ကဒူးကြီးဒေသခံ ၂၀၀ နေရပ်ပြန်နိုင်ရေး RCSS နှင့် PNLO လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု ရယူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က လူသစ်စုဆောင်းသည်ဟုဆိုကာ ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှ နားဟီးကျေးရွာသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြသော ဒေသခံများ နေရပ်ပြန်နိုင်ရန် RCSS နှင့် PNLO တို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ရယူထားကြောင်း သိရသည်။ RCSS ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းတို့ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ ပြီးခဲ့သည့် လက တွေ့ ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် နာဟီးကျေးရွာရောက် ဒေသခံများ နေရပ် ပြန် လည် နေထိုင်နိုင်ရေးနှင့် အခြားအချက် အချို့ကိုလည်း သဘောတူခဲ့ကြသည်ဟုဆိုသည်။ “ကျနော်တို့ ဥက္ကဋ္ဌကြီးနဲ့ PNLO က ခွန်မြင့်ထွန်းတို့ တွေ့ဆုံပြီး သဘောတူညီချက် ရယူခဲ့ကြတယ်။ အသေးစိတ် ကိုတော့ ကျနော်လည်း မဖတ်မိသေးဘူး။ ဒါပေမဲ့ လုံခြုံရေးကိစ္စကို ပူးပေါင်း ဆောင်ရွက်ပေးမယ်။ နေရပ် ပြန် လာ မယ့် စစ်ရှောင်တွေကို စောင့်ရှောက်ပေးသွားမယ်။ ဒါကို နှစ်ဖက် ခေါင်းဆောင်တွေ သဘော တူခဲ့ကြပါ တယ်”ဟု RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။ အဆိုပါ တွေ့ဆုံမှု အခြေအနေနှင့် စစ်ရှောင်များ နေရပ်ပြန်လည် နေထိုင်နိုင်ရေး သဘောတူညီမှု အခြေအနေကို မေးမြန်းရန် PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ် ထားခြင်းကြောင့် ဆက်သွယ်၍မရပါ။ ကဒူးကြီးှ ဒေသခံ ၂၀၀ ဝန်းကျင်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လက ရှမ်းပြည်နယ်၊မောက်မယ်မြို့နယ်၊ နားဟီး ကျေး ရွာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ ဇူလိုင် ၂၇ ရက်တွင် လင်းခေးမြို့နယ်ရှိ ဒေသဆိုင်ရာအဆင့် ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) အစည်းအဝေး ပြုလုပ်ပြီး နေရပ်ပြန်ရေးကို ပြည်နယ်အဆင့် JMC-S က ဆောင်ရွက်ပေးရန် သဘောတူညီခြဲ့ခင်း ဖြစ်သည်။ လင်းခေးမြို့နယ် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-L မှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ဇူလိုင် ၂၇ ရက်က မောက်မယ်မြို့နယ်၊ နားဟီးကျေးရွာတွင် ရောက်ရှိနေ သော နေရပ်စွန့်ခွာ တိမ်းရှောင်သူ မိသားစုများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း နေရပ် ပြန်နိုင်ရေး စီစဉ်ပေးမည်ဟု ဆိုခဲ့သည်။ “ဒီကိစ္စဖြစ်တာက လွန်ခဲ့တဲ့ မေလလောက် ကတည်းက ဖြစ်ခဲ့တာ။အဓိကက RCSS က တပ်သားသစ် စု ဆောင်းမှုကြောင့်လို့ ပြောတာပေါ့။တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့သူတွေ မဟုတ်ပါဘူး။ ကဒူးကြီးဘက် က လူတွေပါ။ ၂၀၀ ကျော်လောက် ရှိတယ်။ သူတို့ကို နေရပ်ပြန်နိုင်ဖို့အတွက် JMC ရယ် RCSS ခေါင်း ဆောင် တချို့နဲ့ ဦးခွန်မြင့်ထွန်းတို့ တော်တော်များများ ဆောင်ရွက်ပေးကြတာပေါ့။ ဒီရက်ပိုင်း ကျနော် သိပ်မရောက် ဖြစ်ဘူး။ ကြားတာကတော့ သြဂုတ်လ ၃ ရက်နေ့ဆိုရင်ကိုပဲ တချို့ပြန်ကြတော့မယ်လို့ ပြောတယ်။ ဒါလည်း အပြီးပြန်မှာလား၊ ဟိုဘက်က အခြေအနေကို သွားကြည့်မှာလားဆိုတာ မပြောတတ်သေးဘူး” ဟု JMC-S (ရှမ်း ပြည်)၏ အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင်က ပြောသည်။ ကဒူးကြီးဒေသသည် ယခင်က RCSS လှုပ်ရှားခဲ့သော ဒေသဖြစ်ရာ PNLO နှင့် နယ်မြေ အငြင်းပွားကာ စစ်ရေး တင်းမာမှုများ ၂၀၁၅ ခုနှစ်အတွင်းက ရှိခဲ့သည်။ ၎င်းတို့နှစ်ဖွဲ့သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် ဦးသိန်းစိန် အစိုးရက ကဒူးကြီးဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို PNLO က ဆောင်ရွက် ရန် သတ်မှတ်ပေးခဲ့သော်လည်း RCSS နှင့် PNLO တို့အကြား နယ်မြေ အငြင်းပွားလျက်ရှိနေပြီး ဦးသိန်းစိန် အစိုးရက တရားဝင် စာထုတ်ပြန်၍ သတ်မှတ်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။ The post ကဒူးကြီးဒေသခံ ၂၀၀ နေရပ်ပြန်နိုင်ရေး RCSS နှင့် PNLO လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု ရယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2vxZu4p
via IFTTT
No comments:
Post a Comment