Monday, June 4, 2018


ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ကိစ္စ ကြံ့ခိုင်ရေးအမတ် ဝေဖန် တနသာၤရီတိုင်း ကံပေါက်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကျောက်ဖြူတို့တွင် ဆောင်ရွက်မည့် အမေရိကန် ဒေါ်လာ ၅ ဘီ လျံကျော် တန်ဖိုးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းလုပ်ငန်းကြီး ၄ ခုကို တင်ဒါခေါ်ယူခြင်း မရှိဘဲ အကောင်အထည်ဖော်နေခြင်းကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)မှ ယနေ့ လွှတ်တော်တွင် ဝေဖန် ပြောဆိုလိုက်သည်။ စီမံကိန်းလုပ်ငန်းများကို တင်ဒါခေါ်ယူရန် သမ္မတရုံးက ညွှန်ကြားချက် ၁/၂၀၁၇ ဖြင့် ထုတ်ပြန်ပြီး ဖြစ်သော်လည်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ညွှန်ကြားချက်ကို ဆန့်ကျင်၍ တင်ဒါမခေါ်ဘဲ လက်သင့်ရာစားတော်ခေါ်ခြင်းကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့် လင်းမြင်သားမှုများ ဘယ်ရောက်သွားသနည်းဟု ကြံ့ခိုင်ရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယနေ့ ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်သည်။ “ဝန်ကြီးဌာန အနေနဲ့ ဒီကိစ္စကို တင်ဒါမခေါ်ဘဲ စီးပွားရေး ကော်မတီနဲ့ ကက်ဘိနက်ကို တင်ပြဆောင်ရွက်ခဲ့တာပါ ဆိုရင်တော့ အစိုးရ အဖွဲ့ဟာ ကိုယ်ထုတ်တဲ့အမိန့်၊ ညွှန်ကြားချက်ကို ကိုယ်တိုင် မလိုက်နာဘဲ ဖောက်ဖျက်နေပြီလို့ ဝေဖန်ပြောကြားလိုပါတယ်”ဟု ဦးမောင်မြင့်က ပြောသည်။ တနသာၤရီတိုင်း ကံပေါက်ဒေသတွင် LNG to Power စီမံကိန်းကို Total Gas & Power Business Service S.A.S နှင့် SIEMENS A.G နှင့် လည်းကောင်း၊ ဧရာဝတီတိုင်း မီးလောင်ချိုင်တွင် Zhefu Holding Co.,Ltd နှင့် Supreme Trading Co.,Ltd ၊ ရန်ကုန်တိုင်း အလုံ တွင် TTCL Public ကုမ္ပဏီ လီမိတက်နှင့် ကျောက်ဖြူတွင် CCGT စီမံကိန်းကို Sinohydro Corporation လီမိတက်နှင့် Supreme Tradi ng Co.,Ltd တို့ကို ရင်းနှီးမြုပ်နှံနိုင်ရေး အကြိုလုပ်ငန်းများ ခွင့်ပြုချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်တွင် ပြောသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကျင်းပသည့် စီးပွားရေးရာ ကော်မတီတွင် ဆုံးဖြတ်ချက်အရ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ချမှတ်ထားသော မူဝါဒအရ မူလ စီမံကိန်းများတွင် ပါဝင်ခြင်း မရှိဘဲ ရင်းနှီးမြုပ်နှံသူမှ ၎င်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်လိုကြောင့် အဆိုပြုစီမံကိန်းများကို နိုင်ငံတော်နှင့် ဒေသများ အကျိုးဖြစ်ထွန်းနိုင်မှု အပေါ် မူတည်၍ တင်ဒါလုပ်ငန်းစဉ်ကို မလိုအပ်ဘဲ ခွင့်ပြုနိုင်ကြောင်း ဦးဝင်းခိုင်က ရှင်းပြသည်။ ဦးဝင်းခိုင်က “ဒီအချိန်မှာ ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသား၊ မလုပ်ဘူးဆိုရင် နောက် ၃ နှစ်မှာလည်း ဒီလွှတ်တော်မှာ ဒီအကြောင်းပဲ ဆက် ပြီး ပြောနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ကတော့ တနှစ်တနှစ်ကို မဂ္ဂါဝပ် ၁၀၀ ဝန်းကျင်လောက်ပဲ ရအောင် လုပ်နိုင်ပါ မယ်။ ဒီလိုသာ ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထု တောင့်တတဲ့၊ ယခင် လုပ်သင့်လုပ်ထိုက်တာ မလုပ်ခဲ့လို့ အခုအချိန်ကျမှ မဂ္ဂါဝပ် ၃၀၀၀ ကြီးကို လုပ်ရမယ့် အခြေအနေတခု ရောက်နေလို့ လုပ်ရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။ ယခင် အစိုးရ အဆက်ဆက်သည် မဂ္ဂါဝပ် ၄၁၀၀၀ ထုတ်မည်ဟု ပြောဆိုခဲ့သော်လည်း စာရွက်ပေါ်တွင်သာ ရှိကြောင်း၊ ယခု တိုင်းပြည် တွင် မဂ္ဂါဝပ် ၃၀၀၀ ရှိရာ နောက်ထပ် ၃ နှစ်အတွင်း လိုအပ်လာမည့် မဂ္ဂါဝပ် ၃၀၀၀ ကို ဆောင်ရွက်နိုင်ရေး နည်းလမ်းမျိုးစုံ ရှာဖွေနေ ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက လွှတ်တော်တွင် ပြန်လည် ချေပြခဲ့သည်။ “လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးတယောက် အနေနဲ့ နောက် ၃ နှစ်မှာ ကိုယ့်တိုင်းပြည်မှာ ဓာတ်ငွေ့တွေ ကုန်တော့မှာကို သိသိကြီးနဲ့ ဘာမှ မလှုပ်ရှားဘဲ မလုပ်ဘဲ၊ မကိုင်ဘဲ နေလို့မရပါဘူး။ ဓာတ်ငွေ့ ၁၀ ရုံက လောလောဆယ် မဂ္ဂါဝပ် ၁၄၀၀ကျော် ပေးနေပါတယ်။ နောက် ၃နှစ်မှာ အဲဒီ ပြည်တွင်း ဓာတ်ငွေ့တွေ မရရင် ၁၄၀၀ မဂ္ဂါဝပ် System ထဲကနေ ပြုတ်ထွက်သွားမယ်ဆိုရင် ဒီမှာရှိတဲ့ အမတ်ကြီးများ အားလုံး ဘာတွေဖြစ်သွားပြီလဲဆိုတာ မှန်းဆလို့ ရပါတယ်”ဟု ၎င်းက မေးခွန်းပြန်ထုတ်သည်။ မင်းကင်းအမတ် ဦးမောင်မြင့်ကမူ ယခု စီမံကိန်းလုပ်ငန်းများ အားလုံးကို စီးပွားရေး ကော်မတီတခုတည်း၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် ခြင်းသည် သမ္မတရုံး၏ ညွှန်ကြားချက်ကို ချိုးဖောက်ခြင်းဟု ထပ်မံ အတည်ပြု ပြောဆိုပြီး လုပ်ပိုင်ခွင့် ၂ ကြိမ် တိုင်တိုင် ရရှိသည့် Supreme Trading Co.,Ltd တွင် အနားယူသွားရသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ ဇနီး ပါဝင်နေကြောင်း ပြောသည်။ “Supreme ဆိုတာ ဗမာကုမ္ပဏီ၊ အဲဒီမှာ ဥက္ကဋ္ဌ ဦးစိန်မြင့်ဆိုတာ ငါနဲ့လည်း သိတယ်။ လူချင်းခင်တာက ခင်တာတပိုင်းပဲ။ လုပ်လို့မရဘူး။ သူက ၂ ခါရတယ်။ ဟိုမှာလည်း တခါရတယ်။ ပေါင်းရတာပေါ့။ အဲဒီ Supreme မှာ အခု ပြုတ်သွားတဲ့ ဦးကျော်ဝင်းရဲ့ မိန်းမ လုပ်တာ။ ဒါကြောင့် ရတာ။ ဒါတည့်တည့် ပြောတာ”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။ ဝန်ကြီးအဖြေပေးသည့် အစိုးရက ပိုက်ဆံစိုက်ထုတ်ရခြင်း မရှိဆိုသော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်ခြင်း လုပ်ငန်းများကို တင်ဒါခေါ်ယူပြီး နိုင်ငံတကာအဖွဲ့တခုဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ဝန်ကြီး၏ ဥပဒေများအရလည်း ပြည်ထောင်စု အစိုးရအဖွဲ့မှ သဘောတူရမည် ဖြစ်ရာ တင်ဒါခေါ်ခိုင်းခြင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဝန်ကြီးဌာနကမူ LNG သုံးစွဲပြီး ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ အဆိုပြု တင် ပြချက် ၂၀ ကျော်ကို လက်ခံစဉ်းစားရာတွင် ရင်းနှီးမြုပ်နှံမှု အဆိုပြု ကုမ္ပဏီ၏ နောက်ခံအချက်အလက်များ၊ ကုမ္ပဏီ ထူထောင်ထား သည့် မူရင်းနိုင်ငံ၊ စီမံကိန်း တည်နေရာနှင့် မြေနေရာ ရရှိနိုင်မှု၊ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်မှု အခြေအနေနှင့် တင်သွင်းမည့် LNG ဓာတ်ငွေ့အတွက် စိတ်ချရမှု အခြေအနေတို့ ဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းပြသည်။ ထို့ပြင် တိုင်းပြည်တွင် အရင်းအမြစ် အပေါများဆုံးဖြစ်သော ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေးကို ပြည်တွင်း၊ ပြည် ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ခေတ်အဆက်ဆက်က MOU၊ MOA၊ JVA များ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုထားသည့် စာချုပ် ၃၀ ရှိပြီး စီမံကိန်း ၅၀ မှ ၄၁၈၃၇၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် ဖြစ်သော်လည်း ၎င်းတို့အားလုံးမှာ စာရွက်ပေါ်တွင်သာ ရှိကြောင်း ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ “ဒီလုပ်ငန်းတွေကို မင်းတို့ ၄ ယောက် စပြီးတော့ ဆောင်ရွက်ကြ။ မင်းတို့ရဲ့ EIA၊ SIA ဒါတွေကို ရှင်းကြ၊ လင်းကြ။ ငါတို့ပေးနိုင်တဲ့ ဈေးနဲ့ မင်းတို့ ညှိကြ။ ဒါကို လုပ်ဖို့အတွက် NTP (Notice to Proceed) ထုတ်ပေးခြင်း ဖြစ်ပါတယ်။ Contract Award မဟုတ်သေးပါဘူး။ ဒီ အပေါ်မှာ ဒီလိုမှ မလုပ်ရင် နောက် ၃ နှစ် ကျနော်မှာ တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ ရန်ကုန်တွင် ၁၂၇၅ မဂ္ဂါဝပ်၊ မန္တလေးတွင် ၄၃၀ မဂ္ဂါဝပ်၊ အခြား ပြည်နယ်နှင့် တိုင်းများ တွင် ၁၄၉၅ မဂ္ဂါဝပ် စုစုပေါင်း ၃၂၀၀ မဂ္ဂဝပ်ခန့်ရှိကြောင်း၊လျှပ်စစ် ဓါတ်အား မရရှိသေးသည့် ပြည်သူ အိမ်ထောင်စု ၆ သန်းကလည်း National Grid မှ လျှပ်စစ် ဓာတ်အားကို တောင်းဆိုနေကြောင်း၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကလည်း တောင်းဆိုနေကြောင်း သိရသည်။ The post ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ကိစ္စ ကြံ့ခိုင်ရေးအမတ် ဝေဖန် appeared first on ဧရာဝတီ.
Source : https://ift.tt/2JpQk0B
via IFTTT

No comments:

Post a Comment