ဒူတာတေးအနမ်းသည် နှစ်လိုဖွယ်ရာ အပြုအမူဟု ဆို တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်အမျိုးသမီးတဦးကို စင်မြင့်ထက်၌ လူပုံလယ် နမ်းခဲ့ခြင်းသည် ဖိလစ်ပိုင်အလုပ်သမားများအပေါ် နှစ်လိုဖွယ်ရာပြုမူခြင်းဖြစ်ကြောင်း ဒူတာတေး၏ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားသည်။ တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံရောက် ဖိလစ်ပိုင်လူမျိုးများနှင့်တွေ့ဆုံစဉ် ယင်းသို့အငြင်းပွားဖွယ် အနမ်းကြောင့် အတိုက်အခံနိုင်ငံအရေးသမားများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများနှင့် လူမှုကွန်ရက်သုံးစွဲသူများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။ “ဖိလစ်ပိုင်ဓလေ့ထုံးစံအနေနဲ့ အင်မတန်မှ လက်သင့်ခံတဲ့ အပြုအမူပါ” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကျူက CNN(ဖိလစ်ပိုင်) သို့ တနင်္လာနေ့က ပြောကြားခဲ့ပြီး “အဲဒီလိုနမ်းခြင်းဖြင့် ကျနော်တို့သမ္မတဟာ ကျနော်တို့ပြည်သူတွေကြားမှာ ဘယ်လောက်ရေပန်းစားလဲဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။ ဟောဟောဒိုင်းပြောဆိုတတ်ပြီး အငြင်းပွားဖွယ်ရာပြုမူ ပြောဆိုတတ်သူ ဒူတာတေး၏ ပြိုင်ဘက်၊ ရန်ဘက်များက ယင်းအပြုအမူသည် အာဏာအလွဲသုံးစားလုပ်ခြင်းနှင့် အမျိုးသမီးများကို မတူမတန်သလို ဆက်ဆံခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။ “ဒါဟာ မိန်းမမုန်းတဲ့ သမ္မတက အမျိုးသမီးထုကြီး သိက္ခာကျအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့အရှက်ကို မလေးစားတဲ့သဘော ပြသလိုက်တာပါပဲ” ဟု အမျိုးသမီးအခွင့်အရေးအဖွဲ့ ဂါဘရီလာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ “ သမ္မတဖြစ်နေလျက်သားနဲ့ မြေရှင်ပဒေသရာဇ်ဘုရင်တပါးလို သူ လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ပုံစံ လုပ်ပြလိုက်တာပဲ” ဟု အတိုက်အခံ ဆီးနိတ်အမတ် ရီဇာဟွန်တီဘားရို့စ်ကလည်း ဝေဖန်သည်။ ယင်း ဖြစ်စဉ်သည် ဆိုးလ်မြို့တွင် တောင်ကိုရီးယားရောက် ဖိလစ်ပိုင်လူမျိုးများကို သမ္မတက ရှည်လျားစွာ မိန့်ခွန်းပြောကြားပြီးနောက် ဖြစ်ပွားခဲ့သည်။ ဒူတေးက ပရိသတ်ထဲမှာ အမျိုးသမီးနှစ်ဦးကို စာအုပ်တအုပ်စီ ပေးရန် စင်မြင့်ထက်သို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းစာအုပ်မှာ “လျှို့ဝှက်ချက်များ၏ ယဇ်ပလ္လင်၊ ဖိလစ်ပိုင်ကက်သလစ်ဘုရားကျောင်းမှ လိင်ကိစ္စ၊ နိုင်ငံရေးနှင့်ငွေကြေး” အမည်ရှိ စာအုပ်ဖြစ်ပြီး စာအုပ်ထဲတွင် ဖိလစ်ပိုင်ရှိ ကက်သလစ်အသင်းတော်ကို ပြင်းထန်စွာ ဝေဖန်ထားသည်။ ယင်းစာအုပ်ကို “အနမ်းတပွင့်နှင့် လဲမည်”ဟု ဒူတာတေးက ဆိုခဲ့သည်။ စင်မြင့်ထက်တက်လာသည့် အမျိုးသမီးတဦးက သူမပါးကို ထိုးပေးပြီးနောက် ဖိလစ်ပိုင်အစိုးရရုပ်သံ PNA က ဘေးကင်ဟု အမည်သတ်မှတ်သူ ပရိသတ်ထဲမှ ဒုတိယအမျိုးသမီးက ဒူတာတေး၏လက်ကို ဆွဲယူ၍ ဖိလစ်ပိုင်ယဉ်ကျေးမှုအရ နှုတ်ဆက်သည့်ထုံးစံအတိုင်း သူမ၏နဖူးနှင့် ထိထားခဲ့သည်။ သို့သော် ပရိသတ်အမျိုးသမီး၏ ပါးပြင်အစား ဒူတာတေးက ၎င်း၏ပါးစပ်သို့ ညွှန်ပြကာ အမျိုးသမီးများကို နှုတ်ခမ်းချင်း နမ်းလိုသည့်ဟန် ပြသခဲ့သည်။ “ ခင်ဗျားဟာ အပျိုလား။ ခင်ဗျား ယောက်ျားနဲ့ မကွာရသေးဘူးနော်။ ဒါပေမယ့် သူ့ကိုတော့ ဒါဟာ နောက်တာပါ ပြောနိုင်လား” ဟု ဒူတာတေးက မေးမြန်းခဲ့ကြောင်း ဖိလစ်ပိုင်သတင်းဌာန Rappler က ရေးသည်။ အချီအချပြောဆိုပြီး အမျိုးသမီးက ငြင်းဆိုနေရာ ပရိသတ်က ရယ်မော၍ ထောက်ခံကြသဖြင့် သမ္မတအနမ်းကို လိုက်လျောခဲ့သည်။ အဆိုပါအမျိုးသမီး ကင်မ်က အနမ်းခံရခြင်းကို စိတ်မရှိပါကြောင်းနှင့် ယင်းကိစ္စရပ်ကြောင့် ဖိလစ်ပိုင်များ ပျော်ရွှင်ကြခြင်းမှတပါး အခြားအထူးအထွေမရှိပါကြောင်း ပြောကြားခဲ့သည်။ သူမသည် တောင်ကိုရီးယားနိုင်ငံသားတဦးလက်ထပ်ထားပြီး သားသမီးနှစ်ဦးရှိကြောင်း PNA သတင်းက ဆိုသည်။ ကိုးကား ။ ။ CNN The post ဒူတာတေးအနမ်းသည် နှစ်လိုဖွယ်ရာ အပြုအမူဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2JbOX6v
via IFTTT
No comments:
Post a Comment