မိုင်းခင်းလမ်း၊ စစ်ဘေး ဒုက္ခ နဲ့ မယ်သဝေါ ဒေသ နှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့တဲ့ မွေးရပ်မြေ ရွာလေးကို ပြန်သွားကြည့်ပြီးတဲ့ ဦးတကီး တယောက် သူ့ရွာကို သူ့ သားသမီး တွေ မြေးတွေ ခေါ်ပြီး ပြန်နေဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သိသွားပါတယ်။ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးတကီးနဲ့ သူ့သားသမီး၊ မြေးတွေ သိုက်သိုက်ဝန်းဝန်း နေခဲ့တဲ့ ဘောသရောရွာက စစ်ပွဲ ဒဏ် ကြောင့် လုံးဝပျက်စီးနေပါပြီ။ “ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကို ကျနော်ပြန်သွားကြည့်တာ။ ရှေ့ကိုတောင် ဆက်မသွားရဲတော့ဘူး။ ခြုံတွေနဲ့ တောကြီးဖြစ် နေပြီ။ နေရဲစရာကို မရှိတော့ဘူး။ မိုင်းလည်း ကြောက်ရတယ်”လို့ ဦးတကီးက ပြောပါတယ်။ အိမ်ခြေ ၄၉ အိမ်၊ လူဦးရေ ၃၀၀ ကျော် နေထိုင်ခဲ့တဲ့ ဘောသရောရွာကြီးက အခုတော့ ခြုံနွယ်တွေနဲ့ လူသူမရှိတဲ့ တော အုပ်ကြီးလို ဖြစ်နေပါပြီ။ တခါတရံ ရွာပျက်တွေနားကို သွားလာနေတဲ့ တိုးတတ်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ ဝင်တွေ ရောက်လာတတ်လို့လည်း ဒီရွာမှာ ပြန်နေဖို့ မလုံခြုံဘူးလို့ ဦးတကီးက ဆိုပါတယ်။ သူ့သားသမီးတွေ မြေးတွေနဲ့ ပြန်နေဖို့ စဉ်းစားနေသေးသလားလို့ မေးတော့ သူက ခေါင်းကို ရမ်းပြီး “မိသားစုနဲ့ ပြန်မယ် ဆိုရင် ၁ ယောက်မဟုတ် ၁ ယောက် အပြင်ထွက်ရင် မိုင်းအန္တရာယ်စိုးရိမ်ရတယ်။ ပြန်မရဲပါဘူး။ ပြန်လို့ မဖြစ်တော့ဘူး”လို့ ပြောပါတယ်။ ဦးတကီးက ဇနီး၊သားသမီး၊ သားမက်၊ မြေးတွေနဲ့ စုစုပေါင်း မိသားစုဝင် ၁၁ ယောက်နဲ့အတူ မြိုင်ကြီးငူ အထူးဒေသက မြတ်ပန်းဝတ်မှုံစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူ ၁ ဦးပါ။ မြိုင်ကြီးငူဒေသက ဘားအံမြို့ကနေ ကားစီးသွားရင် ၂နာရီခန့် သွားရတဲ့ အကွာအဝေးမှာ ရှိပါတယ်။ ၂၀၁၆ခုနှစ်က ဦးတကီးတို့ နေတဲ့ မယ်သဝေါဒေသက ထီးနော့ထရွာနားမှာ DKBA နဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့် တပ် (BGF) တို့ စစ်ရေး တင်းမာလာတာကြောင့် ဦးတကီးတို့ ရွာကလူတွေအပြင် မယ်သဝေါ ဒေသတခုလုံး ရွာပေါင်း ၃၀ ခန့် က လူဦးရေ ၅၀၀၀ ကျော်က မြိုင်ကြီးငူ ဒေသကို စစ်ဘေးရှောင်ခဲ့ရတာပါ။ စစ်ဘေးရှောင်နိုင်ဖို့အတွက် မြိုင်ကြီးငူဆရာတော်က စီစဉ်ပေးပြီး ကားတွေနဲ့ ခေါ်ထုတ်ခဲ့တာ ဖြစ်ပြီး သူတို့အားလုံး ထွက်ပြေးပြီးနောက် အဲဒီညမှာပဲ DKBA နဲ့ BGF တို့ တိုက်ပွဲတွေ စပါတော့တယ်။ စစ်ရှောင်ရတဲ့ ကာလ ၁ နှစ်ကျော်လာလို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ အိမ်ကို သွားပြန်ကြည့်တဲ့အခါ ပြန်ဖို့ မဖြစ်နိုင် တော့တာ သိလာသလို ရွာဘက်ကို ပြန်တဲ့ သူ့ရဲ့သားမက်ကိုလည်း လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က လူမှား ပစ်ခတ်လို့ သေဆုံးသွား တာကြောင့် ဦးတကီးတယောက် သူ့အိမ်ကို မိသားစုတွေ ခေါ်ပြီး ပြန်ဖို့ အတွေးတွေကို ထပ်ပြီး မစဉ်းစား တော့ဘူးလို့ ပြော ပါတယ်။ ဒီ့အပြင် သူစိုးရိမ်နေသေးတာကတော့ မြေမြှုပ်မိုင်းအန္တရာယ်ပါ။ မြိုင်ကြီးငူဒေသမှာ စစ်ဘေးရှောင်နေတာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ မယ်သဝေါဒေသက ရွာ ၃၀ခန့်မှ ဒေသခံ ၅၅၀၀ ကျော် ကို မြိုင်ကြီးငူ ဆရာတော်ကြီးက အေးလင်းမြတ်ရှင်စခန်းနဲ့ မြတ်ပန်းဝတ်မှုံစခန်း မှာ နေရာချထားပေးပါတယ်။ အေးလင်းမြတ်ရှင်စခန်းမှာတော့ အိမ်ထောင်စု ၇၂၆ စုက လူဦးရေ ၃၈၄၄ ဦးခိုလှုံနေပြီး မြတ်ပန်းဝတ်မှုံစခန်းမှာတော့ အိမ် ထောင်စု၂၈၁ စုကလူဦးရေ ၁၆၈၁ ဦးခိုလှုံနေပါတယ်။ စစ်ဘေးရှောင် အများစုက မယ်သဝေါဒေသမှာ နေထိုင်စဉ်က ရာဘာ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဝဥနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသလို တောလိုက်မုဆိုးအဖြစ် အသက်မွေးသူတွေ ဖြစ်ပါတယ်။ မြိုင်ကြီးငူဒေသက စစ်ဘေးရှောင်စခန်းတွေမှာ အလှူရှင်တွေဆီကရတဲ့ ဆန်နဲ့ ထမင်းကိုသာ အဓိက ချက်ပြုတ် ကျွေးမွေး တာကြောင့် စစ်ဘေးရှောင်တွေက ဟင်းဖိုးနဲ့ မိသားစုကုန်ကျစရိတ်တွေကို ကိုယ်တိုင် ရှာဖွေရပါတယ်။ ရံဖန်ရံခါမှာ ဟင်းသီးဟင်းရွက်အလှူရှင်ရှိရင်တော့ စခန်းကနေ ဟင်းကိုပါ ချက်ပြုတ်ပေးပါတယ်။ အိမ်နဲ့ သီးပင်စားပင် စိုက်ခင်းတွေ လယ်ယာတွေကို ပစ်ထားခဲ့ကြရတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ တိုက်ပွဲတွေ ငြိမ်တယ် လို့ ကြားရင် အရဲစွန့်ပြီး အိမ်နဲ့ ယာခင်းတွေဆီ ပြန်ခဲ့ကြသူတွေလည်း ရှိပါတယ်။ မိသားစု စားဝတ်နေရေး အတွက် နေရပ်ရင်းရွာကို ပြန်ပြီး အိမ်နဲ့စိုက်ခင်းမြေ အခြေအနေတွေကို ပြန်ကြည့်ဖို့ ဟင်းသီး ဟင်းရွက် ရှာဖို့ မယ်သဝေါ ဒေသထဲကို ပြန်သွားခဲ့သူတွေ ရှိပေမယ့် သူတို့တွေဟာ မိုင်းထိလို့ သေဆုံးသွားသလို တချို့ ကတော့ မိုင်းဒဏ်ကြောင့် ခြေတဖက် ပြတ်ပြီး စခန်းကို ပြန်ရောက်လာကြပါတယ်။ မြတ်ပန်းဝတ်မှုံ စစ်ဘေးရှောင် ဒုက္ခသည်စခန်းက တာဝန်ခံ ၁ ဦးဖြစ်တဲ့ ဦးစောစိန်ပန်းက “အခု ကျနော်တို့ တချိန်လုံး စိတ် ထဲမှာထည့်ထားနေရတာ မိုင်းပဲ။ များသောအားဖြင့် ကျနော်တို့ စစ်ရှောင်အဖွဲ့တွေ ပြန်သွားရင် အဓိကတော့ ဒီမိုင်း ၁ ခုပဲ။ နောက်ပိုင်း တိုက်ပွဲတွေ ဖြစ်တယ် ပြုတယ် ဆိုတော့ ပြန်သွားရင် သူများ ပေါ်တာဆွဲမှာလည်း ကြောက်ရ တယ်” လို့ ဆိုပါ တယ်။ စစ်ဘေးရှောင်စခန်းကနေ မယ်သဝေါဒေသကို ပြန်သွားလို့ မိုင်းထိတဲ့သူတွေ စာရင်းကိုတော့ စခန်းက တာဝန်ခံတွေက စာ ရင်းပြုစုထားတာ မရှိလို့ အသေးစိတ် မသိရပါဘူး။ စစ်ဘေး ရှောင်သူများ နေထိုင်သော တဲအိမ်များ(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ) ဦးစောစိန်ပန်းက “၂၀၁၆တုန်းက သေတာ ၂ ယောက်ရှိတယ်။ ပွဲချင်းပြီး သေတာ။ ၂၀၁၇ မှာ ပြတ်တာပြုတာ မရှိဘူး။ သေတယ် ထိတယ်။ ကျနော်တို့ စခန်းမှာက အဲဒီကိစ္စကို သေချာ မပြုစုထားတော့ စာရင်းမရှိဘူး ဖြစ်နေတာ” လို့ ပြော ပါ တယ်။ မိုင်းထိတဲ့ သူတွေထဲမှာ ဦးစောစိန်ပန်း မှတ်မှတ်ရရ ရှိနေသူ ၂ ဦးကတော့ ဦးငါန်းတိုးနဲ့ မောင်သုည ပါ။ မြတ်ပန်းဝတ်မှုံစခန်းမှာ နေထိုင်တဲ့ ဦးငါန်းတိုး ဆိုသူ ၁ ဦးမှာလည်း ၂၀၁၇ ခုနှစ်က ၎င်းရဲ့ နေရပ်ရင်း ထိနော့ထရွာကို ပြန် ပြီး စိုက်ခင်းတွေကို ပြန်ကြည့်ရာက အပြန်လမ်းမှာ မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်သွားတယ်လို့ ဦးစောစိန်ပန်း က ပြောပြပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း မောင်သုည အမည်ရှိ မယ်သဝေါဒေသခံ ၁ ဦး နေရပ်ရင်း ပြန်ရင်း မနက်စောစော မိုင်းနင်း မိပေ မယ့် ကယ်ဆယ်သူတွေက ညနေမှ ရောက်လာတာကြောင့် သွေးလွန်ပြီး သေဆုံးသွားတယ် လို့ ဦးစောစိန်ပန်းက ဆိုပါ တယ်။ မယ်သဝေါဒေသက တောတောင်ထူထပ်ပြီး တောလမ်းကလေးတွေကြားထဲ တိုးဝှေ့သွားရတာ ဖြစ်တာကြောင့် မိုင်းထိ သံ ကြားရင်လည်း ကြားတဲ့ သူတွေက မိုင်းထိသူကို လာကယ်ဖို့ ချက်ချင်း မလုပ်ကိုင်ရဲကြပါဘူး။ မိုင်းထိတဲ့ အခါ ပွဲချင်းပြီး သေသွားတဲ့သူရှိသလို မသေဘဲ ခြေပြတ်သွားသူတွေလည်းရှိကြပြီး အနီးနားမှာ မိုင်းတွေ ထောင် ထားတာကို ထပ်နင်းမိမှာ စိုးရိမ်တာကြောင့် မိုင်းထိသူအနားကို သွားဖို့ ပြင်ဆင်ရင်း မိုင်းထိသူက သွေးလွန်ပြီး သေဆုံးရ သူတွေလည်း ရှိတယ်လို့ ဦးစောစိန်ပန်းက ပြောပါတယ်။ အေးလင်းမြတ်ရှင် စခန်းမှာ ချက်ပြုတ်ရေး တာဝန်ကို ယူထားတဲ့ ဒေါ်နော်တင်လှ ကလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က သူ့စခန်းမှာ လာခိုလှုံဖို့ ပြေးလာကြတဲ့ စုစုပေါင်း အယောက် ၂၀၊ မိသားစု ၄စု လမ်းမှာ မိုင်းနင်းမိတာ ကြောင့် အိမ်ထောင်ဦးစီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၁၉ ဦးပဲ စစ်ဘေးရှောင်စခန်းကို ရောက်လာတယ် လို့ ပြောပြပါတယ်။ ဒေါ်နော်တင်လှက “သူတို့က တိုက်ပွဲတွေ ဖြစ်တော့ တောကြိုတောင်ကြားမှာ ပုန်းနေတယ်။ ကြာလာတော့ ရိက္ခာ မရှိ တော့ ထွက်လာတယ်။ ထွက်ပြီး မြိုင်ကြီးငူဘက်လာတာ မိုင်းထိပြီး ဆုံးတာ။ သူတို့ အဖေက အသက် ၆၀။ အဲဒီလို မိုင်း ထိတယ် ဆိုတဲ့ သတင်းကြားတည်းက ဒီကလူတွေ မပြန်ရဲကြတော့ဘူး” လို့ ပြောပါတယ်။ လက်ရှိကာလမှာ မယ်သဝေါဒေသထဲက တိုက်ပွဲတွေ ငြိမ်နေလား၊ ဆက်ဖြစ်နေလား ဆိုတာကို ဒေသခံတွေ မသိကြ ပါဘူး။ သူတို့သိတာက စစ်ရေးအခြေအနေတွေ တင်းမာနေဆဲမို့ မယ်သဝေါ ရွာတွေဆီ သွားတဲ့ ကျုံထော်လမ်းကို ပိတ်ထားတာ ပါပဲ။ DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့ မယ်သဝေါဒေသမှာ ပစ်ခတ်မှုတွေ ငြိမ်နေတာက သီတင်း နှစ်ပတ်ခန့် ရှိပြီလို့ ပြောပါတယ်။ ၎င်းက “သူတို့ (BGF) ဘက်က အင်အားဖြည့်ပြီး ကျနော်တို့ကို အမြစ်ဖြတ်လုပ်ဖို့ ရှိတယ်။ ကျနော်တို့ ဘက်ကလည်း အင် အား အရမ်းနည်းနေတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း အခက်အခဲရှိတော့ လိုအပ်တဲ့ ရိက္ခာတွေ ရသလောက် ပြန်စု ဖြည့်ထားတော့ နည်းနည်းသက်သာတာပေါ့။ လွန်ခဲ့တဲ့ ၁ ပတ်၊ ၂ ပတ်ကဆို စားဝတ်နေရေး မပြေလည်ဘူး” လို့ သူတို့ တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ပြောပြပါတယ်။ မယ်သဝေါ ဒေသထဲမှာ ဒေသခံတွေ မရှိတော့တာကြောင့် DKBA အဖွဲ့ရဲ့ ရိက္ခာရရှိရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ ရရှိရေး လမ်းကြောင်းကလည်း ကျပ်တည်းလာတယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။ မယ်သဝေါဒေသက DKBA အဖွဲ့ဟာ BGF အဖွဲ့တွေ ပိတ်ဆို့ထားတဲ့ တောထဲမှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေသလို လက်နက်ခဲယမ်း အင်အားလည်း နည်းနေတာကြောင့် မြေမြှုပ်မိုင်းကိုပဲ အဓိက တိုက်ခိုက်ရေး လက်နက်အဖြစ် အသုံး ပြုပြီး BGF ကို တန်ပြန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ စစ်ဘေး ဒုက္ခသည် တဦးဖြစ်သော ဘောသရော ရွာသား ဦးတကီး(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ) ပစ်ခတ်မှုတွေ ရပ်တန့်နေတဲ့ ယခုသီတင်းပတ် နှစ်ပတ်အတွင်းမှာ DKBA အဖွဲ့က ရိက္ခာတွေ ပြန်စုသလို ဆက်သွယ် ရေး စက်တွေနဲ့ တိုက်ခိုက်ရေး မိုင်းတွေပြုလုပ်ရာမှာ အသုံးပြုဖို့ ဓာတ်ခဲတွေကိုလည်း ပြန်စုဆောင်း ထားတယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။ ၎င်းက “အထူးသဖြင့် ကျနော်တို့က မိုင်းကိုပဲ ဦးစားပေးရတယ်။ ပစ်ခတ်တဲ့ နေရာမှာ တော်တော်ချွေတာရတယ်။ မိုင်း တွေလည်း လုပ်နိုင်သလောက် ပြန်လုပ်တယ်။ ဓာတ်ခဲတွေလည်း ပြည့်ပြည့်ဝဝ ပြန်ရှိတယ်ဆိုတော့ သူတို့ လာရင်တော့ ပြန်ခုခံနိုင်မှာပါ” လို့ ပြောပါတယ်။ DKBA အဖွဲ့ကို BGF ဘက်က အမြတ်ပြတ်ချေမှုန်းဖို့ သဘောထားရှိတယ်လို့ သိထားတာကြောင့် ရှိတဲ့ အင်အားနဲ့ ပြန်လည် ခုခံ တိုက်ခိုက်ဖို့ အမြဲ ပြင်ဆင်ထားတယ်လို့လည်း ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်တိုင်းမှာလည်း DKBA ဘက်က စခန်းပုံသေထိုင်တာမျိုး မရှိတာကြောင့် BGF ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်လို့ မရလို့ ရွေ့လျားပုံစံနဲ့ လှုပ်ရှား နေရတာကလည်း သူတို့ရဲ့ အားသာချက် တခုပဲ လို့ ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောပါတယ်။ မယ်သဝေါ ဒေသက တိုက်ပွဲတိုင်းမှာ DKBA ဘက်ကပဲ မိုင်းသုံးတာ မဟုတ်သလို BGF ဘက်ကလည်း မိုင်းတွေကို အများကြီး သုံးတယ်လို့ ဗိုလ်မှူးကြီးစောဆန်းအောင်က ဆိုပါတယ်။ ဗိုလ်မှူးကြီး စောဆန်းအောင်တို့ရဲ့ DKBA အဖွဲ့က အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီ မှုစာချုပ် (NCA) လက်မှတ် ထိုးထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)က အဖွဲ့ဝင် ဟောင်းတွေပါ။ ၂၀၁၅ ခုနှစ် ဇူလိုင်လက BGF ၊ တပ်မတော်တို့နဲ့ တိုက်ပွဲဖြစ်ပွားရာ တပ်တွင်း မကျေလည်မှုတွေ ဖြစ်ပြီး ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးတဲ့ ကလို့ထူးဝါး ဗျူဟာ တခုလုံးကို DKBA က ထုတ်ပယ်သလို ပူးပေါင်းပါဝင်ခဲ့တဲ့ ကလို့ထူးဘော စစ်ဌာန ချုပ်က ဗိုလ်မှူးကြီး စောဆန်းအောင် တို့ကိုလည်း ထုတ်ပယ်လိုက်တာပါ။ ထုတ်ပယ်ခံရတဲ့ DKBA အရာရှိတွေက ပြန်လည်စုစည်းပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)ကို ပြန်လည်ထူထောင်ပြီး BGF နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာပါ။ ဗိုလ်မှူးကြီး စောဆန်းအောင်တို့က ယခင် DKBA အဖွဲ့မှာ ပါဝင်စဉ်က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ကိုယ်စား လှယ် အနေနဲ့ ပါဝင်ခဲ့ပေမယ့် ယခုအသစ်ပြန်လည်ဖွဲ့စည်းတဲ့ DKBAကိုတော့ အစိုးရဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်း ပြောဆို ဆွေးနွေးတာမျိုး မရှိပါဘူး။ ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် ကတော့ မယ်သဝေါက DKBA နဲ့ BGF တိုက်ပွဲတွေက ထိုင်းနဲ့ တရုတ် က ရင်း နှီးမြှုပ်နံှပြီး အကောင်အထည် ဖော်မယ့် ဟတ်ကြီး ရေကာတာ စီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး လမ်း ပိုင်း နေရာရအောင် BGF ဘက်က တိုက်ခိုက်နေတာ ဖြစ်ပြီး တိုက်ပွဲကာလတွေ အတွင်းမှာ မယ်သဝေါနဲ့ ကျောချင်း ကပ် နယ်မြေဖြစ်တဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်း၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်တဲ့ ဧရိယာထဲကို ဝင်ခွင့်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ ၂၀၁၆ ခုနှစ်က အစီရင်ခံစာ တစောင် ထုတ်ပြန် ပြောဆိုထားပါတယ်။ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း အတွင်း တွေ့ရသည့် စစ်ဘေး ဒုက္ခသည် တဲအိမ် တအိမ်(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ) မယ်သဝေါဒေသမှာ တိုက်ပွဲတွေ ဖြစ်နေရခြင်းကလည်း DKBA ဘက်က ခေါင်းဆောင်တွေက မပစ်ခတ်တော့ပါဘူးလို့ ကတိကဝတ်တွေ အပြန်အလှန်ပေးပြီး BGF တပ်ဖွဲ့ဝင်တွေရဲ့ ကင်းစခန်းကို ညဘက်လာရောက် ပစ်ခတ်ရာမှ ပြန်စ လာတဲ့ တိုက်ပွဲတွေသာ ဖြစ်တယ်လို့ BGF က ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။ ဟတ်ကြီး ရေကာတာ စီမံကိန်းကြောင့် တိုက်ခိုက်တာ လုံးဝမဟုတ်ဘူးလို့ ဗိုလ်မှူး နိုင်မောင်ဇော်က ငြင်းပါတယ်။ ဆက်ပြီး တိုက်ပွဲကာလအတွင်း BGF ဘက်ကလည်း မိုင်းအသုံးပြုတာ ရှိပေမယ့် DKBA ကတော့ မိုင်းကို ပမာဏပိုသုံး တယ်လို့ ၎င်းက ဆိုပါတယ်။ “လက်လုပ်မိုင်းနဲ့ မိုင်းမျိုးကို သူတို့ သုံးနေတယ်။ ကျနော်တို့ စစ်ကြောင်းတွေ သွားမယ်ဆို တပေ၊ တထောင့်ထွာရှိတဲ့ လမ်း လောက်ပဲ လမ်းဖောက်နိုင်တာ။ မိုင်းရှင်းသွားတာ။ လမ်းရှင်းသွားတာ။ အဲဒီလမ်းက လွဲပြီး တခြားနေရာကို မသွားရဲ ဘူး။ နယ်မြေကျွမ်းရင်တောင် မိုင်းကွဲတယ်” လို့ ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။ တိုက်ပွဲမကြာခဏ ဖြစ်ပွားထားတဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ DKBA ရဲ့ တိုက်ပွဲဝင် BGF တပ်ဖွဲ့ဝင်တွေ တော် တော်များများ ဒဏ်ရာ ရထားကြတယ်လို့လည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုပါတယ်။ “ဒီဘက်က အင်အား အလုံးအရင်းနဲ့လာတော့ အဟန့်အတားဖြစ်အောင် သူတို့က တော်တော်လေး မိုင်းခင်းထားတာ” လို့ သူက ပြောပါသေးတယ်။ ဒေသခံ ရွာသူရွာသားတွေ မဆိုနဲ့။ စစ်ရေးစစ်ရာ နားလည်တတ်ကျွမ်းတဲ့ BGF တပ်ဖွဲ့ဝင်တွေတောင် မိုင်း အန္တရာယ်ကို စိုးရိမ်နေရတဲ့ အနေအထားပါ။ လက်ရှိ DKBA နဲ့ BGF တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာက လှိုှုင်းဘွဲ့မြို့နယ်က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ် စခန်း တွေနဲ့လည်း ကျောချင်းကပ် ဖြစ်နေတာကြောင့် KNU တပ်ဖွဲ့ဝင်တချို့လည်း တခါတရံ မိုင်းနင်းမိလို့ ထိခိုက် တာမျိုး တွေ ရှိတယ်လို့ KNU အရာရှိ ၁ ဦးက ပြောပါတယ်။ စစ်ဘေးရှောင်များအတွက် ချက်ပြုတ်ရာ စားဖို(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ) မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေး အဖွဲ့က သုတေသီ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ ပူအန်စူဝမ် ကတော့ စစ်ပွဲအတွင်းမှာ မိုင်းကို အသုံးပြုတာက ရာဇဝတ်မှုကို ကျူးလွန် တာပဲလို့ ဧရာဝတီကို ဇန်နဝါရီလ အတွင်းက ပြောထားပါတယ်။ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့က ဇန်နဝါရီလထဲမှာပဲ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ မြေမြှုပ်မိုင်း အစီရင်ခံစာ ၁ စောင်ကို ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှာ မယ်သဝေါ ဒေသထဲ မှာ DKBA က မိုင်း ထောင်နေတယ် ဆိုတဲ့ အကြောင်းကိုလည်း တွေ့ရပါတယ်။ ထိုအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲက ပဋိပက္ခဒေသတွေမှာ မိုင်းကြောင့် သေဆုံးတဲ့သူ ၆၉ ဦး ရှိပြီး ၂၂၉ ဦး ဒဏ်ရာ ရထားတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်စာရင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ ပူအန်စူဝမ်က မြန်မာအစိုးရ၊ တပ်မတော်တို့ကိုလည်း မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ် ပိတ်ပင်ခြင်း သဘောတူ စာချုပ်နဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ် ပိတ်ပင်ခြင်း သဘောတူစာချုပ်တို့မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းမှုတွေ ပြုနေသလို လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ လည်း စစ်မြေပြင်မှာ တဖက်ရန်သူ စစ်သားလား၊ အရပ်သားလား ခွဲခြားမသိဘဲ ထိခိုက်ဒဏ်ရာ ရစေတဲ့ မိုင်းကို မသုံး သင့်ဘူးလို့ ပြောပါတယ်။ DKBA ဘက်ကတော့ သူတို့ အင်အား နည်းနေချိန်မှာ ဖိတိုက်တဲ့ BGF ကို ရှိတဲ့ အင်အားနဲ့ ဆက်ပြီး တိုက်ခိုက်မှာ ဖြစ် သလို အစိုးရအနေနဲ့ သူတို့ကို လျစ်လျူရှုထားတာကိုလည်း စိတ်ထဲမှာ နာရတယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါတယ်။ စစ်ဘေး ရှောင်သူများ နေထိုင်သော တဲအိမ်များ(ဓာတ်ပုံ/နန်းလွင်နှင်းပွင့်/ဧရာဝတီ) အေးလင်းမြတ်ရှင် စခန်းနဲ့ မြတ်ပန်းဝတ်မှုံစခန်းမှာ လတ်တလော အခြေချနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကတော့ သူတို့ နေရပ်ရင်းကို ပြန်ရဖို့ အတွက် DKBA နဲ့ BGF ကို ပြေလည်စေချင်တယ်လို့ ပြောကြပါတယ်။ ဗိုလ်မှူး နိုင်မောင်ဇော် ကတော့ ဒေသခံတွေ ပြန်ဖို့က တိုက်ပွဲတွေ မရှိတော့မှ ပြန်နိုင်မှာ ဖြစ်ပြီး တိုက်ပွဲတွေ မရှိတော့ ရင်တောင် မိုင်းတွေကို စနစ်တကျ ရှင်းပေးရဦးမယ်လို့ ပြောပါတယ်။ နယ်မြေအေးချမ်းသွားရင် ဒေသခံတွေ အိမ်ပြန်နိုင်ဖို့ မိုင်းရှင်းလင်းရေး လုပ်ပေးဖို့ အစီအစဉ်တွေ ရေးဆွဲထားတယ်လို့ လည်း ဗိုလ်မှူး နိုင်မောင်ဇော်က အခိုင်အမာ ပြောဆိုပါတယ်။ ခြုံနွယ်တွေနဲ့ ပျက်စီး နေပြီဖြစ်တဲ့ ဘောသရော ရွာကို ပြန်ချင်နေတဲ့ ဦးတကီးက မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှာ နေရတဲ့ အချိန်တွေက သူ့အတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။ သူများ လာလှူမှ စားသောက်ရတဲ့ ဘဝနဲ့ မိသားစုကို ရှာဖွေကျွေးမွေးဖို့လည်း သူ့မှာ အလုပ်မရှိဘူးလို့ ဆိုပါတယ်။ တိုက်ပွဲတွေနဲ့ မိုင်းအန္တရာယ်သာ မရှိတော့ရင် ဦးတကီးက သူ့မိသားစုကို ခေါ်ပြီး နေရပ်ရင်းရွာကို အမြန်ဆုံး အရောက် ပြန်မယ့် ပုံပါပဲ။ “ကျနော့် သားသမီးနဲ့ မြေးတွေအတွက် အစိုးရိမ်ဆုံးက မိုင်းပဲ။ အန္တရာယ် အကြီးဆုံးပဲ။ အဲဒါတွေ မရှိရင် အိမ်ပြန်ဖို့ စဉ်းစားမယ်” လို့ ဦးတကီးက ပြောဆို လိုက်ပါတယ်။ ။ The post မိုင်းခင်းလမ်း၊ စစ်ဘေး ဒုက္ခ နဲ့ မယ်သဝေါ ဒေသ appeared first on ဧရာဝတီ.
Source : http://ift.tt/2FoUiSz
via IFTTT
No comments:
Post a Comment