ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ရန် အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဟု သိရသည်။ ယင်းဒေသများတွင် ဖြစ်ပေါ်နေသည့် ဘင်္ဂလီလူမျိုး အစွန်းရောက် အဖွဲ့များ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အသက် အိုးအိမ်လုံခြုံရေးတို့ကို များစွာ ထိပါးနှောက်ယှက်လာ၍ ဒေသတွင်း ပိုမိုကောင်းမွန်သည် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီ အမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတခုကို မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ ယင်းအဆိုကို တင်သွင်းခဲ့သူ ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒေသတွင်းရှိ အစွန်းရောက် မွတ်စလင် အဖွဲ့အစည်းများ နိုင်ငံတကာရှိ အကြမ်းဖက်ကွန်ရက်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး တိုင်းပြည် အတွက် အန္တရာယ်ဆိုး ကျရောက်လာနိုင်ကြောင်း လွှတ်တော်တွင် ပြောသည်။ ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်သည့် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်း၊ တံငါ လုပ်ငန်းများကို မလုပ်နိုင်တော့ဘဲ ရွာထဲမှ ရွာပြင် မထွက်ရဲအောင် စိုးရိမ်နေရကြောင်းလည်း ၎င်းက ပြောသည်။ ၎င်းကဆက်၍ “အိမ်ခြေရာထောင်ချီနေတဲ့ ဘင်္ဂလီကျေးရွာတွေရဲ့ကြားမှာ ဆယ်ဂဏန်းသာရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေရဲ့ အခြေ အနေဟာ ကျားသနားမှ နွားချမ်းသာရမယ့်ကိန်း ရောက်နေပါတယ်။ အဲဒါကြောင့် ဒီဒေသအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်း နိုင်ရေးမှာ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မြန်ဆန်ဆန် လုပ်ရမယ့် အခြေအနေမှာ ရှိပါတယ်”ဟု ပြောသည်။ ရခိုင်မြောက်ပိုင်းရှိ ဒေသများတွင် တိုင်းရင်းသား ကျေးရွာများကို အခိုင်အမာ တည်ဆောက်ပေး၍ ဒေသခံ တိုင်းရင်းသားများကို စိတ်လုံခြုံမှု ပေးနိုင်မည့် လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးရန်၊ ပျက်စီးနေသည့် ဘင်္ဂလီကျေးရွာများ၏ အုပ်ချုပ်ရေး ယန္တရားကို အခိုင်အမာ ပြန်လည် တည်ဆောက်ရန် လိုကြောင်း အထက်ပါအဆိုကို ထောက်ခံဆွေးနွေးသူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်း က ပြောသည်။ “ဒါကို မလုပ်နိုင်ဘူးဆိုရင် အကြမ်းဖက်သမားတွေကိုု ကြောက်ရွံ့တဲ့အတွက် ကျေးရွာလူကြီး လုပ်မယ့်သူ မရှိတော့ပါဘူး။ ရှိရင်လည်း အကြမ်း ဖက်သမားတွေရဲ့ သြဇာခံ မဟုတ်ရင် အသက်ရှင်ခွင့် မရှိပါဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ကျေးရွာတွေကို မဖြစ်မနေ ဝင်ရောက်ရရင်လည်း အင်အားနဲ့ အလုံးအရင်း ဝင်ရောက်ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ရေရှည် လက်ခံမထားသင့်ပါဘူး။ ကျေးရွာများရဲ့ အုပ်ချုပ်ရေးကို အမြစ်လှန်၊ အသစ်ပြန်ပြီး တည်ဆောက်ပေးဖို့ လိုအပ်နေပြီ”ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။ ယခု တင်သွင်းထားသည့် ဒေါ်ခင်စောဝေ၏ အဆိုကို ဆွေးနွေးလိုသော လွှတ်တေ်ာ ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၇ ခုနှစ်၊ သြ ဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းရမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုထားသည်။ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ် စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဦးခင်မောင်လတ်၏ အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည်။ The post ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2uRzaSW
via IFTTT
No comments:
Post a Comment