Tuesday, February 27, 2018


မင်းသမီး Sridevi (ဆရီဒေဝီ) မှာ မတော်တဆ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့ဆို ကွယ်လွန်သူ ဘောလိဝုဒ်မင်းသမီး Sridevi Kapoor (ဆရီဒေဝီ ကပူးရ်) ဟာ မတော်တဆ ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒူဘိုင်း ရင်ခွဲစစ်ဆေးချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အသက် ၅၄ နှစ်အရွယ်၊ မင်းသမီးဟာ သူတည်းခို နေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းရဲ့ ရေချိုးကန်ထဲမှာ သတိလစ် မေ့မြောခဲ့ပြီးနောက် ရေနစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Sridevi ဟာ ဒူဘိုင်းမှာ တူမရဲ့ မင်္ဂလာဆောင်တက်ရောက်ဖို့ ရောက်ရှိနေချိန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၄ ရက်နေ့မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတာပါ။ Sridevi ရဲ့ ကွယ်လွန်မှု သတင်းအပေါ် နာမည်ကျော်တွေ၊ ထိပ်တန်း နိုင်ငံရေးသမားတွေက ဝမ်းနည်းစကား ဆိုခဲ့ကြပါတယ်။ ဒူဘိုင်းအစိုးရရဲ့ မီဒီယာကတော့ ရင်ခွဲစစ်ဆေးချက်တွေ ပြီးဆုံးသွားပြီဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကိုလည်း အတည်ပြုခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။ အဲဒီကိစ္စကိုတော့ ဒူဘိုင်းပြည်သူ့ အမှုလိုက်အဖွဲ့ထံ ပေးပို့ထားပြီးတော့ အဲဒီက တာဝန်ရှိသူတွေကလည်း ပုံမှန်အမှုအခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒူဘိုင်းရဲတပ်ဖွဲ့ရဲ့ ရင်ခွဲစစ်ဆေးချက် အစီရင်ခံစာကို Sridevi ရဲ့ မိသားစုနဲ့ အိန္ဒိယ ကောင်စစ်ဝန်တို့ထံလည်း ပေးပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအစီရင်ခံစာကြောင့် အလောင်းကို ပြန်သယ်ဖို့အရေး နှောင့်နှေးနိုင်ပြီး လာမယ့် မတ်လ ၅ ရက်နေ့ ရောက်မှသာ အိန္ဒိယနိုင်ငံကို ပြန်သယ်နိုင်မှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ မူလက အလောင်းကို လာသယ်ဖို့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းကနေ လေယာဉ်ရောက်ရှိလာခဲ့ပေမယ့် ဒူဘိုင်းရဲတပ်ဖွဲ့ထံမှ ဖြေရှင်းဖို့ ကိစ္စတွေ ရှိနေသေးတဲ့အတွက် ပြန်လည်သယ်ယူခွင့် မပြုခဲ့ကြောင်း၊ ပြန်သယ်လာဖြစ်တယ်လို့ ကောလာဟလ တွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ မွမ်ဘိုင်းမှာရှိတဲ့ Sridevi ရဲ့ အိမ်အပြင်ဘက်မှာတော့ လူအုပ်ကြီးက စုဝေးနေကြပြီး ဈာပနအခမ်းအနား မတိုင်ခင်မှာ နောက်ဆုံး ဂါရဝပြုကြမှာလည်း ဖြစ်ပါတယ်။ ဒူဘိုင်းအစိုးရကတော့ အဆိပ်သင့်တာ ဟုတ်၊ မဟုတ် စစ်ဆေးမှု ရလာဒ်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။ ရင်ခွဲစစ်ဆေးချက် အပြည့်အစုံကိုတော့ အများပြည်သူထံ မချပြသေးပေမယ့် မူရင်းထုတ်ပြန်ထားတဲ့ နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ မတော်တဆ ရေနစ်ခဲ့တယ်ဆိုတဲ့ အကြောင်း ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို ရှင်းပြထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မင်းသမီးဟာ တူမဖြစ်သူ Mohit Marwah ရဲ့ လက်ထပ်ပွဲတက်ရောက်ဖို့ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သေဆုံးရခြင်း အကြောင်းအရင်း မတိုင်ခင် အသေးစိတ် အချက်အလက် အနည်းငယ်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဆက်စပ် သတင်းလင့်ခ် – ကွယ်လွန်သူ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး Sridevi (ဆရီဒေဝီ) ရဲ့ နောက်ဆုံးခရီး ကမ္ဘာကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး “Sridevi (ဆရီဒေဝီ)” နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် Ref : BBC The post မင်းသမီး Sridevi (ဆရီဒေဝီ) မှာ မတော်တဆ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2F9pIik
via IFTTT

No comments:

Post a Comment