ချင်းတပြည်နယ်လုံး ကော်ဖီစိုက်ရန် စီစဉ်နေဟု ပြည်နယ် ဝန်ကြီးချုပ်ပြော ဒေသဖွံ့ဖြိုးရေး နိမ့်ကျနေခြင်းကို တဖက် တလမ်းက အထောက်အကူပြုရေး ချင်းပြည်နယ် တပြည် လုံး၌ ကော်ဖီစိုက်ပျိုးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်တခုလုံးတွင် ကော်ဖီပင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းနေပြီး ၂၀၁၇ ခုနှစ်အတွင်း ကော်ဖီပျိုးပင် ၁ သိန်းကို တောင်သူများထံ ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “ ကျနော်တို့ ချင်းတပြည်လုံးမှာ ကော်ဖီစိုက်မယ်။ အခုလည်း လုပ်နေပါပြီ၊ ကော်ဖီက အရင်တုန်းကတည်းက စိုက်လာတာ အခုအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်ထောင်စုအစိုးရကလည်း ထောက်ပံ့ ပေးနေပါတယ်”ဟု ပြောသည်။ လက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့က တောင်သူများ ကော်ဖီစိုက်ပျိုးလာရေးအတွက် အသိပညာပေး လုပ်ငန်းများ အပါအဝင် ကော်ဖီစိုက်ပျိုးနည်းနှင့် ထိန်းသိမ်းနည်းများကို ပြည်ပပညာရှင်များဖြင့် သင်တန်းပေးနေ ကြောင်း ၎င်းက ပြောသည်။ ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တော်နှင့်သတ္ထုဝန်ကြီး ဦးမာန်ဟင်းဒါးလ်ကမူ ချင်းပြည်နယ် တပြည်လုံး၌ ကော်ဖီ စိုက်ပျိုးခြင်းမှာ ကောင်းမွန်သော်လည်း အမြင့်ပေ ၅၀၀၀ အထက်တွင် ဖြစ်ထွန်း နိုင်ခြေ ရှိ/ မရှိကို လေ့လာရမည်ဖြစ်သကဲ့သို့ မြေအနေအထားကိုလည်း လေ့လာရမည် ဖြစ်ကြောင်း ပြောသည်။ “ကော်ဖီဆိုလည်း ပင်လယ်ပြင် အမြင့် ၄၀၀၀ လား၊ ၃၀၀၀ လား၊ ၅၀၀၀ လားဆိုတာနဲ့ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ စဉ်းစားရတယ်၊ တပြည်လုံးဆိုတဲ့ နေရာမှာ ဖြစ်တဲ့နေရာက ဖြစ်တယ်။ သိပ်မဖြစ်တဲ့ နေရာလည်း ရှိတယ်။ ဒါပေမယ့် ပေ ၅၀၀၀ အထက်မှာ သိပ်တော့ မတွေ့ရဘူး၊ သူ့မြေအနေအထားနဲ့ ပင်လယ်ပြင် အမြင့်နဲ့ ကိုက်ညီမှ ကျနော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့နယ်များ၌ ကော်ဖီစိုက်ပျိုးမှု ဖြစ်ထွန်းနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောသည်။ ထိုဒေသများမှ ကော်ဖီစေ့များကို အမေရိကန်၊ သြစတေးလျ၊ အိန္ဒိယ၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့ကာ ဈေးကွက် ဖြန့်ကျက်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် က ပြောသည်။ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တော်နှင့်သတ္ထုဝန်ကြီး ဦးမာန်ဟင်းဒါးလ်က“သင့်တော်တဲ့ နေရာ၊ စိုက်ပျိုး နိုင်တဲ့ နေရာအပြင် စိုက်တဲ့ လူတွေ စိုက်ဖို့ အာသီသရှိမှရမယ်။ အစိုးရဌာနကတော့ အကုန်လုံး စီးပွား ရေး လုပ်ပြီး စိုက်မယ်၊ ပျိုးမယ်၊ ခူးမယ် ၊ ရောင်းမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကြီး တခုလုံးလုပ်ဖို့ လမ်းညွန် ချက် မရှိဘူး။ လုပ်နိုင်တဲ့ အင်အားလည်း မရှိဘူး။ တောင်သူ တွေရဲ့ ဆန္ဒကို စည်းရုံးပြီးတော့ လုပ်ရ တယ်။ ကျနော်တို့က တတ်နိုင်သမျှ ပျိုးပင် ပံ့ပိုးပေးမယ်”ဟု ပြောသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့သည် တောင်သူများထံ ကော်ဖီ ပျိုးပင်များကို အခမဲ့ ဖြန့်ကာ ကော်ဖီစိုက်ပျိုး လာရေးအတွက် ကြိုးပမ်းနေကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ကော်ဖီပျိုးပင်ပေါင်း ၂ သိန်းဝန်းကျင်ကို ဖြန့်ဝေပေး သွားရန် စီစဉ် ထားကြောင်း ၎င်းက ဆိုသည်။ ဖလမ်းမြို့မှ ဒေါ်မိုင်ဆွီးက “တောင်ပိုင်းမှာ ပိုစိုက်တယ်။ ဒီဘက်မှာကျ စိုက်ပျိုးရေးက လာမေးတယ်။ ဘယ်နှစ်ပင် စိုက်ချင် သလဲ ဆိုပြီး၊ စိုက်ချင်တဲ့ သူတွေက စာရင်းတော့ ပေးထားတယ်။ ဘာမှ အကြောင်းမပြန်သေးဘူး။ ဖလမ်းမြို့မှာပေါ့။ အခု မြန်မြန်စိုက်ချင်တာပေါ့။ ဘာမှ ပြန်မကြားရ သေးဘူး။ အဲဒီတော့ ကျမတို့လည်း ဘာလုပ် ရမလဲ မသိဘူးဖြစ်နေတယ်”ဟု ပြောသည်။ The post ချင်းတပြည်နယ်လုံး ကော်ဖီစိုက်ရန် စီစဉ်နေဟု ပြည်နယ် ဝန်ကြီးချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2HOKX7p
via IFTTT
No comments:
Post a Comment