Sunday, June 24, 2018


မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းဘေးမဲ့တောအတွင်း ဝင်ရောက် ထင်းခုတ်ရင်း မိကျောင်း ကိုက်ချီခြင်းခံရသည့် အမျိုးသမီးအား လိုက်လံရှာဖွေမှု လက်လျှော့လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာနေ အသက် ၂၈ နှစ်ရှိ မအေးသင်း မှာ ခင်ပွန်းနှင့်အတူ မိန်းမလှကျွန်း ဘေးမဲ့တောဧရိယာအတွင်းရှိ အမဲချောင်းဘေး၌ ယမန်နေ့ ညနေ ပိုင်းက ဝင်ရောက်ထင်းခုတ်နေစဉ် မိကျောင်း ဆွဲသွားခဲ့ရာ အောင်ချမ်းသာကျေးရွာ ဒေသခံများက လိုက်လံရှာဖွေခဲ့သော်လည်း အလောင်းအား မတွေ့ရှိရ သည့်အတွက် ရှာဖွေမှု လက်လျှော့လိုက် ခြင်း ဖြစ်ကြောင်း စက်ဆန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ “မိကျောင်းက မအေးသင်းရဲ့ခါးကို ကိုက်ချီသွားတာ။ အဲဒါက သူ့ယောက်ျားအပါအဝင် လူ ၃ ယောက် လောက်က မြင် လိုက်ရတယ်။ အဖွဲ့ ၃ ဖွဲ့ခွဲပြီး လှေတွေနဲ့ လိုက်ရှာတော့ ထမီအပိုင်းအစရယ်၊ လူ့ အဆုတ်လို့ ယူဆရတဲ့ ၂၀ သား လောက် ရှိတဲ့ အသားအပိုင်း အစတခုပဲ တွေ့ရတယ်။ အလောင်းကို တော့ ဒီကနေ့အထိ လုံး၀ ရှာဖွေလို့ မတွေ့တဲ့အတွက် ရှာဖွေမှု ကို လက်လျှော့လိုက်တာ ဖြစ်ပါတယ်” ဟု စက်ဆန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။ လက်ရှိတွင် မိကျောင်းကိုက်၍ ကွယ်လွန်ခဲ့သည့် မအေးသင်းအတွက် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ ကျန်ရစ်သူ မိသားစု များက နာရေးအခမ်းအနားပြုလုပ်၍ ဆွမ်းသွပ်အမျှဝေရန် ပြင်ဆင်နေကြောင်း သိရသည်။ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတွင် မိကျောင်းအကောင်ရေပေါင်း ၁၁၀ ကျော်ရှိကြောင်း ၂၀၁၅ ခုနှစ်က ကောက်ယူသည့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနစာရင်းများအရ သိရသည်။ သစ်တောပြုန်းတီးမှု၊ အလွန်အကျွံ ငါးဖမ်းဆီးမှု များကြောင့် အစာရေစာရှားပါးလာသည့်အတွက် ယခုနှစ်များအတွင်း မိကျောင်းများမှာ ဒေသခံများနှင့် အိမ်မွေး တိရစ္ဆာန်များကို ကိုက်ဖြတ်စား သောက်မှုများရှိနေသဖြင့် သစ်တောဌာနက “မိကျောင်း အန္တရာယ်ရှိသည်”ဟူသော ဆိုင်းဘုတ်များ ထောင်၍ သတိပေးထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ သွားလာခြင်း မပြုရသည့် တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ “မိန်းမလှကျွန်းက မိကျောင်းအန္တရာယ်ရှိတဲ့အတွက် မသွားလာဖို့ ကန့်သတ်ထားတယ်။ ဒေသခံ တချို့က ဒါတွေကို မလိုက် နာဘဲ ဝင်ပြီးထင်းခုတ်တာတွေလုပ်တော့ အခုလို မိကျောင်း ကိုက်ခံရတဲ့ ကိစ္စတွေ ဖြစ်လာတာပေါ့။ သစ်တောဌာန အနေနဲ့ လည်း ဒီကျွန်းကြီးကို စောင့်ရှောက်ရာမှာ ဧရိယာနဲ့ ဝန်ထမ်းအင်အားမမျှတော့ လူမလာအောင်၊ လုံခြုံအောင်ထိမ်းသိမ်းဖို့ ဆိုတာ အခက်အခဲတွေ ရှိနေတယ်”ဟု ဘိုကလေးမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင် ဗိုလ်က ပြောသည်။ ဘိုကလေးမြို့နယ်၌ မိန်းမလှကျွန်းသို့ သွားရောက်၍ ထင်းခုတ်၊ ငါးဖမ်းသူများ မိကျောင်းကိုက်ခံ ရခြင်း ရှိသလို မိန်းမလှ ကျွန်း အပြင်ဘက်ဒေသများသို့လည်း မိကျောင်းများလာရောက်၍ ဒေသခံများကို ကိုက်ခဲ့သည့်ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ရွှေပြည်အေးကျေးရွာမှ တတိယတန်းကျောင်းသားတဦး၊ ၂၀၁၄ ခုနှစ်တွင် ဆတ်ကျွန်းရွာမှ ကိုရင်လေး တပါး၊ ၂၀၁၅ ခုနှစ်တွင် ဆတ်ကျွန်းရေကမြင်းကျေးရွာမှ တံငါသည် တဦး၊ ၂၀၁၆ ခုနှစ်တွင် လှေလုံးကွဲကျေးရွာမှ တံငါသည် ဦးစောနောင်နှင့် ၂၀၁၇ ခုနှစ်တွင် ကြိမ် ချောင်းကြီး အုပ်စု၊ ဆင်အိုင်ကျေးရွာမှ မခိုင်ခိုင်ဦးတို့အား မိကျောင်းကိုက်သည့်အတွက် ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဘိုကလေးဒေသခံများထံမှ သိရသည်။ “မိကျောင်းက မိန်းမလှကျွန်းအပြင်ဘက် ဧရိယာအထိလာပြီးတော့ လယ်ထဲကလူကို ဝင်ကိုက်တာ၊ ဘဲစာကျွေးတဲ့လူကို ဝင်ကိုက်တာ ဒါမျိုးတွေလည်း ဖြစ်ပွားခဲ့တာရှိတယ်။ အဲတော့ မိကျောင်းဆိုတာက တိရစ္ဆာန်ဖြစ်နေတော့ ထိန်းချုပ်ဖို့ဆိုတာ အခက်အခဲရှိတယ်။ ဒါကြောင့် ဘိုကလေးဒေသမှာ နေသူတွေ က ကိုယ့်ဘာသာကိုယ် မိကျောင်းကိုက်တာ မခံရအောင် သတိထားပြီးနေရတာမျိုး ဖြစ်နေတယ်”ဟု ဘိုကလေးအမတ် ဦးအောင်ခင်ဗိုလ်က ဆိုသည်။ အကျယ်အဝန်း ၅၂.၇၈ စတုရန်းမိုင်ကျယ်ဝန်းသည့် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းအား ၁၉၉၄ ခုနှစ်မှ စတင်၍ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် အစိုးရက သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အရေးပါသော ရေဝပ်ဒေသ စာရင်းဝင်နေရာ ရမ်ဆာဒေသအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ မိန်းမလှကျွန်း၌ မိကျောင်းများအပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေငှက်များ၊ တွားသွား သတ္တဝါများ၊ နို့တိုက်သတ္တဝါများနှင့် ရေနေ သတ္တဝါများ ခိုအောင်းနေထိုင်ကြကြောင်း သိရသည်။ ဆက်စပ်ဖတ်ရှု့ရန် – ဘိုကလေးမှာ အမျိုးသမီးတဦးကို မိကျောင်း ကိုက်ချီသွား The post မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2txqYnC
via IFTTT

No comments:

Post a Comment