Wednesday, June 6, 2018


အဂတိလိုက်စားကြောင်း ကျော်ဇောသတင်းရှိသူများကို စစ်ဆေးနိုင်ပြီ အဂတိလိုက်စားမှု ရှိသည်ဟု ကျော်ဇော သတင်းရှိသူများကို စုံစမ်း စစ်ဆေးရေး အဖွဲ့မှ စစ်ဆေးစုံစမ်းကာ အမှုဖွင့် အရေးယူနိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွှန့်က “အရင်တုန်းက ကြွယ်ဝ ချမ်းသာလာကြောင်းကို ကျော်ဇော သတင်း ရှိရုံနဲ့ အက်ရှင်ယူလို့ မရဘူး။ အတည်ဖြစ်သွားပြီဆိုရင်တော့ အဂတိလိုက်စားမှုနဲ့ ကြွယ်ဝ ချမ်းသာ လာတယ်ဆိုတဲ့ ကျော်ဇော သတင်းကို သိရရင်တော့ သတင်းပေးပို့ချက် အနေနဲ့ သတ်မှတ်နိုင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ ယခု ပြင်ဆင်လိုက်သည့် ဥပဒေတွင် သိသာသည့် အချက်မှာ ကျော်ဇောသတင်း ရှိရုံဖြင့် စုံစမ်းဆေးစစ်ဆေးနိုင်ကြောင်း၊ သတင်းပေးပို့ချက် တိုင်ကြားစာ ရောက်ရုံဖြင့် ချက်ချင်း လိုက်ဖမ်း၍ မရကြောင်း၊ အဆိုပါ သတင်းမှာ မှန်၊ မမှန် စုံစမ်းစစ်ဆေးပြီးမှ ဥပဒေပြဌာန်းချက်နှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ဦးဟန်ညွှန့်က ဆိုသည်။ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန် အစည်း အဝေး ၁၂ ရက်မြောက်နေ့ အစီအစဉ်တွင် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ဖြင့် အတည်ပြု ပေးပို့သော အဂတိ လိုက်စားမှုနှင့် တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ကို ယနေ့ (ဇွန်လ ၆ )ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်ခြင်း ရယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဂတိလိုက်စားမှု ဥပဒေကို ပြီးခဲ့သည့် သတ္တမ အကြိမ် အမျိုးသားလွှတ်တော်တွင် ၂၄ ချက်ကို ပြင်ဆင်ခဲ့ပြီး ယင်းပြင်ဆင်သည့် အချက်များထဲမှ ထင်ရှားသည့် ပြင်ဆင်ချက် ဥပဒေ ၁ ချက်မှာ ပုံမှန်ဝင်ငွေထက် ကျော်လွန်၍ ဝင်ငွေ ရှိနေသူများကို ကျော်ဇော သတင်းဖြင့် စုံစမ်း စစ်ဆေးနိုင်၍ ဥပဒေ အတိုင်း အမှုဖွင့် အရေးယူနိုင်သည်ဟု သိရသည်။ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းက “ကျော်ဇောသတင်းရှိတဲ့သူဆိုတာက သူ့ဝင်ငွေက တလကို ၅ သိန်းဝင်ပေမယ့် တနှစ်တာ ဝင်ငွေမှာ ဒီနေရာလေးရလိုက်တာနဲ့ သိန်းသောင်းချီပြီးတော့ စီးပွားရေးဖြစ်သွားတယ်ဆိုရင်တော့ ကျော်ဇောသတင်းပေါ့။ ပိုက်ဆံရှိရုံနဲ့ ကျော်ဇော သတင်း မဟုတ်ဘူး။ ပိုက်ဆံ ဒီလောက်ရှိသွားတာ ဘယ်မှာ ဘာလုပ်လို့ ရှိတာလဲပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ အပိုဒ် ၁၁ ၊ ပုဒ်မ ၂၁ ၊ ပုဒ်မ ခွဲ (ဃ) တွင် ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်မှာ အဂတိ လိုက်စားမှု ရှိကြောင်း၊ ကျော်ဇောသတင်း ဖြစ်ပေါ်နေခြင်း ၏ ကျိုးကြောင်း ရှင်းလင်း ဖော်ပြချက်မှာ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာကြောင်း၊ ကျော်ဇောသတင်းရှိနေပါက တိုင်ကြားသူ မရှိသော်လည်း ကော်မရှင် အနေဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန် စုံစမ်း စစ်ဆေးခြင်းဖြင့် အဂတိလိုက်စားမှု လျော့ပါးလာနိုင်သည့် အကြောင်းအရာ တရပ်ဖြစ်၍ ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ) အဖြစ် ထည့်သွင်းပြဋ္ဌာန်းသည်ဟု ပြင်ဆင်သည့် ဥပဒေတွင် ဖော်ပြထားသည်။ လက်ရှိပြင်ဆင်လိုက်သည့် ဥပဒေမှာ အားသာချက်များရှိကြောင်း၊ ယခင်က အရေးယူရန် အခွင့်အရေး နည်းပါးခဲ့ကြောင်း၊ လက်ရှိဥပဒေသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လုပ်ပိုင်ခွင့်များစွာ ပေးထားကြောင်း ဥပဒေကြမ်းကော်မတီမှ သိရသည်။ ဥပဒေကြမ်းကော်မတီ၏ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက “တိုင်ကြားတဲ့သူတွေဘက်မှာလည်း နစ်နာမှုတွေ မရှိအောင် ပြင်ဆင်ချက်ထဲမှာ ပါတဲ့ အတွက် စုံစမ်းစစ်ဆေးမှုတွေ အများကြီးလုပ်နိုင်ပါတယ်” ဟု ရှင်းပြသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အမျိုုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် ဥပဒေကြမ်းကော်မတီက သဘောတူထားသည့် ၂၄ ချက်ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှ ကိုယ်စားလှယ်များအား သဘောတူ၊ မတူ မေးမြန်းရာ ကိုယ်စားလှယ်များက သဘောတူ ခဲ့သည့် အတွက် ယင်းဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လ ၃၀ ရက်နေ့ အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားလာသည့် အရေအတွက်မှာ စုစုပေါင်း ၁၇၈၁ စောင် ရှိပြီး ပြည်ထဲရေး ဝန်ကြီးဌာန မှ တိုင်ကြားစာ ၅၀၀ ကျော်၊ တရားရေး ဝန်ထမ်းများ မှန်ကန်မှု မရှိသဖြင့် တိုင်ကြားစာပေါင်း ၃၀၀ ကျော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ၃၀၀ ကျော်၊ ပညာရေးဝန်ကြီးဌာနမှ ၄၈ စောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၇ စောင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ တိုင်စာ ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။ ဆက်စပ်ဖတ်ရှုရန်–အဂတိလိုက်စားမှု ကျော်စောများကို အရေးယူနိုင်မည့် ဥပဒေ လွှတ်တော်တွင် ဆွေးနွေး အဂတိလိုက်စားမှုဖြင့် အတိုင်ခံရသည့် စာရင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန ထိပ်ဆုံး၌ရပ်တည် The post အဂတိလိုက်စားကြောင်း ကျော်ဇောသတင်းရှိသူများကို စစ်ဆေးနိုင်ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2JxfYAA
via IFTTT

No comments:

Post a Comment