘယ်လို ကြုံရသလဲ။ တောင်းဆိုတဲ့ အထဲမှာလဲ ချေးငွေကာလ တိုးမြင့်ပေးဖို့ပါတဲ့အတွက် ဘယ်လောက်အထိ တိုးမြင့်ပေး စေလိုတာလဲ။ ဖြေ။ ။ စီမံကိန်းက မပြီးသေးဘူး။ ချေးငွေကာလက ပြည့်ပြီ ဆိုရင် ကျနော်တို့ စီမံကိန်း အကြီးကြီး တွေ လုပ်ဖို့ ခက်နေတဲ့ သဘောပေါ့ ဒါကိုလည်း ဆက်ပြီးတော့ တင်ပြသွားမှာပါ။ ကျနော်တို့လုပ်ငန်းက ၃ နှစ်တွေ ၂ နှစ်တွေ လုပ်ရတာမဟုတ်ပါဘူး။ စီမံကိန်းအလိုက်ပေါ့ ဥပမာ စက်ရုံအကြီးကြီးတခု တည်ဆောက်တယ် ဆိုပါစို့ စက်ရုံရဲ့ သက်တမ်းက ၃ နှစ်လောက် အချိန်ယူ တည်ရတဲ့ စက်ရုံမျိုးဖြစ်တယ်။ ၃ နှစ်ပဲ ချေးငွေပေးတယ်ဆိုရင် ဒီရတဲ့ ချေးငွေနဲ့ စက်ရုံက ဆောက်ပြီး တုန်းပဲ ရှိသေးတယ်။ လည်ပတ်တာတွေ မပါသေးဘူး။ အဲဒီတော့ ချေးတဲ့ငွေကို ပြန်မပေးနိုင်သေးဘူး။ သူက ၃ နှစ်မှာ အပြီးပြန်ပေးဆိုတော့ လုပ်ငန်းအကြီး တွေ စက်ရုံအကြီးတွေက အခက်အခဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့တင်ပြတာ စီမံကိန်း အရွယ် အစား အလိုက်ချေးငွေတွေကို ပေးဖို့ ဖြစ်ပါတယ်။ ၁၀ နှစ်လောက်ရှိတဲ့ စီမံကိန်းက တိုင်းပြည်အတွက် တကယ် အကျိုးရှိတယ်ဆိုရင် ၃ နှစ်မဟုတ်ဘူး။ ၁၀ နှစ်ပေး ပေပါပေါ့။ ဒါမှမဟုတ် ၅ နှစ်ပေးပါပေါ့။ ကျနော်တို့ ဖြစ်စေချင်တာကတော့ စီမံကိန်း အရွယ်အစားအလိုက်၊ ကြာမယ့် ပေါ်မှာ ကာလ သတ်မှတ်ပေးပြီး ချေးငွေပေးဖို့ပါ။ မေး။ ။ အရင်က ဘဏ်ချေးငွေတွေ ပေးရင် ဘယ်လောက်အထိ အချိန်ကာလ သတ်မှတ်ပေးတာရှိပါ သလဲ ။ ဖြေ။ ။ အရင်တုန်းကလည်း ၁ နှစ်ပဲ။ ဘဏ်ချေးငွေ ကာလကို ပြောပါတယ်။ ဒါပေမယ့် ဒီ ၁နှစ် ကာလက ဘာလဲဆိုတော့ သက်တမ်းတိုး သွားလို့ရတယ်။ ဥပမာ ၁ နှစ်ပြည့်ပြီပေါ့။ ပြည့်တဲ့အခါမှာ ပိုက်ဆံလာသွင်းပါပေါ့ ဆိုရင် ပိုက်ဆံသွားသွင်း လိုက်တယ်။ နောက်တပတ်ဆိုရင် ကျနော်တို့ ပြန် ထုတ်လို့ ရပြီ။ ဒီလိုနဲ့ လုပ်လာတဲ့ သဘော။ ဒါပေမယ့် နှစ်တိုချေးငွေ ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှု အကြီးစားတွေ ပေါ်မလာတာကလည်း ဒါနဲ့ တိုက်ရိုက်အချိုးသက် ရောက်တယ်။ ဥပမာ ၂ နှစ် ချေးငွေဆိုရင် ၂ နှစ်နဲ့ သက်ရောက်တဲ့ဟာမျိုးကိုပဲ လူတွေက ပိုစိတ်ဝင်စားကြတယ်။ ရင်းနှီး မြှုပ်နှံမှု နှစ်ရှည်လုပ်ဖို့ ပိုအားနည်းသွားတယ်။ မေး။ ။ အခုဥပဒေကြမ်းမှာက ဝင်ငွေခွန် လျှော့လိုက်ပေမယ့် ဘဏ်အတိုးနူန်းက မလျှော့သေးတဲ့အတွက် တိုက်ခန်း၊ ကွန်ဒိုအရောင်းအဝယ်ဈေးကွက် အခြေအနေက ဘယ်လိုမျိုးဖြစ်သွားနိုင်လဲ။ ဖြေ။ ။ ဝင်ငွေခွန် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ချတဲ့အတွက် အတိုင်းအတာ တခုအထိ အဆင်ပြေသွားပါတယ်။ အတိုးနူန်းသာ လျှော့ပေးလိုက်မယ်ဆိုရင် လုပ်ငန်းတွေက အခုထက်ပိုပြီး လည်ပတ်လာနိုင်မှာပါ။ စီးပွားရေးတွေ ပိုပြီးကောင်းသွားမယ်။ လုပ်ငန်းအသစ်တွေ ပိုပြီးဝင်လာမယ်။ မေး။ ။ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေးတဲ့ ကာလသတ်မှတ်ချက် ကြေညာပေးဖို့ ပြောတာ တွေ့ရတယ်။ အဲဒီအချက်လေးနဲ့ ပတ်သက်ပြီး တိတိကျကျ ရှင်းပြပေးပါ။ ဖြေ။ ။ တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်ပေါ့လေ။ ဥပမာ ၈ ထပ်ခွဲနဲ့ အောက် အဆောက်အဦးတွေ ပေါ့။ စာရွက်စာတမ်း ပြည့်စုံတဲ့သူတွေကို တလအတွင်း ချပေးမယ်။ ၈ထပ်ခွဲနဲ့ အထက် ၁၂ ထပ်ခွဲအထိ ဆိုရင် သတ်မှတ်ထားတာ ပြည့်စုံရင် ၂ လနဲ့ အပြတ်ခွင့်ပြုပေးမယ်ပေါ့။ ဒီလိုကာလ သတ်မှတ်ချက် လေး ရှိဖို့လိုပါတယ်။ မရှိရင် ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ ခွင့်ပြုမိန့်သွား တင်တယ်။ ဒီစာရွက်တွေ လိုသေးတယ်။ မပြည့်စုံသေးဘူး ဆိုပြီး တခါသွားပြင်တယ်။ နောက်တခါ ပြန်လာတင်တယ်။ ပြန်ပြင်တယ်ဆိုတော့ အဲဒီနေရာမှာ တင်တဲ့သူရဲ့ အားနည်းချက်ပါ သလို စစ်တဲ့သူရဲ့ ကြန့်ကြာမှုလည်းပါတယ်။ သက်ဆိုင်ရာ ဌာန တခုထဲကြောင့်တော့ မဟုတ်ပါဘူး။ အဲဒီတော့နှစ်ဘက် အဆင်ပြေအောင် ကာလ ၁ ခု သတ်မှတ် ချက်တော့ လိုပါတယ်။ မေး။ ။ အခုလက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အခက်အခဲတွေကြောင့် နှာခေါင်းဖော်ရုံပဲ ကျန်တော့တယ်လို့ တင် စားပြောနေကြတယ်၊ အဲဒါဟုတ်ပါသလား။ ဖြေ။ ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ နှာခေါင်းဖော်ရုံပဲ ကျန်နေတာ မဟုတ်ဘူး။ အောက်ဆီဂျင် ဗူးနဲ့ ရေအောက်ထဲကို ရောက်နေတာ။ နှာခေါင်းဖော်တယ်ဆိုတာ သဘာဝအတိုင်းဖြစ်တယ်။ အခုဟာက ဘဏ်ချေးငွေဆိုတဲ့ အောက်ဆီဂျင်ဗူးနဲ့ ရေအောက်ထဲမှာ မြှုပ်နေပြီ။ အဲဒီ ဥပမာလေးက ကောင်းပါတယ်။ အခုချိန်မှာ ဘဏ်ချေးငွေတွေပေးဖို့ို ပြန်ခေါ်ရင် အောက် ဆီဂျင်ဗူးဖြုတ်ချလိုက် တာနဲ့ အတူတူပဲ။ ရေအောက်ထဲမှာ အောက်ဆီဂျင်ဗူး အဖြုတ်ခံရတာနဲ့ တူပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်တို့ ဘဏ်တွေနဲ့ ဆွေးနွေးတယ်။ ဘဏ်တွေမှာ အပ်ငွေတွေ အများကြီးရှိတယ်။ ဘဏ်တွေမှာ အပ်ငွေ မရှိလို့ ငွေမချေးနိုင်တာ မဟုတ်ဘူး။ ဘဏ်တွေကို မေးကြည့်ရင် သူတို့မှာ ငွေတွေအများကြီး ရှိတယ်။ သူတို့ရဲ့ စည်းမျဉ်း တွေကြောင့် ချေးဖို့ ခက်နေတယ်ဆိုတာ သိရတယ်။ ဒါကြောင့် ဘဏ်ဘက်က အခက်အခဲ လုံးဝမဖြစ်နိုင်ပါဘူး။ မေး။ ။ ဦးမောင်ဝိတ်အနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို နှစ်ပေါင်းကြာမြင့်စွာ လုပ်လာတာဆိုတော့ အရင် အစိုးရလက်ထက်နဲ့ အခု အစိုးရလက်ထက် လုပ်ကိုင်ရတဲ့ အခြေအနေကို နှိုင်းယှဉ် ပြောပြပေး ပါ။ ဖြေ။ ။ အရင်အစိုးရနဲ့ အခုအစိုးရ ဆောက်လုပ်ရေးအပိုင်း ကိုင်တွယ်မှု နှိုင်းယှဉ်ပြောရလျှင် အရင် အစိုးရက အုပ်ချုပ်ရတဲ့ သက်တမ်းလည်းရှည်တယ်။ လုပ်ငန်းအတွေ့အကြုံလည်း များတယ်။ ဒါကြောင့် သူက လုပ်ငန်းကျွမ်းကျင်နေတယ်၊ တခုခုဆို သူတို့သိနေတယ်၊ ပြောလို့ရှိရင် တခါထဲ သိတယ်။ သူတို့ကို အများကြီးရှင်းပြစရာမလိုဘဲနဲ့ သိနေတယ်။ အစိုးရသစ်ပိုင်းမှာက အရမ်းကောင်းချင်တယ်။ အရမ်းတိုးတက်ချင်တယ်။ ဒီစေတနာတွေက အများ ကြီးသာပါတယ်။ သို့သော် ကျွမ်းကျင်မှုအပိုင်း အားနည်းနည်းလေး လေ့ကျင့်မှုအား လိုနေသေးတဲ့ သဘောပေါ့။ ဒါပေမယ့် အခုအစိုးရ သက်တမ်း ၂ နှစ်လောက်ဖြစ်နေတဲ့အတွက် အကုန်လုံးက သိနေကြပြီဖြစ်ပါတယ်။ ကျနော်တို့ တင်ပြလိုက်တယ် ဆိုရင်ပဲ အချက် ၆ ချက်မှာ အချက် ဃ ကို စပြီးတော့ ပံ့ပိုးပေးတာ မြင်တော့ ကျနော် ထင်ပါတယ်။ ဒီဘက်အစိုးရပိုပြီး ကောင်းလာမှာပါ။ မေး။ ။ ဒီအချက် ၆ ချက်ဆွေးနွေးတင်ပြတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော သွားတဲ့ အခွန်၊ ဘဏ် အတိုးနူန်းတွေအပေါ် လုပ်ငန်းရှင်အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။ ဖြေ။ ။ ဝန်ကြီးချုပ်ကြီး ပြောသွားတာ အဓိက ၂ ချက်၊ ၃ ချက် မြင်တယ်။ အခုအခွန်ဥပဒေကို ပြည်ထောင်စု အစိုးရကနေ ပြဌာန်းပေးမှာ ဖြစ်တဲ့အတွက် အရောင်းအဝယ်တွေ အသင့်အတင့်ဖြစ်လာ ပါလိမ့်မယ်။ ဒါကြောင့် ဒီဟာလေးကို စောင့် ကြည့်ပါ၊ ဒုတိယအဆင့်အနေနဲ့ ဘဏ်အတိုးလျှော့ချတာ ကို ဆွေးနွေးပြီးတော့ ဆက်ပြီးလုပ်ပေး သွားပါမယ်ပေါ့။ ဒီလို ၂ပိုင်းမြင်ပါတယ်။ နောက်တခုက အားလုံးတိုးတက်လာတာကို သူမြင်ချင်ပါတယ်။ လုပ်ငန်းရှင် အကြီးကြီးရော၊ လုပ်ငန်း ရှင် အသေးရော၊ ဝန်ကြီးစကားထည့်သုံးရရင် သူဌေးအသစ်တွေ ပေါ်လာအောင်ပေါ့ အောက်ခြေမှာ ရှိတဲ့လူတွေရဲ့ ဘဝလည်း မြင့်တက် လာအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောသွားတာ ဝမ်းသာပါ တယ်။ ဒီအပေါ်မှာလည်း ကြိုဆိုပါတယ်။ မေး။ ။ နောက်ဆုံးအနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများရဲ့ အနာဂတ်အလားအလာနဲ့ ထပ်မံဖြည့်စွက် ပြီး ပြောကြား ချင်များ ရှိသေးလား။ ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံကိုပေါ့။ ရန်ကုန်မြို့၊မန္တလေး မြို့ကြီးတွေက အရှိန်အဟုန်နဲ့ တိုးတက် လာမယ့် အခြေအနေ ရှိပါတယ်။ အခုက အရမ်းကောင်းတဲ့ အချိန်အခါဖြစ်တယ်။ မူဘောင်တွေ နည်း နည်းလေး ဖြေလျှော့ပေးလိုက်ရင် တိုးတက် လာမှာ ဖြစ်တယ်။ ဒီဖြေလျှော့ပေးမှုကို မကြောက်ဘဲ ဖြေ လျှော့ပေးလိုက်ရင် အလားအလာကောင်း ဖြစ်လာမယ်။ ဖြေ လျှော့မှု နှေးရင် တိုးတက်မှု အရှိန်လည်း နည်းနည်းနှေးနိုင်တယ်၊ အလားအလာဆိုတာ ဖြေလျှော့မှု ဘယ်လောက်မြန် သလဲ ဆိုတဲ့ အပေါ်အဓိက မူတည်ပါတယ်။ ကျနော်တို့တော့ ကောင်းလာမယ်လို့ပဲ အမြဲတမ်းမျှော်လင့်တယ်။ နိုင်ငံတော်အနေနဲ့ ဆောက်လုပ်ရေး ကဏ္ဍ ဒီနေ့ ရပ်တန့် မှုတွေဟာ တကယ်ကြုံတွေ့နေရတဲ့ဟာ ဖြစ်တယ်ဆိုတာနဲ့ ဒီရပ်တန့်မှုတွေ အချိန်ကြာလာရင် ဆင့်ကဲ ရိုက်ခတ်မှုတွေ အများကြီးဖြစ်လာမယ် ဆိုတာကို အတန်အသင့်သော် လည်းကောင်း၊ တော်တော်များများသော်လည်း ကောင်း သိပြီး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဆုံးဖြတ်ချက်ပေးတဲ့သူတွေ ပိုသိနိုင်အောင်လို့ ကျနော်တို့ ကြိုးစားပြီး တင်ပြနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကဏ္ဍရဲ့ ရပ်ဆိုင်းမှုက အခြား စီးပွားရေး ကဏ္ဍတွေကို ရိုက်ခတ်လာနိုင်ပါတယ်။ အခြား ကဏ္ဍ တွေလည်း ရပ်ဆိုင်းနေကြတာ အများကြီးရှိပါတယ်။ သူတို့တွေက ကျနော်တို့လို မတင်ပြသေး တာက ကဏ္ဍနည်းနည်း အကြီးအသေး ကွာတာရယ်ကြောင့်ဖြစ်တယ်။ ဒါကြောင့် ဒီရပ်ဆိုင်းမှုတွေက ဆောက်လုပ်ရေးမှာ ရှိသလို အခြား ကဏ္ဍတွေမှာလည်း ရှိပါတယ်။ ဆောက်လုပ်ရေးကဏ္ဍ လုံးလုံးရပ် သွားရင် တခြား နယ်ပယ်တွေကိုပါ ဆင့်ကဲရိုက်ခတ် မှုတွေ ဖြစ်သွားပါမယ်။ နိုင်ငံ စီးပွားရေး အခြေအနေထိပါ ရိုက်ခတ်နိုင်ပါတယ်။ The post လုပ်ငန်းရှင်တွေ နှာခေါင်းဖော်ရုံ နေတာမဟုတ်ဘဲ အောက်ဆီဂျင်ဗူးနဲ့ ရေအောက်ထဲကို ရောက်နေတာ appeared first on ဧရာဝတီ.
Source : http://ift.tt/2EYdKYN
via IFTTT

No comments:

Post a Comment