Friday, June 1, 2018

Eleven Media Group

အမေရိကန် ဆယ်ကျော်သက်များအကြား Facebook သုံးစွဲမှု လျင်မြန်စွာကျဆင်းနေ အမေရိကန်ဆယ်ကျော်သက်များကို ဆွဲဆောင်စည်းရုံးထိန်းသိမ်းနိုင်မှုတွင် Facebook သည် ပြိုင်ဘက်အင်တာနက်လုပ်ငန်းများထက် နိမ့်ကျနေကြောင်း မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုက ဆိုခဲ့သည်။ ဧရာမလူမှုကွန်ရက်ကြီးဖြစ်သော Facebook အတွက် အဓိကကျသော အသက်အရွယ် အပိုင်းအခြားတစ်ခုဖြစ်သည့် ဆယ်ကျော်သက်များအကြားတွင် Facebook ကို သုံးစွဲမှု သိသိသာသာ ကျဆင်းနေကြောင်း အခြားသော စစ်တမ်းများတွင် ဖော်ထုတ်တွေ့ရှိခဲ့သော ခေတ်ရေစီးကြောင်း တစ်ခုကို Pew Research က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား အမေရိကန်ဆယ်ကျော်သက်များတွင် Facebook သုံးစွဲသူ ၅၁ ရာခိုင်နှုန်းရှိနေပြီး၊ You Tube ကို သုံးစွဲသူ ၈၅ ရာခိုင်နှုန်း၊ Instagram ကို သုံးစွဲသူ ၇၂ ရာခိုင်နှုန်း၊ Snapchat ကို သုံး သူ ၆၉ ရာခိုင်နှုန်း အသီးသီးရှိကြောင်း Pew ၏ စစ်တမ်းက လေ့လာတွေ့ရှိခဲ့သည်။ ဆယ်ကျော်သက်များ၏ ၇၁ ရာခိုင်နှုန်းက Facebook ကို သုံးစွဲနေကြောင်း ၂၀၁၄- ၂၀၁၅ တွင် Pew ၏ စစ်တမ်း၌ တွေ့ရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်ဆယ်ကျော်သက်များအကြားတွင် လူမှုမီဒီယာကို သုံးစွဲမှု အခင်းအကျင်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ဆယ်ကျော်သက်၏ ၉၅ ရာခိုင်နှုန်းက ၎င်းတို့က စမတ်ဖုန်းကို သုံးစွဲကြောင်း ဖြေဆိုခဲ့ကြပြီး ဆယ်ကျော်သက် ၄၅ ရာခိုင်နှုန်းက အွန်လိုင်းကို အမြဲတမ်းလိုလိုသုံးစွဲကြောင်း ဖြေဆိုခဲ့ကြသည်ဟု Pew ၏ လေ့လာမှုက ဆိုသည်။ ယင်းကိန်းဂဏန်းနှစ်ခုသည် ယခင်လေ့လာချက်များထက် တိုးလာခြင်းကိုပြသလျက်ရှိသည်။ “ဆယ်ကျော်သက်တွေအကြားမှာ လူမှုမီဒီယာ ပတ်ဝန်းကျင်အနေအထားက လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့ လုံးလုံးမတူတော့ပါဘူး” ဟု အစီရင်ခံကို ဦးဆောင်ရေးသားသူ မိုနီကာ အင်ဒါဆင်က ပြောကြားခဲ့သည်။ ထို့ပြင် ဆယ်ကျော်သက်များ၏ ဘဝကို လူမှုမီဒီယာ၏ သက်ရောက်မှုသည်လည်း ကွဲပြားနေကြောင်း Pew ၏ စစ်တမ်းက ဖော်ပြခဲ့သည်။ ဆယ်ကျော်သက် ၃၁ ရာခိုင်နှုန်းက လူမှုမီဒီယာသည် ၎င်းတို့၏ ဘဝကို အကောင်းသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့ပြီး ၂၄ ရာခိုင်နှုန်းက အဆိုးသက်ရောက်မှုရှိသည်ဟု ဖြေဆိုခဲ့ကြသည်။ ကျန် ၄၅ ရာခိုင်နှုန်းက အကောင်းအဆိုး နှစ်ခုစလုံးသက်ရောက်မှု မရှိကြောင်း ဖြေဆိုခဲ့သည်။ Facebook သည် ပုံမှန်အသုံးပြုသူ နှစ်ဘီလျံခန့်ရှိသော ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်ကြီး ဖြစ်သည်။ သို့သော်လည်း Snapchat နှင့် Facebook က ပိုင်ဆိုင်သော Instagram တို့ကဲ့သို့သော လူမှုမီဒီယာအသစ်များက အားကောင်းလာနေချိန်တွင် Facebook သည် လူငယ်များကို ဆွဲဆောင်မှု ဆုံးရှုံးနေကြောင်း အချို့စစ်တမ်းများနှင့် လေ့လာသုံးသပ်သူများက ဆိုထားပြီးဖြစ်သည်။ စျေးကွက်သုတေသနလုပ်ငန်း eMarketer က Snapchat သည် လူငယ်များကို ဆွဲဆောင်မှုသည် Instagram ထက်ပင်လျင် မြန်နေကြောင်း ယခုနှစ်အစောပိုင်းက စစ်တမ်းတစ်ခုတွင် ပြောကြားခဲ့သည်။ Snapchat သည် အမေရိကန် ဆယ်ကျော်သက်တို့အတွက် ပိုခေတ်စားသော လူမှုကွန်ရက်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Piper Jaffray က ပြီးခဲ့သည့်နှစ်တွင် ဖော်ပြခဲ့သည်။ Ref ; AFP
Source : https://ift.tt/2xAUb68
via IFTTT

No comments:

Post a Comment