ဟိုတယ်တည်းရင်း ကုသိုလ်ရမယ့် နေပြည်တော်က “သုခစိုး ဟိုတယ်” “လာတည်းသမျှ ဧည့်သည်တွေဆီက ရတဲ့ တည်းခိုခကို ဘိုးဘွာရိပ်သာ တခုဆီ ပြန်လည် လှူဒါန်းပေးမယ်” ဆိုတာက ဒီဟိုတယ်ရဲ့ အဓိက ထူးခြားချက်ပါ။ ဒီတချက်ကြောင့်ပဲ “သုခစိုး ဟိုတယ်” အကြောင်းကို ညွှန်းဆို ရေးသားလိုက်ပါတယ်။ “သုခစိုး ဟိုတယ်” က နေပြည်တော်၊ ပျဉ်းမနား၊ ဘောဂဝတီရပ်ကွက် ၊ “အေးငြိမ်းချမ်းသာဂီလာန ဘိုးဘွာရိပ်သာ”ဝင်း အတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ မကြာခင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ဧည့်သည်တွေဆီက ရတဲ့ တည်းခိုခတွေကို အဆိုပါ ဘိုးဘွာရိပ်သာကိုပဲ ပြန်လည် လှူဒါန်းမယ်လို့ သိရပါတယ်။ နေပြည်တော်က “သုခစိုး ဟိုတယ်” (ဓာတ်ပုံ – စိုးလျှပ်စစ် ဖောင်ဒေးရှင်း Facebook) “အေးငြိမ်းချမ်းသာ ဘိုးဘွာရိပ်သာ”ဟာ ဦးစိုးတင့်(စိုးလျှပ်စစ်) အသက် ၆၀ ပြည့်နှစ်က မြန်မာကျပ်ငွေ သိန်း ၇၀၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဦးစိုးတင့်(စိုးလျှပ်စစ်) က နေပြည်တော် ၊ ပျဉ်းမနား တဝိုက်မှာ သူမတူတဲ့ လှူဒါန်းမှုများနဲ့ ထင်ရှားတဲ့သူ တဦးပါ။ ဦးစိုးတင့်ဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူဆန္ဒရှိခဲ့တဲ့ လှူဒါန်းမှုတွေ အားလုံးကို စိုးလျှပ်စစ် ဖောင်ဒေးရှင်းက ဆက်လက် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ယခု ဟိုတယ် လုပ်ငန်းကိုလည်း အဆိုပါ ဖောင်ဒေးရှင်းကနေ တာဝန်ယူ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဟိုတယ်အခန်းခ အနေနဲ့ တရက်ကို တည်းခိုခ ကျပ် ၂သောင်းဖြစ်ပြီး မနက်စာနဲ့ Gym ကစားခွင့်ပါ အခမဲ့ ရရှိမှာပါ။ Gym ကို အပြင်ကနေ လာရောက် ကစားမယ်ဆိုရင်လည်း လစဉ်ကြေး ကျပ်တသောင်းခွဲနဲ့ လာရောက် ကစားနိုင်တယ်လို့ သိရပါတယ်။ ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာ နိုင်ငံတကာ အစားအသောက်တွေ ရောင်းချပေးမယ့် Unplugged Bar တခု ထည့်သွင်း ဖွင့်လှစ်သွားမယ်လို့ စိုးလျှပ်စစ် ဖောင်ဒေးရှင်းရဲ့ Facebook Page မှာ ဖော်ပြထားပါတယ်။ နေပြည်တော်က “သုခစိုး ဟိုတယ်” (ဓာတ်ပုံ – စိုးလျှပ်စစ် ဖောင်ဒေးရှင်း Facebook) ဒီတော့ စာဖတ်သူတွေ အနေနဲ့ နေပြည်တော်ရောက်လို့ “သုခစိုး ဟိုတယ်” မှာ လာရောက်တည်းခိုမယ်ဆိုရင် အပန်းဖြေ အနားယူရင်း အဘိုးအဘွားတွေအတွက် အလိုလို လှူဒါန်းပေးသလို ဖြစ်နေမှာပါ။ နေပြည်တော်မှာ အခြားတည်းစရာ ဟိုတယ်တွေရဲ့ တည်းခိုခကလည်း ကျပ် ၂သောင်းခွဲ အထက်မှာ ရှိနေတာဖြစ်ပါတယ်။ “သုခစိုး ဟိုတယ်” က သက်ကြီးရွယ်အို အဘိုးအဘွားတွေ အတွက် ထာဝရ မတည်ပေးထားတဲ့ စေတနာဖြစ်ပြီး လိပ်စာက အမှတ် (၀၀၈) ၊ ပဒုမ္မာလမ်း ၊ ဘောဂဝတီရပ်ကွက် ၊ ပျဉ်းမနားမြို့ ဖြစ်ပါတယ်။ The post ဟိုတယ်တည်းရင်း ကုသိုလ်ရမယ့် နေပြည်တော်က “သုခစိုး ဟိုတယ်” appeared first on ဧရာဝတီ.
Source : http://ift.tt/2FqauTB
via IFTTT
No comments:
Post a Comment