Friday, February 23, 2018


ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ် တည်ဆောက်မည် ချင်းပြည်နယ် တောင်ပိုင်း လိုင်လင်းပီမြို့တွင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် လေယာဉ်ကွင်းငယ် တကွင်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ယင်း လေယာဉ်ကွင်းငယ် တည်ဆောက်ရေး စီမံကိန်းကို လာမည့် နိုဝင်ဘာလတွင် စတင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပသော စီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် လေယာဉ်ကွင်း တည်ဆောက်ခွင့် ရရှိထားသော MAF မြန်မာ ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ချက်ထီလီ က ပြောသည်။ မစ္စတာ ချက်ထီလီက“ချင်းပြည်နယ်မှာ လေယာဉ်ကွင်း ရှိမရှိ အရင်ကြည့်ရတယ်။ ဒီနေရာက တနှစ်မှာ ၄၊ ၅ လ လောက် မိုးတွင်းက တောက်လျှောက် ခက်ခဲတယ်။ ဒါကြောင့် အရေးကြီးတဲ့ နေရာဖြစ်တယ်ဆိုပြီး ကျနော်တို့ တည်ဆောက် ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ မြေသားလေ့လာမှုက စနေပါပြီ။ တည်ဆောက်ဖို့ ပွင့်လင်းရာသီ ဆိုတော့ လာမယ့် စက်တင်ဘာ၊ နိုဝင်ဘာလ လောက်မှာ စမယ်”ဟုလည်း ၎င်းက ပြောပြသည်။ အဆိုပါ လေယာဉ်ကွင်းငယ် တည်ဆောက်ရေး အတွက် မြေသားလေ့လာမှုကို မြန်မာနိုင်ငံရှိ ဟန်မြင့်မိုရ် အဖွဲ့က ပြုလုပ် လျက်ရှိပြီး ကျန်ရှိသည့် လေ့လာမူများနှင့် လိုင်လင်းပီ လေယာဉ်ကငယ် ဒီဇိုင်းကို အိန္ဒိယနိုင်ငံ အင်ဂျင်နီယာ များ အဖွဲ့ဖြစ်သော Engineering Ministry International (Non-Profit org) (EMI) နှင့် MAF တို့လက်တွဲ၍ မြန်မာ နိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားမှုများနှင့် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ “အခုလို လေယာဉ်ကွင်း အသေးတွေမှာ လေယာဉ်အကြီး ဆင်းလို့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘက်စုံသုံးလေယာဉ်၊ လူ ၁၀ ယောက်ကနေ ၁၃ ယောက်စီးလို့ရတဲ့ လေယာဉ်ငယ်အမျိုးအစားတွေ ဆင်းလို့ရမှာ ဖြစ်တယ်။ တည်ဆောက် ပြီးတာ နဲ့ လေကြောင်း ဦးစီးဌာနကို အပ်မယ်။ လေယာဉ်ငယ် ပျံသန်းဖို့ကိုတော့ နောက်မှ အစိုးရဆီက ခွင့်ပြုချက်ယူရမယ်။ ကျနော်တို့ လေယာဉ် ၃ စီးလောက် ပျံသန်းပြေးဆွဲဖို့တော့ မှန်းထားတယ်”ဟု မစ္စတာ ချက်ထီလီက ပြောကြား သည်။ လိုင်လင်းပီ လေယဉ်ကွင်းသို့ ဆင်းသက်နိုင်မည့် လေယာဉ်များမှာ ခန့်မှန်းခြေ လူ ၁၀ ဦးခန့် စီးနိုင်သော High performances STOL Aircraft ဘက်စုံသုံး လေယာဉ်ငယ် အမျိုးအစားများ ဖြစ်သည် ဟုလည်း ဆိုသည်။ ယခု တည်ဆောက်မည့် လိုင်လင်းပီ လေယာဉ်ကွင်းငယ်သည် မီတာ ၈၀၀ ကျယ်ဝန်း၍ ကုန်ကျစရိတ် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ မီလီယံ ကုန်ကျမည် ဖြစ်ပြီး တည်ဆောက်ပြီးစီးလျှင် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ ပေးအပ်သွားမည် ဖြစ်ကြောင်း မစ္စတာ ချက်ထီလီက ပြောသည်။ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင် အပြီးသတ်ဒီဇိုင်းနှင့် ခန့်မှန်းခြေ ကုန်ကျစရိတ်ကို တွက်ချက် ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ တင်ပြခြင်း၊ သြဂုတ်လတွင် ဆောက်လုပ်ရေးနှင့် ကြီးကြပ်ရေး လုပ်ငန်း များကို တင်ဒါခေါ်ယူခြင်း၊ ရွေးချယ်ခြင်း၊ စက်တင်ဘာလတွင် လေယာဉ်ကွင်း တည်ဆောက်မည့် နေရာ ရှင်းလင်းခြင်း၊ နိုဝင်ဘာလတွင် တည်ဆောက်ရေး လုပ်ငန်းစတင်ခြင်းတို့ ပြုလုပ်မည်ဖြစ်၍ စီမံကိန်းသည် ၂၀၂၀ ပြည့် နှစ် ဧပြီလ၌ ပြီးစီးမည် ဖြစ်ကာ မေလတွင် လေယာဉ်ကွင်းကို မှတ်ပုံတင်၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းလေယာဉ်ကွင်း တည်ဆောက်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။ ချင်းပြည်နယ် ကျန်းမာခြင်းနှင့် မျှော်လင့်ခြင်း မြန်မာ (Health and Hope) အဖွဲ့ တည်ထောင်သူ ဒေါက်တာ ဆာဆာ က “ကျနော်တို့ ငယ်ငယ်က ချင်းပြည်နယ်ကနေ ရန်ကုန်လာဖို့ဆိုရင် ၂ ပတ်လောက် အချိန်ယူူရပါတယ်။ အခုက လမ်းပန်းဆက်သွယ်ရေး နည်းနည်းကောင်းလာတော့ ရန်ကုန်လာဖို့ ၅ ရက်ကြာတယ်။ အခု လေကြောင်း ဖြစ်လာရင် ၅ ရက်ကြာတဲ့ ခရီးက လေယာဉ်ကွင်း တည်ဆောက်ပြီးရင် မိနစ်ကိုးဆယ်ပဲကြာမယ်။ သွားလာရ လွယ်ကူသွားမှာ ဖြစ် တယ်”ဟု ပြောသည်။ ဆက်လက်၍ ၎င်းက“ဒါက လမ်းပန်းဆက်သွယ်ရေး ပြဿနာတခုတည်း ဖြေရှင်းပေးမှာတင် မဟုတ်ဘူး။ ကျနော်တို့ ကျန်မာရေး ပြဿနာများကိုလည်း ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ လိုင်လင်းပီမြို့မှာ ကလေးမမွေးနိုင်လို့ သေတဲ့သူ တယောက်မှ မရှိစေချင်ဘူး။ ဝမ်းရှော ဝမ်းပျက် ရောဂါကြောင့် တနေ့ကိုု ကလေး ၃ ယောက်သေတယ်လို့ မကြားချင် ဘူး။ ဒါကြောင့်မို့ ဒီလေယာဉ်ကွင်းငယ်လေးက ပါးစပ်နဲ့ ပြောလို့မရတဲ့ နာကျင်မှုတွေကို ဖြေရှင်းပေးမှာ ဖြစ်တယ်”ဟု လည်း ပြောဆိုသည်။ ထို့ကြောင့်လေယာဉ်ကွင်းငယ် တည်ဆောက်ရန် အတွက် ၂၀၁၅ ခုနှစ်တွင် MAF မြန်မာနှင့် ဆက်သွယ်၍ ဖြစ်နိုင် မဖြစ်နိုင် သုံးသပ်ပြီး အစိုးရ ခွင့်ပြုချက်ယူ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလေယာဉ်ကွင်းငယ် တည်ဆောက်ခြင်းအားဖြင့် ချင်းပြည်နယ်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးကို အထောက်အကူ ဖြစ်စေခြင်း၊ ခရီးသွားလာမှု လုပ်ငန်းများကို အထောက်အကူဖြစ်စေခြင်း၊ ပြည်နယ်အတွင်း ကုသမှု မပြုလုပ်နိုင်သည့် လူနာများအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်ငန်းများကိုု လုပ်ဆောင်နိုင်ခြင်း၊ ကာကွယ်ဆေးများကို အချိန် နှင့် ပေးပို့နိုင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် အချိန်များတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူဗဟိုပြု အဖွဲ့အစည်းများ အနေဖြင့် အကူအညီများကို လျင်မြန်စွာပေးနိုင်ခြင်း စသည့် အခြေအနေများကို ရည်ရွယ် လုပ်ဆောင် ခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒါရိုက်တာ ဦးကျော်စိုးက “ချင်းပြည်နယ်က လမ်းပန်း ဆက် သွယ် ရေး ခက်ခဲပြီးတော့ ခရီးကြမ်းတဲ့ ဒေသဖြစ်ပါတယ်။ လိုင်လင်းပီကို ရောက်ဖို့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါကနေ ကားစီးရပါတယ်။ ဒါတောင်နွေရာသီနဲ့ ဆောင်းရာသီပဲ လမ်းပေါက်ပါတယ်။ ရထားလမ်းမရှိ ရေလမ်းလည်း မရှိတဲ့ ဒီလို ဒေသဖြစ်တဲ့အလျောက် အခုလို လေကြောင်း ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးမှသာလျှင် ဒီဒေသရဲ့ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေးကို မြှင့်တင်နိုင်ဖို့ အကူအညီ ပေးနိုင်လိမ့်မယ်။ ဒါကြောင့် အိန္ဒိယနဲ့လည်း နယ်စပ်ဖြစ်တဲ့ လိုင်လင်းပီ မြို့ လေးမှာ အခုလို လေယာဉ်ကွင်းငယ် တည်ဆောက်ခြင်းက ကျနော်တို့ နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင် ပေးနိုင်ရုံသာမက ဒေသမှာ ရှိတဲ့ လူတွေရဲ့ ဘဝကိုလည်း တိုးတက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်”ဟု ပြောကြားသည်။ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် လေယာဉ်ကွင်း (အကြီး/အသေး) စုစု ပေါင်း ၆၉ ကွင်း ရှိသည့် အနက် ၃၃ ကွင်းသာ လက်ရှိတွင် လည်ပတ်နေသဖြင့် နောက်ပိုင်းတွင် လေယာဉ်ငယ်များ ပျံသန်း ပြေးဆွဲနိုင်ရန် အတွက် လေယာဉ်ကွင်း အသေးများကို ပြုပြင်ရန် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြော သည်။ ထိုလေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ် အလယ်ပိုင်း ဖလန်းမြို့တွင် တည်ဆောက်နေသည့် လေဆိပ်ကို အထောက်အကူ ပြုစေမည် ဖြစ်ပြီး ချင်းပြည်နယ် အစိုးရ၏ ၅ နှစ်တာ မဟာဗျူဟာ စီမံကိန်းတွင်လည်း ဖော်ပြထား သည့် လေယာဉ်ကွင်းငယ်ခု ဖြစ်ကြောင်း သိရသည်။ MAF သည် လူသားချင်း စာနာမှု ဆိုင်ရာ လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ဆောင်ရွက် နေသည့် ကမ္ဘာ့အကြီးဆုံး လေကြောင်း အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်တွင် လုပ်ငန်းများ လည်ပတ်လျက် ရှိကာ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ MAF MYANMAR ကုမ္ပဏီလီမိတက် အနေဖြင့် မှတ်ပုံတင်ထားသည်။ The post ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ် တည်ဆောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2Cgwamv
via IFTTT

No comments:

Post a Comment