အီရန်ကို ပစ်မှတ်ထားသော ယီမင်အရေး ဆုံးဖြတ်ချက်ကို ရုရှား ဗီတိုဖြင့် ပယ်ချ တီဟီရန်၊ ဖေဖော်ဝါရီ ၂၇ ယီမင်ပဋိပက္ခတွင် အီရန်ဒုံးကျည်များ အသုံးပြုနေမှုကိုတားဆီးရန် ပျက်ကွက်မှုကြောင့် အီရန်နိုင်ငံကို ဖိအားပေးမည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ ကုလလုံခြုံရေးကောင်စီသည် ယီမင်ကို အရေးယူပိတ်ဆို့မှုအသစ် ချမှတ်မည့် ဆုံးဖြတ်ချက်တွင် လက်နက်ရောင်းဝယ်မှုဆိုင်ရာ တားမြစ်ချက်ကို အီရန်က လိုက်နာမှုမရှိကြောင်း ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် အီရန်ကို ထည့်သွင်းဖော်ပြခြင်းမပြုသော ရုရှား၏ ပြင်ဆင်ဆုံးဖြတ်ချက်ကို သဘောတူချမှတ်လိုက်ရသည်ဟု သိရှိရသည်။ အဆိုပါ ဆုံးဖြတ်ချက်နှစ်ခုစလုံးသည် တနင်္လာနေ့တွင် ကုန်ဆုံးတော့မည့် ယီမင်အရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို သက်တမ်းတိုးခြင်းဖြစ်သည်။ အီရန်ကို ထည့်သွင်းဖော်ပြထားသော မူလဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံက အမေရိကန်၊ ပြင်သစ်တို့နှင့် တိုင်ပင်ရေးသားခဲ့ခြင်းဖြစ်ပြီး ကုလကျွမ်းကျင်သူများ၏ ဇန်နဝါရီလ အစီရင်ခံစာပါ တွေ့ရှိချက်များကို အခြေခံထားခြင်းဖြစ်သည်။ ယီမင်နိုင်ငံရှိ ရှီးယိုက်ဟူသီသူပုန်များထံ အီရန်လုပ် ဒုံးကျည်နှင့်ဒရုန်းများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထောက်ပံ့နေမှုကို တားဆီးရန်လိုအပ်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခြင်းအားဖြင့် ၂၀၁၅ လက်နက်ရောင်းဝယ်မှု တားမြစ်ချက်ကို အီရန်နိုင်ငံက ချိုးဖောက်သည်ဟု ကုလကျွမ်းကျင်သူများအဖွဲ့က ပြောကြားခဲ့သည်။ မနှစ်က ဆော်ဒီနယ်မြေအတွင်းသို့ ဟူသီသူပုန်များ ပစ်လွှတ်ခဲ့သော ဒုံးကျည်အစအနများကို စစ်ဆေးရာတွင် အီရန်လုပ်ဒုံးကျည်များနှင့် တစ်ထပ်တည်းတူညီနေပြီး Qiam 1 အမျိုးအစားဖြစ်သည်ဟု ကျွမ်းကျင်အဖွဲ့က ပြောကြားသည်။ ထိုသို့ လက်နက်တင်ပို့မှုကို တားဆီးရန် ပျက်ကွက်ခြင်းအားဖြင့် ကုလသမဂ္ဂတားမြစ်ချက်ကို အီရန်က ချိုးဖောက်သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သော်လည်း လက်နက်ပေးသွင်းသူများကိုမူ စိစစ်ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။ ကုလဆိုင်ရာ ရုရှားသံအမတ် ဗာဆယ်လီနီဘင်ဇီယာက ကုလကျွမ်းကျင်သူများ၏ အစီရင်ခံစာသည် စစ်ဆေးအတည်ပြုမှု လိုအပ်နေသေးသော၊ ခိုင်မာမှုမရှိသော သုံးသပ်ချက်များသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ တွေ့ရှိချက်များပါဝင်သည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည် အန္တရာယ်များပြီး ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေနိုင်သောကြောင့် ရုရှားက ထောက်ခံမည်မဟုတ်ဟု ရုရှားသံအမတ်က ပြောကြားသည်။ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက“အကြမ်းဖက်ဝါဒ အားပေးနေတဲ့ အီရန်ကို ရုရှားက ဒီနေ့ အကာအကွယ်ပေးခဲ့တယ်။ ရုရှားက ဒီလိုပဲ ဗီတိုဆက်သုံးနေမယ်ဆိုရင် ရုရှားတွေ မပိတ်ဆို့နိုင်တဲ့နည်းတွေနဲ့ အီရန်ကိုအရေးယူဖို့ အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဆွေနိုင်ငံတွေက စဉ်းစားသွားမယ်”ဟု မှတ်ချက်ပေးပြောကြားသည်။ ကုလဆိုင်ရာ အီရန်သံအဖွဲ့က အမေရိကန်နှင့် ဗြိတိန်သည် အီရန်ဆန့်ကျင်ရေး အစီအစဉ်ကို အားပေးရန်အတွက် အကျိုးအကြောင်းမဲ့သော ဆုံးဖြတ်ချက်ကို ရေးသားခဲ့ကြသည်ဟု တုံ့ပြန်စွပ်စွဲလိုက်သည်။ ယီမင်တွင် အခြေအနေဆိုးဝါးနေသော လူသားချင်းစာနာကူညီရေး ပြဿနာကို နိုင်ငံတကာက အာရုံမစိုက်မိအောင် လမ်းကြောင်းလွှဲနေကြသည်ဟုလည်း အီရန်သံအဖွဲ့က ပြောကြားသည်။ ယီမင်တွင် ဆော်ဒီထောက်ခံသော အစိုးရတပ်များနှင့် အီရန်လိုလားသော ဟူသီသူပုန်များအကြား ၂၀၁၅ ခုနှစ်မှစ၍ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလျက်ရှိပြီး အီရန်လက်နက် ထောက်ပံ့မှုလမ်းကြောင်းကို ဖြတ်တောက်ရန် ဆော်ဒီက ဝိုင်းပတ်ပိတ်ဆို့ထားသောကြောင့် ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာကူညီရေး အကျပ်အတည်းဖြစ်နေသည်ဟု ကုလသမဂ္ဂက သတ်မှတ်ထားသည်။
Source : https://goo.gl/5HxkfM
via IFTTT
No comments:
Post a Comment