Tuesday, June 5, 2018

7Day News Journal

ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံမည့် အစီအစဉ်ကို အိမ်ဖြူတော် အတည်ပြု ဒေါ်နယ်လ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို အကောင်အထည် ဖော်မှုများ ချောမွေ့ အဆင်ပြေနေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားဖက်က ရန်လိုမှုများ ရှိနေကြောင်း စွပ်စွဲမှုဖြင့် ယင်းအစည်းအဝေးကို ဖျက်သိမ်းရန် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစောပိုင်းတွင် ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော် နှစ်ဖက် ညှိနှိုင်းမှုများ ပြန်လည် တိုးတက်လာခြင်းနှင့်အတူ ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် မေလ ၁၂ ရက်၊ ဒေသစံတော်ချိန် မနက် ၉ နာရီ၌ စင်ကာပူတွင် တွေ့ဆုံဖြစ်မည်ဟု အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ အမေရိကန် အစိုးရ၏ ပြန်ကြားရေး တာဝန်ခံ အမျိုးသမီး ဆာရာဆန်းဒါးစ်က သမ္မတ၏ လုံခြုံရေး အဖွဲ့သည် မြောက်ကိုရီးယား အရာရှိများနှင့် နေ့စဉ် ညှိနှိုင်း ဆွေးနွေးပြီး အစည်းအဝေးကိစ္စ ပြင်ဆင်နေပြီဟု ပြောကြားခဲ့သည်။ ထရမ့်နှင့် ကင်မ်တို့သည် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။ ဆန်းဒါးစ်က “အခု ကျွန်မ ပြောနိုင်တာက သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုကို ဇွန်လ ၁၂ ရက်နေ့ မနက် ၉ နာရီကျရင် စင်ကာပူမှာ စတင်ပါမယ်။ ဒီဆွေးနွေးပွဲ ကနဦးအဆင့်ကို ရုပ်မြင်သံကြား ဌာနတွေက ထုတ်လွှင့်နိုင်ပါလိမ့်မယ်”ဟု မှတ်ချက်ပေးခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်ချင်း ပထမဆုံးအကြိမ် လူချင်းတွေ့ရန် သဘောတူညီမှု ရရှိထားသည့်တိုင် အမေရိကန်သည် မြောက်ကိုရီးယားအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် မူဝါဒကို ဆက်လက် ဆွဲကိုင်ထားဦးမည်ဟု ဆန်းဒါးစ်က အတည်ပြုခဲ့သည်။ “ကျွန်မတို့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေက ဆက်ရှိနေမှာပါ။ ဒီကိုင်တွယ်မှုက သက်ရောက်မှု အရမ်းအားကောင်းပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းမှု အပြည့်အဝ အထမမြောက်ခင် ကျွန်မတို့ရဲ့ အရေးယူမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး”ဟု ဆန်းဒါးစ်က ပြောကြားသွားသည်။ မကြာသေးမီက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်သည် ပြုံယမ်းသို့ ရုတ်တရက် သွားရောက်ကာ ကင်မ်နှင့် တွေ့ဆုံခဲ့သော်လည်း အမေရိကန်နှင့် မြောက်ကိုရီးယား ဆွေးနွေးပွဲအပေါ် ၎င်းတို့ အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် အကြောင်းမရှိဟု ရုရှားအစိုးရက ထုတ်ပြန်ထားသည်။ Ref: EPA
Source : https://ift.tt/2JfkHU8
via IFTTT

No comments:

Post a Comment