Thursday, February 22, 2018


လူ ၅၀ ကျော်ကို တရုတ်နိုင်ငံ၌ အလုပ်ရမည်ဟု ဆိုကာ ခေါ်သူ ၂ ဦး အရေးယူထား မန္တလေးတိုင်း ဒေသကြီး အတွင်းမှ လူ ၅၀ ကျော်ကို တရုတ်နိုင်ငံ စက်ရုံတခုတွင် အလုပ်သွင်းပေးမည်ဟု ဆိုကာ ခေါ် ဆောင်ခဲ့သူ ၂ ဦးအား ဖေဖော်ဝါရီလ ၂၁ ရက် ညက အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများမှ အမျိုးသမီး အမျိုးသား ၅၂ ဦးကို တရုတ် နိုင်ငံ ကွမ်တုံမြို့ရှိ ပရိဘောဂ စက်ရုံတခုတွင် အလုပ်လုပ်ကိုင်ရန် အတွက် မြင်းခြံမြို့နယ် ကူရွာနေ ကိုကျော်စိုးလင်း အသက် ၃၁ နှစ်နှင့် မကျီးသမျှားကျေးရွာနေ ကိုအောင်လင်း အသက် ၃၈ နှစ်တို့က ဦးဆောင် ခေါ်လာခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူ ဌာနစုမှ ရဲအုပ် အောင်ဆွေလင်းက ပြောသည်။ ရဲအုပ် အောင်ဆွေလင်းက “ခေါ်လာတဲ့သူကလည်း တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတယ်။ အဲဒီမှာဆိုရင် လစာလည်း ကောင်းမယ်။ လိုက်ချင်ရင် လိုက်ခဲ့ကြဆိုပြီးတော့ ပတ်ဝန်းကျင်ရွာက လူတွေကို ခေါ်လာတာ။ ဝင်ငွေနည်းတဲ့သူတွေ အလုပ်မရှိတဲ့သူတွေက လိုက်မယ်ဆိုပြီးလိုက်လာကြတာ” ဟု ပြောပြသည်။ မြင်းခြံမြို့နယ်မှ အမျိုးသား အမျိုးသမီး ၅၂ဦးကို ကြယ်တံခွန်မှန်လုံ စင်းလုံးငှားယာဉ်ဖြင့် မြင်းခြံမှ မူဆယ်သို့ ခေါ်လာ ကြောင်း သတင်းအရ ရဲအုပ် အောင်ဆွေလင်း ဦးစီး အဖွဲ့ဝင်များ၊ လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေး အဖွဲ့နှင့် ပူးပေါင်း အဖွဲ့ဝင်များက အုန်းချောကျေးရွာရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်း၍ မှန်လုံယာဉ်နှင့်အတူ အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ကို တားဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းရဲစခန်းမှ သိရသည်။ “တရုတ်နိုင်ငံ ကွမ်တုံမြို့က ပရိဘောဂစက်ရုံမှာ လစာ ၁ လကို မြန်မာငွေ ၅ သိန်းကျပ် ရမယ်ဆိုပြီး ခေါ်ဆောင်ခဲ့ တယ်လို့ စစ်ဆေးချက်တွေ အရ သိရတယ်” ဟု အုန်းချော နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တဦး က ပြောသည်။ ဦးဆောင် ခေါ်ဆောင်လာသူ နှစ်ဦးအနက် ကိုကျော်စိုးလင်းက ၂၆ ဦးအား တဦးလျှင် ခရီးစရိတ် (၅၂၀၀၀၀) ကျပ်နှင့် ကိုအောင်လင်းက ၂၆ ဦးထံမှ တဦးလျှင် ကျပ် (၅၅၀၀၀၀) ငွေကြေးရယူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည် ဟု သိရ သည်။ “ဒါကို ရွာသားတွေက ကျေကျေနပ်နပ်နဲ့ လိုက်တယ်။ ဦးဆောင်ခေါ်လာသူတွေက တယောက်ကို အလုပ်သွင်းပေးခ ၅ သိန်း ၂ သောင်း ရတယ်။ ဒီအမှုကို လူကုန်ကူးမှုနဲ့ စွဲလို့မရဘူး၊ အဲ့ဒါကြောင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဥပဒေ နဲ့ အရေးယူထားပါတယ်” ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ (မန္တလေး) မှ ဒုရဲမှူး တဦးက ပြောသည်။ လက်ရှိ၌ ယင်းလူ ၅၂ ဦးအား အုန်းချောရွာ ဓမ္မာရုံတွင် စောင့်ရှောက်ထားပြီး ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင် ပါက ကြုံတွေ့နိုင်သည့် အန္တရာယ်များနှင့် ပတ်သက်ပြီး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆက် ပြောသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် ခေါ်ဆောင်လာသူ ကိုကျော်စိုးလင်းနှင့် ကိုအောင်လင်းတို့ ၂ ဦးအား ပုသိမ်ကြီးမြို့နယ် အုန်ချော နယ်မြေ ရဲစခန်းတွင် (ပ)၂၇/ ၂၀၁၈၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က အမှုဖွင့်အရေးယူ ထား ကြောင်း သိရ သည်။ ယင်းဥပဒေ ပုဒ်မ ၂၆ အရ ပြစ်မှုနှင့် ပြစ်ဒဏ်မှာ မည်သူမဆို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။ The post လူ ၅၀ ကျော်ကို တရုတ်နိုင်ငံ၌ အလုပ်ရမည်ဟု ဆိုကာ ခေါ်သူ ၂ ဦး အရေးယူထား appeared first on ဧရာဝတီ.
Source : http://ift.tt/2GzJlx0
via IFTTT

No comments:

Post a Comment