Monday, February 26, 2018


ကွယ်လွန်သူ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး Sridevi (ဆရီဒေဝီ) ရဲ့ နောက်ဆုံးခရီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ ကမ္ဘာကျော် ဘောလိဝုဒ် ရုပ်ရှင် မင်းသမီး Sridevi (ဆရီဒေဝီ) ရဲ့ နောက်ဆုံးခရီးကို မြင်တွေ့လိုကြတဲ့ သူ့ရဲ့ ပရိသတ်တွေ ယနေ့၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ မင်းသမီးရဲ့ နေအိမ်အပြင်မှာ လာရောက် စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။ အသက် ၅၄ နှစ် အရွယ်၊ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး Sridevi ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှာ တူမဖြစ်သူ Mohit Marwah ရဲ့ လက်ထပ်ပွဲကို တက်ရောက်ဖို့ မိသားစုနဲ့အတူ ရောက်ရှိနေတဲ့ အချိန် နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူကွယ်လွန်ပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ကတည်းက မင်းသမီး နေထိုင်ရာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ Lokhandwala Complex ထဲမှာရှိတဲ့ မင်းသမီးရဲ့ နေအိမ်အပြင်ဘက်မှာ Sridevi ရဲ့ နောက်ဆုံးခရီးကို မြင်တွေ့လိုတဲ့ ပရိသတ်တွေ တသီသတန်းကြီးကို လာရောက်စောင့်ဆိုင်းနေကြတာကို မြင်တွေ့ရတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ အိန္ဒိယလေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ ကွန်လွန်သူ မင်းသမီးရဲ့ အလောင်းကို တင်ဆောင်မယ့် ကိုယ်ပိုင် ဂျက်လေယာဉ်ဟာ မွန်ဘိုင်းမြို့ကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နေ့လည် ၁ နာရီမှာ ထွက်ခွာသွားပြီး ည ၈ နာရီမှာ ဒူဘိုင်းကနေ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီးရဲ့ အိမ်ကို ဘယ်အနုပညာရှင်မှ ရောက်ရှိလာတာ မတွေ့ရသေးပါဘူး။ မင်းသမီးရဲ့ နေအိမ်ရှေ့မှာ ရောက်ရှိနေသော ပရိသတ်များနှင့် မီဒီယာသမားများ / The Hindu Seridevi ရဲ့ အိမ်အပြင်ဘက်မှာတော့ လူစုလူဝေး ဖြစ်ပေါ်မှုကို ရှင်းလင်းဖို့ အတွက် လုံခြုံရေးနဲ့ ရဲကား ၂ စီး ချထားတာကို တွေ့ရပါတယ်။ ကလေးဘဝကတည်းက သရုပ်ဆောင်တဦး ဖြစ်ခဲ့တဲ့ Sridevi ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ရုံဝင်ငွေ အများဆုံးရတဲ့ ရုပ်ရှင်တွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဘောလိဝုဒ် မင်းသမီးတလက် ဖြစ်ပါတယ်။ ခဲအိုဖြစ်သူ သရုပ်ဆောင် Anil Kapoor နဲ့ Urmila Matondkar တို့နဲ့အတူတူ တွဲသရုပ်ဆောင်ခဲ့တဲ့ “Judaai” ရုပ်ရှင် ရိုက်ပြီးတဲ့နောက် ၁၅ နှစ်လောက် အနုပညာလုပ်ငန်းတွေကို ခေတ္တရပ်နားခဲ့ပါသေးတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာ ဒါရိုက်တာကြီး Gauri Shinde ရိုက်ကူးတဲ့ “English Vinglish” ရုပ်ရှင်ကြောင့် ငွေရောင် ပိတ်ကားထက်မှာ တောက်ပတဲ့ ရွှေကြယ်တပွင့် ဖြစ်လာသလို ၂၀၁၇ ခုနှစ်မှာ မင်းသမီး နောက်ဆုံးရိုက်ခဲ့တဲ့ Drama သည်းထိတ်ရင်ဖို လက်စားချေရုပ်ရှင် “Mom” ဇာတ်ကားဟာလည်း ကမ္ဘာတဝှမ်းမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တကားပါ။ မင်းသမီး Sridevi (ဆရီဒေဝီ) ဟာ ၂၀၁၈ နှစ် ဒီဇင်ဘာလမှာ ဖြန့်ချိမယ့် မင်းသား Shah Rukh Khan ရဲ့ “Zero” ရုပ်ရှင် မှာလည်း ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ကမ္ဘာကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး “Sridevi (ဆရီဒေဝီ)” နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် Ref : PTI The post ကွယ်လွန်သူ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး Sridevi (ဆရီဒေဝီ) ရဲ့ နောက်ဆုံးခရီး appeared first on ဧရာဝတီ.
Source : http://ift.tt/2Cm3zwa
via IFTTT

No comments:

Post a Comment