ကမ္ဘာကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး “Sridevi (ဆရီဒေဝီ)” နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် အသက် ၅၄ နှစ်အရွယ်၊ ကမ္ဘာကျော် ဝါရင့် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး “Sridevi (ဆရီဒေဝီ)” ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ မိသားစုသတင်း အရင်းအမြစ်တွေ အရ မင်းသမီး Sridevi ဟာ မိသားစု လက်ထပ်ပွဲ တခုကို တက်ရောက်ဖို့ ဒူဘိုင်းမြို့ကို ရောက်ရှိနေချိန်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတာလို့ Press Trust of India မီဒီယာမှာ ရေးသား ထားပါတယ်။ ၁၉၆၃ ခုနှစ်၊ သြဂုတ်လမှာ မွေးဖွားခဲ့တဲ့ Sridevi ဟာ ၁၉၇၉ ခုနှစ်မှာ ဟင်ဒီစကားပြောရုပ်ရှင် “Solva Sawan” နဲ့ ဘောလိဝုဒ် အနုပညာလောကထဲကို ရောက်ရှိခဲ့ပေမယ့် ၄ နှစ် ကြာပြီးနောက် “Himmatwala” ရုပ်ရှင် ရိုက်ပြီးမှာသာ ဘောလိဝုဒ်ရဲ့ အနုပညာကြေးအများဆုံး မင်းသမီးစာရင်းမှာ ပါဝင်လာခဲ့တာပါ။ Sridevi ပါဝင်ခဲ့တဲ့ “Mawaali” (၁၉၈၃), “Tohfa” (၁၉၈၄), “Mr. India” (၁၉၈၇), “Chandni” (၁၉၈၉), “Lamhe” (၁၉၉၁) နဲ့”Gumrah” (၁၉၉၃) ရုပ်ရှင်တို့ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်ကာလတွေမှာ လူကြည့်အများဆုံး ရုပ်ရှင် တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Sridevi ဟာ ခင်ပွန်းသည်ဖြစ်သူ ထုတ်လုပ်ရေးမှူး Boney Kapoor နဲ့ ရရှိတဲ့ ကလေး ၂ ယောက်ကို ပြုစုပျိုးထောင်ဖို့ အနုပညာလောကကနေ ခေတ္တအနားယူလိုက်ပြီး ၁၉၉၇ ခုနှစ်မှာ “Judaai” ရုပ်ရှင်နဲ့ ပြန်လည်ပွဲထွက်လာခဲ့ပါတယ်။ Sridevi ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “English Vinglish” ရုပ်ရှင် အဲဒီရုပ်ရှင်မှာတော့ သူဟာ ခန်းနားထည်ဝါတဲ့ဘဝရဖို့ ရုန်းကန် ကြိုးစားလို စိတ်မရှိတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ခဲ့ရတဲ့ ရည်မှန်းချက်ကြီးတဲ့ အိမ်ရှင်မ တဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းမှာ ထိပ်တန်း ရောက်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ဒါရိုက်တာကြီး Gauri Shinde ရဲ့ “English Vinglish” ရုပ်ရှင်ရောက်မှသာ သူဟာ “ဘောလိဝုုဒ်ရဲ့ အဖိုးအတန်ဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးတဦး” ဖြစ်တယ် ဆိုတာ တကယ် အတည်ပြု နိုင်ခဲ့ပါတယ်။ Sridevi ဟာ အဲဒီရုပ်ရှင်မှာ ဟင်ဒီစကားပဲ ပြောတတ်ပြီး တူမဖြစ်သူ လက်ထပ်ပွဲပြင်ဆင်ပေးဖို့ နယူးယောက်မြို့ကို ရောက်လာတဲ့ ခပ်ရိုးရိုး အိန္ဒိယ အိမ်ရှင်မတဦး “Shashi” ဆိုတဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားပါတယ်။ အရှက်ရတဲ့ ကိစ္စတချို့နဲ့ ကြုံခဲ့ပြီးတဲ့နောက် Shashi ဟာ အင်္ဂလိပ်စာ သင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး သီတင်း ၄ ပတ် ကြာမြင့်မယ့် အင်္ဂလိပ်စာ သင်တန်းတခုကို တက်ရောက်ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အဲဒီအချိန်တုန်းက Hollywood Reporter မီဒီယာရဲ့ သုံးသပ်ချက်တခုမှာ ဆိုရင် “Shinde က ဖန်တီးပြီး Sridevi က သဏ္ဍာန်လုပ်ပြတဲ့ အဲဒီ ဇာတ်ရုပ်ဟာဆိုရင် ကျက်သရေရှိစွာ မိန်းမဆန်ပြီး ထူးခြားတဲ့ အိန္ဒိယ အမျိုးသမီးတဦးကို ပြသ နိုင်ခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။ Sridevi ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “MOM” ရုပ်ရှင်ကား မင်းသမီး Sridevi ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း အိန္ဒိယ ဒါရိုက်တာ Ravi Udyawar ရိုက်ကူးပြီး သူ့အမျိုးသား Boney Kapoor ထုတ်လုပ်တဲ့ “MOM” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိကနေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဆိုပါ “MOM” ဇာတ်ကားဟာ မိခင် (မိထွေးဖြစ်သော်လည်း မိခင်စိတ် အပြည့်ရှိတဲ့ အမေ) တယောက်နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ထားတဲ့ Sridevi ရဲ့ ကမ္ဘာတဝှမ်းမှာ လူကြိုက်များ အောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတကားလို့ ဆိုနိုင်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ မင်းသမီးရဲ့ အချိန်မတန်ဘဲ ကွယ်လွန်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားရင်း ဖေဖော်ဝါရီလ၂၅ ရက်နေ့မှာ Sridevi ရဲ့ မိသားစုထံ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ မင်းသမီး Kareena Kapoor (ကရီနာကပ်ပူးရ်) ကလည်း Sridevi ရဲ့ ကွယ်လွန်မှုကြောင့် စိတ်ထိခိုက်ရကြောင်း ပြောပါတယ်။ အိန္ဒိယ နိုင်ငံမှာတော့ မင်းသမီးရဲ့ နာရေးသတင်းဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပျံ့နှံ့သွားခဲ့ပြီး ရှားပါးတဲ့ “Super Star” တဦး အနေနဲ့ လူမှုကွန်ရက် မီဒီယာတွေမှာလည်း ဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပါတယ်။ အိန္ဒိယသမ္မတ Nath Kovind နဲ့ ကွန်ဂရက်လွှတ်တော်ခေါင်းဆောင် Rahul Gandhi တို့ကလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။ Sridevi ရဲ့ နာရေးသတင်းဟာ အိန္ဒိယနိုင်ငံ ပြင်ပအထိ ပါ ရောက်ရှိသွားခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကွယ်လွန်သူမင်းသမီးနဲ့ တွေ့ခဲ့တဲ့ လန်ဒန်မြို့တော်ဝန် Sadiq Khan ကပါ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ မြို့တော်ဝန် မစ္စတာခန်က “မကြာသေးခင်တုန်းက အိန္ဒိယကို သွားခဲ့တဲ့ခရီးမှာ ဘောလိဝုဒ် အထင်ကရ Sri Devi နဲ့ တွေ့ဆုံခဲ့ရတာ တကယ့်ကိုပဲ ပျော်ဖို့ကောင်းပါတယ်။ လုံးဝကို အရည်အချင်းရှိတဲ့ မင်းသမီး၊ ဖျော်ဖြေသူ၊ ထုတ်လုပ်သူ တဦး အခုလို ကွယ်လွန်သွားခဲ့ပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတာ အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။” လို့ Twitter မှာ ရေးခဲ့ပါတယ်။ မင်းသမီး Sridevi ရဲ့ မိသားစုဝင်များ မင်းသမီး Sridevi ကွယ်လွန်ပြီးနောက် ခင်ပွန်းသည် Boney Kapoor နဲ့အတူ သမီးတွေဖြစ်ကြတဲ့ Jhanvi နဲ့ Khushi Kapoor တို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ Ref ; CNN The post ကမ္ဘာကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး “Sridevi (ဆရီဒေဝီ)” နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် appeared first on ဧရာဝတီ.
Source : http://ift.tt/2ow4jp7
via IFTTT
No comments:
Post a Comment