ငါးကြီးကြီး ကြော်ရဲရဲ့လား ကျနော့် မိတ်ဆွေ တဦးဟာ ရန်ကုန်မြို့မှာ နေပါတယ်။ အိမ်တွင်းလုပ်ငန်း တခုကိုလည်း ထူထောင်ထားပါတယ်။ သူ့ လုပ်ငန်းကလည်း အောင်မြင်တယ်။ အိမ်တွေမှာ နေ့စဉ်မရှိမဖြစ် သုံးရတဲ့ပစ္စည်းကို လက်မှုလုပ်ငန်း တခုအဖြစ် လုပ်ကိုင် တယ်။ အရောင်းလည်း တွင်ကျယ်ပါတယ်။ လုပ်ငန်းသာလုပ်တယ်၊ တွင်ကျယ်မှုလည်း ရှိတယ်ဆိုပေမယ့် လုပ်ငန်း လိုင်စင် တော့ မလုပ်ထားပါဘူး။ သူ့လုပ်ငန်းက မသုံးတော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို မနက်စောစောဆိုရင် လူနေအိမ်တွေနဲ့လည်း မကပ်တဲ့နေရာ၊ လမ်းပေါ်မှာ ဖြစ်စေ၊ မြေနေရာ ကျုယ်ကျယ်တခုမှာ သူတို့ဆီက သန့်ရှင်းရေး လုပ်တဲ့သူက စုပြီး မီးရှို့လေ့ရှိပါတယ်။ တနေ့တော့ တံမြက်စည်းလှဲဆရာ ဦးသန်းက အမှိုက်တွေကို မီးရှို့ပြီးသွားတဲ့အခါ အတော်ကြာတော့ ပိုင်ရှင် မိတ်ဆွေ ထံ ကို ရပ်ကွက် လူကြီးက လာရောက်ပြီး “ခင်ဗျားတို့နားမှာ အတော်ကြာက မီးတွေတွေ့လိုက်တယ်၊ မီးလောင် နေ တယ် ထင်လို့ ရပ်ကွက်ကလည်း ပြောတယ်” လို့ ဆိုပါတယ်။ ဒီတော့ ကျနော့်မိတ်ဆွေက “ကျနော်ပြမယ်၊ အမှိုက်တွေမီးရှို့တဲ့နေရာလည်း လာကြည့်”ဆိုပြီး ရပ်ကွက်လူကြီးကို လမ်းထောင့် မြေဘေးမှာ မီးရှို့ပြီးသား ပြာတွေကို လိုက်ပြပါတယ်၊ ပြာတွေက တတောင် ပတ်လည် လောက်ပဲ ရှိပါ တယ်။ အမှိုက်ကို အသေအချာ မီးရှို့ထားတာပါ၊ ရေနဲ့လည်း လောင်းပြီးသားပါ။ ဒါကို ရပ်ကွက်လူကြီး က ဒီကိစ္စတော့ ဥက္ကဋ္ဌကို တင်ပြရမှာပဲလို့ ဆိုပြီး ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက် ၃ ရက်လောက် အကြာမှာ ရပ်ကွက် ဥက္ကဋ္ဌရော၊ လူကြီးတွေရော၊ မြို့နယ်ကလား မသိ၊ မျက်နှာစိမ်း တွေ ရော ပါလာပြီး သူ့လုပ်ငန်းကို စစ်ဆေးတော့တယ်။ နောက် လုပ်ငန်းလိုင်စင်ကို တောင်းတဲ့အခါ သူက မလုပ်ရသေးကြောင်း ရှင်းပြလိုက်တယ်။ ပြန်ခါနီးမှာ မြို့နယ်က တယောက်က “မနက်ဖြန် ရုံးကိုလာခဲ့” လို့ ပြောသွားလေတယ်။ ကျနော့် မိတ်ဆွေဟာ သူ့လုပ်ငန်းလေးက အောင်မြင်နေတော့ ရုံးလိုက်ရှင်းမှပဲ ဆိုပြီး နောက်တနေ့ မြို့နယ် စည်ပင်ရုံး ကို လာခဲ့ပါတော့တယ်။ ရုံးကိုရောက်တဲ့အခါ ပထမဆုံး စာရေးမလေးနဲ့ တွေ့ရတယ်။ စာရေးမလေးက “အဆောက်အဦး အတွက် ကျပ် ၃၀၀၀၀၊ လူကြီးကိုပေးရတာ ၃၀၀၀၀၊ ကျမကို ၁၀၀၀၀၊ အားလုံး ၇၀၀၀၀ ပေး အဲဒါဆို ရပြီ၊ ကျန်တဲ့ ဒဏ်ကြေး ဆောင်တာတွေ ဘာတွေက နောက်မှဆက်ရှင်း၊ အခုအရေးကြီးတာက လုပ်ငန်းလည်ပတ်ဖို့ပဲ” လို့ ပြောပြီး သူ့ကို ပြေစာ ရေးပေးလိုက်ပါတယ်။ ပြေစာထဲမှာတော့ သူ့အတွက် ၁၀၀၀၀ နဲ့ လူကြီးအတွက် ၃၀၀၀၀ မပါဘူး၊ ဒဏ်ရိုက်တဲ့ ၃၀၀၀၀ ပဲ ပါပါတယ်။ ကျနော့် မိတ်ဆွေကလည်း မြန်မြန်ပေးပြီး မြန်မြန်ရှင်းရင်ပြီးရော ဆိုပြီး ပေးလိုက်တာပါ၊ မိတ်ဆွေမှာ နောက်ထပ် လုပ်ငန်း လိုင်စင်ကြေး ၁၅၀၀၀၀ ပေးရတာတို့၊ တခြား ဘာကြေး ညာကြေးတွေ အများကြီး ရှိပါသေးတယ်။ အဲဒီလိုမပေးရင် လုပ်ငန်းလုပ်ခွင့်မရမှာ စိုးရိမ်တာကြောင့် ပေးလိုက်ရပါတယ်။ ဒါဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ပစ်မယ်၊ မြေလှန်ပစ်မယ် ဆိုတဲ့ ၂ နှစ်သား NLD အစိုးရ၊ ကျားဖမ်းမယ် ဆင်ဖမ်း မယ် ဆိုတဲ့ NLD အစိုးရ လက်ထက်မှာ တရားရုံးကအစ ယန္တရားဟောင်းနဲ့ လည်ပတ်နေတာကြောင့် လာဘ်စားတာ၊ လက်ဖက်ရည်ဖိုး ပေးရတာတွေဟာ အရင်အတိုင်းပါပဲ။ ဒါကြောင့် အဂတိလိုက်စားမှု ဆိုတာ ဘယ်လိုရှင်းကြမလဲ ဆိုရင် ပါလီမန်ခေတ်က လာဘ်ပေးလာဘ်ယူ တို့ရန်သူ ဆိုပြီး သကြားမင်း ဆင်းရှင်းတောင် မရှင်းနိုင်ဘူးလို့ ဆိုကြတယ်။ ဝန်ကြီးချုပ် ဦးနုက ခြအုံထဲ ထင်းရူးသေတ္တာ တလုံး ချပေးလိုက်တာကမှ ကြာဦးမယ်။ အစိုးရဌာနတွေ လာဘ်ယူတာ က ပိုမြန်ပါတယ်လို့ ကောက်ချက် ချလိုက်တာမျိုးပါပဲ။ ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာကို ဒီမိုကရေစီတပိုင်း အစိုးရလက်ထက်မှာလည်း ထပ် ဖွဲ့ လိုက် တယ်။ စစ်အစိုးရ လက်ထက်ကတည်းက ဝန်ကြီးဖြစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ် တယောက်က ဦးသိန်းစိန် အစိုးရ လက် ထက် မှာလည်း ဝန်ကြီး ဖြစ်ခဲ့တယ်။ သူ့ကို ကော်မတီ ဥက္ကဋ္ဌ အဖြစ် အဂတိလိုက်စားမှုတွေကို တိုက်ဖျက် သုတ်သင် ချေမှုန်း မျိုးဖျက်မယ် ဆိုတဲ့ ခြောက် လုံး လှန့်လုံးတွေနဲ့ တာဆူလာတာကို သိရှိ လိုက်ရတာကြောင့် တကယ်ပဲ ဖြစ်လာ မလား၊ အရင့်အရင် အစိုးရတွေ လက်ထက်က တပ်လန်သွားသလိုပဲ လန်သွားမလား ဆိုတာ စောင့်ကြည့်ရပါ လိမ့်မယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ကတော့ ရန်ကုန်မြို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ ကုလသမဂ္ဂ မူးယစ်ဆေး ဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ပွဲကို ကျင်းပတဲ့ အခါ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ထင်ရှားတဲ့ လူသိများ တဲ့ အကျင့်ပျက် ပုဂ္ဂိုလ်တချို့ကို အရင်ဆုံး ရုံးတင်အပြစ်ပေးရမယ်လို့ ဆိုတယ်၊ “ငါးကြီးကြီးတချို့ကို ကြော်ရန် လိုအပ် တယ်” လို့ ပြောကြား သွားတာကို ဖတ်ရပါတယ်။ “အဂတိလိုက်စားမှု ဆိုသည်မှာ အများပြည်သူများ အကျိုးဆောင်ရန် ပေးအပ်ထားသည့် အာဏာနှင့် အခွင့်အရေး များ ကို ပုဂ္ဂလိက အကျိုးအမြတ် အတွက် အသုံးပြုခြင်းဟု ဒေါက်တာဦးမြင့်က ဖွင့်ဆိုထားပြီး တနည်းဆိုသော် လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခံထားရသူ တယောက်က သူတရားဝင် ရရှိထားသော အဆင့်၊ နေရာ နှင့် ရာထူးဌာနန္တရကို သူ့ ကိုယ် ကျိုးစီးပွား အတွက် အသုံးပြုခြင်းကို ဆိုလိုကြောင်း” ဒေါက်တာ ဦးမြင့်က ပြောကြားသည်။ အဆိုပါဖွင့်ဆိုချက်အရ အဂတိလိုက်စားမှု မြောက်သည့် အပြုအမူများတွင် အကျုံးဝင်သည်များက လာဘ်ပေး လာဘ် ယူ ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစား လုပ်ခြင်း၊ ဖော်လန်ဖား၍ အကျိုးစီးပွားရှာခြင်း (Nepotisn) သား၊ တူ၊ ညီများ ကောင်းစားရေး ဆောင်ရွက်ခြင်း၊ (Cronyism) အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ပိုင် အဖြစ် သုံးစွဲခြင်းနှင့် သြဇာသုံး အကြံအဖန် လုပ်ခြင်း (Influence Peddling) တို့ဖြစ်ကြောင်း ဒေါက်တာ ဦးမြင့်က ဆို သည်။ လက်ရှိတွင် အစိုးရ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ရန်မှာ တိုင်းသူပြည်သားများ၏ ယုံကြည် လက်ခံ မှု ရှိရန်လိုအပ်ကြောင်း ဒေါက်တာ ဦးမြင့်က ပြောကြားသည်။ ပြည်သူများ လက်ခံယုံကြည်ရန် အကျင့်ပျက် ဆက်ဆံရေး၏ ဘက်နှစ်ဘက်ဖြစ် သော ဝယ်လိုအားနှင့် ရောင်းလိုအား ဘက်တွင်ရှိသည့် ကျူးလွန်သူများကို အစိုးရက အမှန်တကယ်အရေးယူ တိုက်ဖျက်နေကြောင်း ပြည်သူများ လက်ခံ ယုံကြည်စေရန် လိုအပ်သည်ဟု ဒေါက်တာ ဦးမြင့်က ဆိုသည်။ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် အရေးယူဖို့တိုက်ဖျက် နိုင်ဖို့ဆိုတာ ကော်မရှင်အဖွဲ့ဝင်တွေ တကယ့်ကို သမာ သမတ်ကျပေမယ့် အရေးယူနိုင်မယ်လို့ ကံသေကံမ မပြောနိုင်ပါဘူး၊ ခေါင်ကစ မိုးလုံဖို့လိုတယ်၊ အရေးကြီးတာ က နိုင်ငံတော်ရဲ့ ယန္တရားတွေအားလုံးကို ချုပ်ကိုင်ထားတဲ့ အစိုးရအဖွဲ့၊ အာဏာရ ပါတီ၊ သူတို့က အဂတိ လိုက်စားမှု ကို တိုက်ဖျက်နိုင်မှသာ ဖြစ်ပါမယ်။ ပါလီမန်ခေတ်က ဝန်ကြီးတော်တော်များများဟာ စစ်အာဏာရှင်ခေတ် အဆက်ဆက်က အာဏာရ ဗိုလ်ချုပ်တွေ ထိပ် ပိုင်း ကနေ အောက်ပိုင်းအထိ စစ်ဗိုလ်ချုပ်တွေလို အကျင့်ပျက်ကြတာ မဟုတ်ဘူး၊ ဒါပေမယ့် ဦးနုခေတ်မှာ အဂတိ လိုက် စားမှုကို မတိုက်ဖျက်နိုင်ပါဘူး။ “လာဘ်ပေးလာဘ်ယူ တို့ရန်သူ” ဆိုပြီး အဂတိ လိုက်စားသူတွေကို ပေးသူရော ယူသူရော မျက်နှာမထောက်ထားဘဲ ဖမ်းဆီးဖို့ (BSI) ဆိုတဲ့ စသုံးလုံးအဖွဲ့ကြီးကို ဖွဲ့ခဲ့တာပဲ၊ ဒါပေမယ့် ယျေဘုယျ အကျင့်ပျက်ခြစားမှုဟာ ယန္တရားကြီးက ယူနေပြန်တော့ တိုက်ဖျက်ရေး မအောင်မြင်ခဲ့ပါဘူး၊ ပါလီမန်ခေတ်ကထက် စစ်အာဏာရှင် ခေတ်မှာတော့ အဆိုးရွား ဆုံး နဲ့ ကမ္ဘာမှာ အကျင့်ပျက်ခြစားတဲ့ နိုင်ငံတွေထဲ ထိပ်ဆုံးရောက်သွားပါတယ်။ ဒါကြောင့်လည်း နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရဆိုတဲ့ ဥပဒေမျိုးကို ၂၀၀၈ ဖွဲ့စည်းပုံထဲ ထည့်သွင်း ရေးဆွဲ ခဲ့တာ မဟုတ်ပေဘူးလား။ ယခုအစိုးရရဲ့ သမ္မတကြီးကိုရော၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုရော၊ ဝန်ကြီး အတော်များများ ကိုရော၊ အဂတိ လိုက်စားမှု အတွက် ဥပဒေကို ချိုးဖောက်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ယန္တရားပဲ၊ အောက်ခြေဝန်ထမ်းတွေ၊ အမြဲတမ်း အတွင်းဝန်တွေ စတာတွေကိုတော့ ကျနော်တို့ တာဝန် မယူ နိုင်ဘူး အနည်းနဲ့အများ ရှိနေတာကိုတော့ ရိုးရိုးသားသား ဝန်ခံကြမယ်ဆိုရင် ဒီဖြစ်စဉ်ကြီးဟာ အမှန်တကယ် ရှိနေပါ တယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တယ်ဆိုတဲ့ တရုတ်လို ဗိယက်နမ်လို နိုင်ငံတွေမှာတောင် အကျင့်ပျက် ခြစားမှုတွေ ရှိနေ တာ ပဲ၊ ပြစ်ဒဏ်ကတော့ ပြင်းထန်ပါတယ်၊ သေဒဏ်၊ တသက်တကျွန်း၊ အကြီးဆုံး ငါးတွေလည်း ကြော်လိုက်တာပဲ၊ ပါတီ ကလည်း ပြင်းပြင်းထန်ထန် အရေးယူတာပဲ၊ ဒါပေမယ့်လည်း အနည်းနဲ့အများတော့ ရှိနေဆဲပါပဲ။ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။ The post ငါးကြီးကြီး ကြော်ရဲရဲ့လား appeared first on ဧရာဝတီ.
Source : http://ift.tt/2HNTlnI
via IFTTT
No comments:
Post a Comment