အခွန်မဆောင်နိုင်၍ မြန်မာ့ကျောက်မျက်များ တရုတ်သို့ ရောင်းချမှု များနေ အစိုးရသို့ ပေးသွင်းရသည့် အခွန်ငွေ များလွန်းသောကြောင့် မြန်မာ့ကျောက်မျက်ရတနာများကို တရားမဝင် လမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ ရောင်းချမှုများ အလွန်များပြားနေ၍ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးနေရကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်း အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးမြင့်ဟန်က ပြောသည်။ “မဆောင်ချင်လို့ ခိုးသွားနေတာ မဟုတ်ဘူး။ မဆောင်နိုင်လို့ သွားနေတာ။ အခွန်ကို အဲဒီလောက် ဆောင်လိုက်ရင် စ ရိတ်တွေ များတဲ့အခါကျတော့ လုပ်ငန်းရှင်တွေမှာ ဘယ်လိုမှ အဆင်မပြေဘူး။ အခွန်မထမ်းနိုင်တဲ့အခါ နိုင်ငံတော် အတွက်လည်း နစ်နာတယ်။ တရုတ်မှာက ၂ ရာခိုင်နှုန်း ဆောင်ရင် ကြိုက်သလောက် ရောင်းလို့ရတယ်” ဟု ပြော သည်။ သြဂုတ်လ ၃ ရက်နေ့ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပထမအကြိမ် မြန်မာ့ ကျောက်မျက်ရတနာနေ့ အခမ်းအနားအကြောင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင် အထူးကုန်စည်ခွန် ပေါ်လာပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အထူးကုန်စည်ခွန်အဖြစ် ရတနာခွန် ၂၀ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းအတွက် ဝန်ဆောင်ခ ၃ ရာခိုင်နှုန်း စုစုပေါင်း ၂၈ ရာခိုင်နှုန်း အထိ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချပွဲများတွင်လည်း ကျောက်မျက်ရောင်းရမှု လျော့ကျလာကြောင်း၊ အခွန် ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသည့် ၅၁ ကြိမ်မြောက် ပြပွဲတွင် အမေရိကန် ဒေါ်လာ သန်း ၂၄၀၀ ကျော် ရောင်း ချခဲ့ရသော်လည်း အခွန်တိုးမြှင့်ပြီးနောက် ၅၂ ကြိမ်မြောက် ပြပွဲတွင် သန်း ၅၀၀၊ ၅၃ ကြိမ်မြောက် ပြပွဲတွင် သန်း ၃၈၀ အထိ ကျဆင်းသွားကြောင်း ကျောက်မျက်အသင်းချုပ်က ပြောသည်။ အခွန်များ တိုးကောက်နေခြင်းသည် အစိုးရ၏ အစီအစဉ်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကောက်ခံခြင်း ဖြစ်ကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ကျောက်အကြမ်းကို ၃ ရာခိုင်နှုန်း၊ အချောကို ၁ ရာခိုင်နှုန်းသာ ကျောက်မျက်ရတနာ ဥပဒေအရ ကောက်ခံကြောင်း ယင်းဝန်ကြီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးမင်းသူက ဧရာဝတီသို့ ပြောသည်။ “ပြပွဲမှာ ဈေးကောင်းရတာတော့ သေချာတယ်။ အပြင်မှာသွားပြီး ရောင်းရင် ဒီဈေး လုံးဝ မရစေရဘူး။ ဘယ်လမ်းက နေ ဘယ်လိုပဲသွားသွား ကျနော် သေချာ ပြောရဲတယ်။ ဒီဈေးလောက် ဘယ်မှာမှ မရဘူး။ ပြပွဲမှာပဲ ဈေးအမြင့်ဆုံး ရ တာပါ။ တရုတ်ပြည် သွားရောင်းလည်း မရပါဘူး” ဟု ဦးမင်းသူက ပြောသည်။ ထောင်နှင့်ချီသည့် ကျောက်မျက်ကုန်သည်များကို တနေရာတည်းတွင် ဈေးတန်းတခုဖြင့် အမြင့်ဆုံးဈေး ရရှိအောင် ပြပွဲများက ရောင်းချပေးနေခြင်း ဖြစ်၍ မြန်မာလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ဘာသာ ကုန်သည် ၁၀ ဦး ကိုပင် ခေါ်ပြရန် မလွယ်ကြောင်းလည်း ၎င်းက ဆိုသည်။ ယခုအခါ ကျောက်မျက်လုပ်ငန်းရှင်များက အခွန်ပမာဏ များလွန်းသည်ဟု တင်ပြကြသဖြင့် အထူးကုန်စည်ခွန်ကို ၂၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ကုန်သွယ်ခွန်ကို ရောင်းသူ၊ ဝယ်သူ ၂ ဖက်စလုံးအား ကင်းလွတ်ခွင့်ပေး ၍ ဝန်ဆောင်ခ ၃ ရာခိုင်နှုန်းပါ စုစုပေါင်း ၁၈ ရာခိုင်နှုန်း အခွန်ရှိသော်လည်း တရားမဝင် လမ်းကြောင်းမှ ကျောက်မျက် များမှာ ထွက်ခွာနေဆဲပင် ဖြစ်သည်ဟု လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောသည်။ “တချို့ကျတော့ အခွန်လျော့လည်း အပြင်ကို တရားမဝင် ရောင်းနေတာပဲ။ အထည်ကြီးတွေတော့ မဟုတ်ဘူး။ အသေးက ထွက်လို့ ရသလောက် အကုန်ထွက်သွားတာပဲ။ ဒီလိုပဲ ခေတ်အဆက်ဆက်က ထွက်နေတာပါ။ ဒါပေမယ့် အခုတော့ ပိုများတယ်လို့ ပြောရမှာပေါ့” ဟု ကျောက်မျက်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။ ယခင် အစိုးရ အဆက်ဆက်တွင် အခွန်ရှင်းလင်းမှုကို တနှစ်တခါသာ ပြုလုပ်ရသော်လည်း ယခုအစိုးရလက်ထက်တွင် လစဉ် အခွန်ရှင်းလင်းရကြောင်း၊ မရှင်းလင်းဘဲ သတင်းပို့ရန် ပျက်ကွက်ပါက ပြစ်မှု၊ ပြစ်ဒဏ်များလည်း အလွန် များပြားကြောင်း၊ ယခုအခါ ကျောက်မျက်ရတနာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်ရန် လွှတ်တော်က ကြိုးပမ်းလျက် ရှိပြီး ယင်းဥပဒေ ပြင်ဆင်ပြီးပါက လုပ်ထုံးလုပ်နည်းများ ပိုမို လွယ်ကူလာလိမ့်မည်ဟု မျှော်လင့်ကြောင်း လုပ်ငန်းရှင် များက ပြောသည်။ The post အခွန်မဆောင်နိုင်၍ မြန်မာ့ကျောက်မျက်များ တရုတ်သို့ ရောင်းချမှု များနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2wqMKJt
via IFTTT
No comments:
Post a Comment