“မိန်းကလေးလို ဝတ်တဲ့ မိန်းမလျာတွေအတွက် ဂုဏ်ယူတယ်”ဆိုတဲ့ မိတ်ကပ်လင်းလင်း Ladyboy တဦးအနေနဲ့ ရပ်တည်လျက်ရှိတဲ့ မိတ်ကပ်ပညာရှင် လင်းလင်းကတော့ မိန်းကလေးလို ဝတ်စားပြီး နေထိုင်လျက်ရှိတဲ့ အလှဖန်တီးရှင်များ၊ မိန်းမလျာများကို ဂုဏ်ယူတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “မိန်းကလေးလို ဝတ်တယ်ဆိုတာ လှမှ ဝတ်လို့ရတာလေ။ အဲဒီအတွက်ကြောင့် လင်းကတော့ မိန်းကလေးလို ဝတ်တဲ့ အလှဖန်တီးရှင်တွေ၊ မိန်းမလျာတွေဆိုရင် အရမ်းကို ဂုဏ်ယူတယ်။ ကိုယ် “ဘာ” ဆိုတဲ့ အရာကို အားလုံးရဲ့ အလယ်မှာ ထုတ်ပြရဲတဲ့ သတ္တိကို အရမ်းကြိုက်တယ်” လို့ မိတ်ကပ်လင်းလင်းက ပြောပါတယ်။ ဆက်လက်ပြီး “အဲဒီအတွက်ကြောင့် အချစ်တွေက မရဘူးလို့ ထင်တာပါပဲ။ မတွဲရဲကြဘူးလေ။ နောက်ဆုံး တချို့တွေ ပြောတာ ရှိတယ်လေ။ ယောင်္ကျားလေးလို ဝတ်ထားရင် ပိုကောင်းမယ်လို့။ အမှန်အတိုင်းပြောရရင် Toilet သွားရင်တောင် ယောင်္ကျားလေး အိမ်သာထဲ ဝင်ရမလား၊ မိန်းကလေးအိမ်သာထဲ ဝင်ရမလားဆိုတဲ့ ဂယက်ရှိသေးတယ်”လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။ မိန်းမလျာတဦး ဖြစ်ပြီး မိန်းကလေးလို ဝတ်စားထားတဲ့ သူတယောက် ဖြစ်တဲ့အတွက် အချစ်ရေးမှာတော့ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော နှစ်ယောက်တည်း သိနေတာ အကောင်းဆုံးပါပဲလို့လည်း မိတ်ကပ်လင်းလင်းက ပြောပါတယ်။ “အချစ်ရေးကလေ လင်းအမြဲပြောသလို ဘယ်လောက်ပဲ ချစ်တယ်ပြောပြော၊ နှစ်ယောက်တည်း သိနေတာ အကောင်းဆုံး ပါပဲ။ အခုတော့ ကိုယ်ကပဲ မချစ်တတ်သေးတာလား။ သူကပဲ ကိုယ့်ကို မကြိုက်တာလား၊ မချစ်တာလား မသိဘူးပေါ့။ သူငယ်ချင်းလိုပဲ နေနေသေးတာပါ။ ချပြဖို့ဆိုတာကလည်း လင်းတို့လို Ladyboy တွေအနေနဲ့ မဖြစ်နိုင်ဘူး။ မတင့်တယ်ဘူး လို့ ထင်ပါတယ်” လို့ လင်းလင်းက ပြောပါတယ်။ လင်းလင်းကတော့ အခုရပ်တည်နေတဲ့ ဘဝကိုကျေနပ်ပြီး သူတပါးကို မထိခိုက်ဘူးလို့လည်း ပြောပါတယ်။ ငယ်စဉ် ကတည်းက မိဘနဲ့ အတူတကွ မနေထိုင်ခဲ့ရဘဲ တယောက်တည်း ရပ်တည်လာခဲ့ရတဲ့ လင်းလင်းကတော့ ကျန်တဲ့အရာတွေက သူ့အတွက် အရေးမကြီးဘူးလို့ ဆိုပါတယ်။ “အခုဘဝကိုတော့ ကျေနပ်ပါတယ်။ မကျေနပ်လို့ဆိုပြီး ပဲခူးရိုးမမှာ တောသွားထွက်လို့မှ မရတာ ရဲရဲရင်ဆိုင်ရမှာ သူများပစ္စည်းခိုးတာ မဟုတ်ဘူး။ အိမ်ထောင်ကို ဖျက်ဆီးတာ မဟုတ်ဘူး။ သူများ သားပျို၊ သမီးပျိုကို ဖျက်ဆီးတာ မဟုတ်တဲ့အတွက် လင်းတို့ ဖြစ်နေတဲ့ဘဝက သူများကို မထိခိုက်ဘူးလို့ ထင်ပါတယ်”လို့ လင်းလင်းက ဆိုပါတယ်။ “လင်းတောင်မှ ငယ်ငယ်လေးတည်းက အဖေ၊ အမေနဲ့ အတူတ ူမနေရတဲ့ ကံမပါလာတော့ မိဘတောင် မရှိဘဲ ရပ်တည်လာတာ ဆိုတော့ ကျန်တာက လင်းအတွက် သိပ်အရေးမကြီးပါဘူး”လို့လည်း ဆိုပါတယ်။ မိတ်ကပ် လင်းလင်းက မြန်မာနိုင်ငံရဲ့ ထင်ရှားအောင်မြင်တဲ့ မိတ်ကပ် ဖန်တီးရှင်များထဲမှ တဦးဖြစ်ပြီး ပျော်ရွှင်စွာ နေတတ်သူတဦးအဖြစ်လည်း အများက သိထားကြပါတယ်။ The post “မိန်းကလေးလို ဝတ်တဲ့ မိန်းမလျာတွေအတွက် ဂုဏ်ယူတယ်”ဆိုတဲ့ မိတ်ကပ်လင်းလင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2M380NM
via IFTTT
No comments:
Post a Comment