ရေကြီးမှုကြောင့် သံဖြူဇရပ်ရှိ ဆားနှင့် ရေလုပ်ငန်းတို့မှ ကျပ်သိန်း ၇ ထောင်ကျော်ဆုံးရှုံး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် ဆားလုပ်ငန်းနှင့် ရေလုပ်ငန်း ကဏ္ဍတို့မှ ငွေကျပ် သိန်း ၇ ထောင်ကျော် ဆုံးရှုံးရကြောင်း သိရသည်။ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်များ၌ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ပငကျေးရွာ သည် မွန်ပြည်နယ်၏ အဓိက ဆားလုပ်ကိုင်ရာ ဒေသဖြစ်ပြီး ဆားဂိုဒေါင်များ ရေနစ်မြုပ်သဖြင့် လုပ်ငန်းရှင် ၁၉ ဦးမှာ ဆားကြမ်း ပိဿာချိန် ၂၅ သိန်းကျော် ပျက်စီးသွားကာ ရေမနစ်မြုပ်ခင် ဆားကြမ်း တပိဿာလျှင် ၁၇၀ ကျပ်ပေါက် ဈေးရှိခြင်းကြောင့် ငွေကျပ်သိန်း ၄၃၀၀ ကျော် ဆုံးရှုံးခဲ့သည်ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး နိုင်ဟု က ဆိုသည်။ ထိုသို့ ပျက်စီးသွားသော ဆားကြမ်းစာရင်းမှာ ပုဂ္ဂလိက ဆားဂိုဒေါင်များ၏ စာရင်းသာဖြစ်ပြီး ပငကျေးရွာရှိ ဦးပိုင် ဆားဂို ဒေါင်များ၏ စာရင်း မပါရှိသေးကြောင်း ၎င်းက ရှင်းပြသည်။ အလားတူ ယင်းကျေးရွာမှ ရေလုပ်ငန်းရှင် ၁၇ ဦးတို့သည်လည်း ငပိလုပ်ငန်း အတွက် အသုံးပြုမည့်ဆား၊ ငပိ၊ ကြက်စာ၊ ငံပြာရည်၊ ငါးခြောက် စသည့် ကုန်ပစ္စည်းများ ရေနစ်မြုပ်ခြင်းကြောင့် တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ ကျော် ပျက်စီး ဆုံးရှုံးရ ကြောင်း ဒေသခံ ငပိ လုပ်ငန်းရှင် တဦးဖြစ်သည့် နိုင်စောင်း က ပြောပြသည်။ ယင်း ပျက်စီးဆုံးရှုံးခဲ့သော ငွေကျပ်သိန်း ၇ ထောင်ကျော်မှာ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့၏ ပျက်စီးဆုံးရှုံးမှုသာ ဖြစ်ပြီး မွန်ပြည်နယ် အတွင်း အခြားသော ကဏ္ဍများမှ ပျက်စီးရှုံးမှုများလည်း ရှိနေသေးကြောင်း ဒေသခံ ပြည်သူများ က ဆိုသည်။ “ကျနော်တို့ဟာ နိုင်ငံကို ပြည့်ပြည့်ဝဝ အခွန်ထမ်းဆောင်ထားတဲ့ အခွန်ထမ်းတွေ ဖြစ်တဲ့ အတွက် နိုင်ငံအနေနဲ့ အရင်းအနှီး လိုအပ်တဲ့ ဆားတောင်သူတွေကို အတိုးနှုန်းနည်းတဲ့ ဘဏ်တခုခုနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ငန်း လည်ပတ်နိုင်အောင် ကူညီပေးဖို့ မျှော်လင့်တယ်”ဟု နိုင်ဟု က ပြောသည်။ မွန်ပြည်နယ်ရှိ ဆားကြမ်းများကို ပြည်နယ်အတွင်းရှိ ရေလုပ်ငန်းများ၌ အသုံးပြုကြသည့် အပြင် မန္တလေး၊ မြိတ်၊ ထားဝယ် သို့လည်း တင်ပို့နေကြခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပငကျေးရွာရှိ ဆားလုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များသည် ကျန်ရှိနေသေးသော မိုးရာသီ ကာလများ၌ ရေကြီးနစ်မြုပ်မှုများ ထပ်မံ မဖြစ်ပွားစေရန် တိမ်ကောနေသည့် ချောင်း မြောင်းများကို အစိုးရမှ တူးဖော်ပေးရန် လိုအပ် ကြောင်း အဆိုပါ လုပ်ငန်းရှင်များ က ဆိုသည်။ မွန်ပြည်နယ်တွင် ဇွန် ၁၇ ရက်က ၇ မြို့နယ် ရေကြီးနစ်မြုပ်ခဲ့ပြီး မော်လမြိုင်မြို့နှင့် ရေးမြို့နယ်တို့၌ ရေကြီးမှုမှာ ကျန်မြို့ နယ်များထက် အဆိုးဆုံး ဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရဖွဲ့ရုံးက တာဝန်ရှိသူ တဦးက ပြောသည်။ The post ရေကြီးမှုကြောင့် သံဖြူဇရပ်ရှိ ဆားနှင့် ရေလုပ်ငန်းတို့မှ ကျပ်သိန်း ၇ ထောင်ကျော်ဆုံးရှုံး appeared first on ဧရာဝတီ.
Source : https://ift.tt/2K5ljQt
via IFTTT
No comments:
Post a Comment