Monday, June 4, 2018

The Voice

ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်သည့်အဖွဲ့ကို ဖမ်းမိ ရန်ကုန်၊ ဇွန် ၃ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ သံသုမာလမ်းပေါ်ရှိ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနရုံး (ကညန) ရုံးမှ တာဝန်ရှိသူတစ်ဦး၏ လက်မှတ်အတုများဖြင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်နေသည့် အဖွဲ့ကို ဇွန်လ ၂ ရက် ညနေ ၄ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာ (၆) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ် ကိုဇော်လင်းအောင်နှင့် လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုထွန်းလှိုင်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်မှုဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် အသက် ၂၂ နှစ်အရွယ် မဂျူလီယာ (ခ) ဂျူလီယာနူးပါ အမျိုးသမီးသုံးဦး၏ ဖော်ထုတ်ချက်အရ ရှာဖွေဖမ်းဆီးရာ ၎င်းတို့နေထိုင်ရာ တိုက်ခန်းအတွင်းမှ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးအပါအဝင် လိုင်စင်ကတ်အတုများ၊ လိုင်စင်ကတ်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ “သူတို့အဖွဲ့က Facebook ပေါ်မှာ တရုတ်၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးကြောင်း တင်ခဲ့တာ၊ အဲဒါနဲ့ ကညနက လက်ထောက်ညွန်မှူးက Facebook ပေါ်မှာ တွေ့တဲ့ဖုန်းနံပါတ်ကို ဆက်၊ အလုပ်အပ်ပြီး အသွင်ယူဖမ်းဆီးခဲ့တာ။ လိုင်စင်တစ်ခုကို နှစ်သိန်းခွဲပေးရတယ်။ လိုင်စင်လာပို့တဲ့ အမျိုးသမီးသုံးယောက်ကို အရင်ဖမ်းမိတာ။ ပြီးမှ လုပ်ပေးတဲ့သူတွေကို ထပ်ဖမ်းမိခဲ့တာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ လိုင်စင်အတုများ လာရောက်ပေးအပ်သည့်အချိန်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီးသုံးဦးမှာ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာတွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် မဂျူလီယာ (ခ) ဂျူလီယာနူး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် မမေပွင့်ဖြူနှင့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် နေထိုင်သူ အသက် ၁၈ နှစ်အရွယ် မထိုက်ဇာခြည်သင်းတို့ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၄၆/၁၁၄ အမှုဖွင့်ဆောင်ရွက်ကာ ၎င်းတို့ လိုင်စင်ပြုလုပ်ပေးသည့်သူများကို ထပ်မံဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ ယင်းလိုင်စင်အတုပြုလုပ်မှုဖြင့် ထပ်မံဖမ်းဆီးခံရသည့် လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာ (၆) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၆ နှစ် အရွယ် ကိုဇော်လင်းအောင်၏ နေအိမ်အတွင်းမှ တွေ့ရှိသည့် လိုင်စင်မဲ့ Toyota Alphard အဖြူရောင်ယာဉ်တစ်စီးနှင့် Toyota Mark II အမျိုးအစား အဖြူရောင်ယာဉ်နှစ်စီးနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။ ၎င်းအပါအဝင် လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုထွန်းလှိုင်တို့ကို လိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် လက်တော့ပ်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ယာဉ်၏ သက်သေခံလက်မှတ်တွင် ထည့်သွင်းအသုံးပြုရန် ပြုပြင်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ယာဉ်မောင်းလိုင်စင်များအား ပါဆယ်ဖြင့်ပေးပို့ရန် ထုပ်ပိုးထားသည့် လိုင်စင်ကတ်၊ စာရွက်စာတမ်းများ၊ နံပါတ်ပြားများအပါအဝင် ဆက်စပ်ပစ္စည်းများ ထပ်မံတွေ့ရှိမှုဖြင့် လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၆/၃၆၈/၁၁၄ ဖြင့် ထပ်မံအမှု ဖွင့်ဆောင်ရွက်ထားသည်။
Source : https://goo.gl/CzPYic
via IFTTT

No comments:

Post a Comment