Friday, February 23, 2018

The Voice

သမ္မတထရမ့်၏ လက်ထက်တွင် အမေရိကန် နာဇီလက်သစ်များ ထွက်ပေါ် ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ အမေရိကန်ပြည်ထောင်စုတွင် သမ္မတထရမ့် အာဏာရလာသည့် ပထမနှစ်အတွင်း လူမျိုးရေးမုန်းတီးမှု လှုံ့ဆော်သည့် နာဇီလက်သစ်အုပ်စုများ ထွက်ပေါ်လာခဲ့ပြီး ၂၂ ရာခိုင်နှုန်းခန့် ကြီးထွားလာခဲ့သည်ဟု အစီရင်ခံစာတစ်စောင်က တင်ပြ လိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်တွင် လူမျိုးမုန်းတီးရေးအုပ်စုများသည် အရေအတွက် ၉၅၄ ခုအထိ တိုးပွားလာခဲ့ပြီး ယခင်နှစ်ကထက် ၄ ရာခိုင်နှုန်း တိုးလာသည်ဟု Southen Poverty Law Center SPLC အစီရင်ခံစာအရ သိရှိရသည်။ အဆိုပါ ထရမ့်လိုလားသော အုပ်စုများ တိုးပွားလာမှုကြောင့် Nation of Islam ကဲ့သို့သော လူမည်းအမျိုးသားရေးအုပ်စုများ တန်ပြန်ထွက်ပေါ်လာသည်ကို တွေ့ရသည်ဟုဆိုသည်။ သမ္မတထရမ့် အာဏာရလာသည့် ပထမနှစ်တွင် ၎င်းမဲဆွယ်ခဲ့သည့်အတိုင်း လူမျိုးရေးခွဲခြားမှုကို လုပ်ဆောင်ပြခဲ့သော်လည်း အကျိုးဆက်မှာ ပို၍ကြီးမားသည်ဟု အစီရင်ခံစာကဆိုသည်။ ယခုအခါ အမေရိကန်တွင် လူမျိုးကြီး ဝါဒီအုပ်စု ၆၀၀ ကျော်အထိ ရှိလာခဲ့ပြီး နာဇီလက်သစ်အုပ်စုများမှာမူ ယခင်နှစ်က ၉၉ ဖွဲ့ ရှိရာမှ ၂၂ ရာခိုင်နှုန်း တိုးကာ ၁၂၁ ဖွဲ့အထိ ရှိလာခဲ့သည်။ နာဇီလက်သစ်အုပ်စုများသည် ဂျူး မုန်းတီးရေး၊ ဟစ်တလာနှင့် ဂျာမနီကို ချစ်မြတ်နိုးရေးတို့ကို ဝါဒဖြန့်ချိသည့်အပြင် အခြားသော လူနည်းစု တိုင်းရင်းသားများနှင့် လိင်တူချစ်သူများဆိုင်ရာ LBGT အသိုင်းအဝိုင်းများကိုပါ နှိမ့်ချဆက်ဆံကြသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် မွတ်ဆလင်မုန်းတီးရေးအုပ်စုများ ကြီးထွားလာမှုကို သုံးနှစ်ဆက်တိုက် ကြုံတွေ့နေရသည်။ လူမျိုးမုန်းတီးရေး အုပ်စုများသည် ၂၀၁၄ နောက်ပိုင်းတွင် ၂၀ ရာခိုင်နှုန်း ကြီးထွားလာခဲ့ပြီး ဒေါ်နယ်ထရမ့်သည် နိုင်ငံတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ပိတ်ပင်မည့်လမ်းကြောင်းပေါ်တွင် စည်းရုံးလှုံ့ဆော်ကာ အာဏာရရှိလာခဲ့ခြင်း ဖြစ်သည်။ အမေရိကသို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ပိတ်ပင်မည့် ထရမ့်၏ ကြိုးပမ်းမှုများကို လူဖြူလူမျိုးကြီးဝါဒီများက အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသည်။ ထိုအတောအတွင်း အမေရိကန် လူမည်းများကို ခွဲခြားနှိမ့်ချရာတွင် ထင်ရှားခဲ့သည့် Ku Klux Klan ကေသုံးလုံး ဂိုဏ်းမှာမူ တစ်နိုင်ငံလုံးတွင် ထောက်ခံအားပေးမှု မရရှိတော့ပေ။ “ဒီကျဆင်းမှုဟာ ကေသုံးလုံးဂိုဏ်းရဲ့ အဆင်တန်ဆာတွေနဲ့ လျော့ရဲတဲ့ ဖွဲ့စည်းပုံတွေကို လူဖြူလူမျိုးကြီးဝါဒီ မျိုးဆက်သစ်တွေက လက်မခံကြတော့ဘူးဆိုတာကို ထင်ထင်ရှားရှား ပြသနေပါတယ်” ဟု SPLC အစီရင်ခံစာကဆိုသည်။ သို့ရာတွင် ၂၀၁၇ သည် ယောကျာ်းကြီးစိုးရေးဝါဒီများ ခေါင်းထောင်လာသည့် နှစ်အဖြစ် ထင်ဟပ်ခဲ့ပြီး အစီရင်ခံစာပါ နှစ်အုပ်စုစလုံး၏ အဓိကရည်မှန်းချက်မှာ အမျိုးသမီးများကို နှိမ့်ချရေးဖြစ်သည်ဟု SPLC အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source : https://goo.gl/Jxer6h
via IFTTT

No comments:

Post a Comment