ခွင့်ပြုချက်မရှိ ဘာသာရေးအဆောက်အအုံတွင် ဝတ်ပြုခြင်းကို အစိုးရကတားမြစ် မိတ္ထီလာ၊ ဇွန် ၂၃ မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ထိုရွာရှိ ဗလီတွင် ဝတ်ပြုခြင်းကို ဒေသအာဏာပိုင်အဖွဲ့အစည်းက လာရောက်တားမြစ်ခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မိတ္ထီလာမြို့တွင် ဗလီ ၁၂ လုံးရှိရာ ၂၀၁၃ ခုနှစ်ကဖြစ်ခဲ့သော ပဋိပက္ခကာလ၌ ဗလီအားလုံးကို ခေတ္တပိတ်ခဲ့ကြောင်း၊ ပဋိပက္ခပြီးချိန်တွင် ပိုင်ဆိုင်မှု အထောက်အထားများကိုစိစစ်၍ အထောက်အထား ခိုင်မာသောဗလီငါးလုံးတွင် ဝတ်တက်ခွင့်ပြုထားကြောင်း၊ ကျန်ဗလီခုနစ်လုံးကို ခွင့်ပြုပေးထားခြင်းမရှိရာ ယင်းတို့ထဲတွင် စက်ပစ်တောင်ဗလီ ပါဝင်နေကြောင်း မိတ္ထီလာခရိုင် သာသနာရေးမှူး ဦးကိုကိုအောင်က ပြောကြားသည်။ “သူတို့သဘောနဲ့သူတို့ ဝင်လုပ်နေကြတဲ့နေရာ။ အဲဒီလိုလုပ်နေတာကို တာဝန်ရှိတဲ့သူတွေကသိလို့ ပဋိပက္ခတွေ ထပ်ဖြစ်မှာစိုးတဲ့အတွက် တားရတာ”ဟု ၎င်းက ရှင်းပြသည်။ စက်ပစ်တောင်ကျေးရွာရှိ ဗလီကို တရားဝင်ဖွင့်လှစ်ထားခြင်းမျိုးမဟုတ်ဘဲ နားလည်မှုဖြင့်သာ သက်ကြီးရွယ်အိုအချို့က ဝတ်ပြုနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေနှင့် ရတနာမာရ်အောင်နယ်မြေရှိ တူရကီဗလီသို့သွားကာ ဝတ်ပြုနိုင်သော်လည်း သက်ကြီးပိုင်းများအတွက် အခက်အခဲရှိကြောင်း စက်ပစ်တောင်ကျေးရွာမှ အသက် ၃၀ အရွယ် ဒေသခံမွတ်ဆလင် ဘာသာဝင်အမျိုးသားတစ်ဦးက ပြောဆိုသည်။ မိတ္ထီလာမြို့ရှိ ဗလီ ၁၂ လုံးအနက် ပြန်လည်ဝတ်ပြုခွင့်ပေးထားသော ဗလီငါးလုံးမှာ ချမ်းအေးသာယာရပ်ကွက် ဗလီ၊ နန်းတော်ကုန်းရပ်ကွက်ဗလီ၊ ရတနာမာရ်အောင်ရပ်ကွက်ရှိ ဒိုဘီကုန်းဗလီ၊ ဘန်ဂါလီဗလီနှင့် တူရကီဗလီတို့ဖြစ်ကြောင်း ခရိုင်သာသနာရေးရုံးထံမှ သိရသည်။
Source : https://goo.gl/rjrKm1
via IFTTT
No comments:
Post a Comment