စစ်တွေမြို့ တိုက်ခိုက်ခံရမှု စိတ်မကောင်း ဖြစ်ရကြောင်း ရခိုင် ဝန်ကြီးချုပ် ပြော အစိုးရအဖွဲ့ ရုံးစိုက်ရာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစိုးရဌာနဆိုင်ရာ နေရာ ၃ ခု မိုင်းခွဲ တိုက်ခိုက်ခံရမှုသည် ရခိုင်ပြည်နယ် တည် ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်စေ၍ စိတ်မကောင်း ဖြစ်မိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က ပြောသည်။ မနေ့က နေ့လယ်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟို အလုပ် အမှုဆောင် အစည်းအဝေးအပြီးတွင် ဧရာဝတီ သတင်းဌာန၏ မေးမြန်ချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ် သည်။ ဦးညီပုက“ကျနော်တို့ ပြည်နယ်မှာက သိတဲ့အတိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို လုပ်နေတယ်။ အဲဒီအချိန်မှာ တခုပြီးတခု ဖြစ်နေတဲ့ အခါကျတော့ ကိုယ်လုပ်ချင်တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုက အများကြီး အနှောက်အယှက် ဖြစ် တာပေါ့။ ပြည်သူတွေ အတွက်လည်း အများကြီး အခက်အခဲ ဖြစ်တာပေါ့။ အဲဒီအတွက် စိတ်မကောင်းဘူး”ဟု ပြောသည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ မနက်အစောပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နေအိမ်အပါအဝင် အစိုးရဌာနဆိုင်ရာ နေရာ ၃ ခုတွင် မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးဟု ယူဆရသည့် အထုပ်သုံးထုပ်ကိုလည်း ထပ်မံ တွေ့ရှိ ထား ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ပြည်နယ် အတွင်းရေးမှူး ဦးတင်မောင်ဆွေမှာ ဒဏ်ရာ မရရှိခဲ့သော်လည်း ၎င်း၏ နေအိမ်ခြံဝန်းအတွင်း ပျက်စီးမှုအချို့ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တဦးနှင့် အခြားသူတဦးတို့ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ခံရချိန်တွင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုမှာ စစ်တွေမြို့တွင် ရှိမနေဘဲ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညကတည်းကပင် နေပြည်တော်သို့ အလုပ်ကိစ္စနှင့် ရောက်ရှိလျက် ရှိကြောင်း၊ အောက်ခြေမှ သတင်းတင်ပြမှုများကိုသာ သိရှိရပြီး အသေးစိတ် မသိရသေး၍ သံသယဖြစ်သူကို ဖော်ထုတ် မပြောဆိုနိုင်သေးကြောင်း ဦးညီပုက ပြောသည်။ “လောလောဆယ်တော့ ငြိမ်နေပါတယ်။ ဒီလောက်ကြီး ဖြစ်ပြီးမှာတော့ စုံစမ်း စစ်ဆေးမှုကတော့ လုပ်ရမှာပေါ့။ လုံခြုံရေးပိုင်းကလည်း လုပ်နေမှာပါ။ အားလုံးဝိုင်းပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပူးပေါင်း လုပ်ကိုင်ဖို့အတွက် လုပ်သင့်တဲ့ပြည်နယ် ဖြစ်နေပြီးတော့ လုပ်နိုင်ဖို့ အတွက်ကတော့ အားလုံးဝိုင်းမှ ပိုကောင်းသွားမှာပါ”ဟု ၎င်းက ပြောသည်။ ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လူအများ သံသယရှိနေသည့် အဖွဲ့ ၂ ခုမှာ ရခိုင် တပ်မတော် (AA)နှင့် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) တို့ ဖြစ်သော်လည်း ၎င်းတို့ ၂ ဖွဲ့စလုံးသည် ယခင်က ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အထိ တိုက်ခိုက် အကြမ်းဖက်ခဲ့ခြင်း မရှိဖူး၍ ခန့်မှန်းပြောဆိုရန် ခက်ခဲနေကြောင်း ဧရာဝတီသို့ ပြောသည်။ “သက်သေ အထောက်အထား တစုံတရာ မရခင်မှာ ဘယ်သူ့လက်ချက်လဲဆိုတာမျိုးတော့ မပြောချင်ဘူး။ အစိုးရကိုယ်တိုင်လည်း မပြောသေးဘူး။ ကျနော်တို့တော့ အခြေအနေကို စောင့်ကြည့်နေရတယ်။ ပြောလိုက်ရင် အထောက်အထားမဲ့ စွပ်စွဲပြောဆိုသလို ဖြစ်မှာ ဆိုးလို့ပါ”ဟု ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ်တွင် လတ်တလော အစိုးရအရာရှိများကို ရည်ရွယ်ပြီး လုပ်ကြံသတ်ဖြတ်မှုများ ရှိလာရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ ကလည်း မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးဘိုဘိုမင်းသိုက်သည်လည်း မြောက်ဦးမှ စစ်တွေသို့ ထွက်ခွာ လာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီးတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် ဘင်္ဂလီအကြမ်းဖက်သမားများဖြင့် ဖွဲ့စည်းထားသည့် ARSA ကလည်း မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အမြဲလိုလိုပင် ခြိမ်းခြောက် တိုက်ခိုက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ အများဆုံး ပါဝင်သည့် ရခိုင် တပ်မတော် (AA) ကလည်း ရခိုင်ပြည်နယ်အ တွင်း ခြေကုတ်ယူ၍ လှုပ်ရှားမှုများကြောင့် မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ The post စစ်တွေမြို့ တိုက်ခိုက်ခံရမှု စိတ်မကောင်း ဖြစ်ရကြောင်း ရခိုင် ဝန်ကြီးချုပ် ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2HM5tFW
via IFTTT
No comments:
Post a Comment