Thursday, August 17, 2017


ဘဝမျိုးစုံသော အဘွားဒေါ်အုန်းကြည် မြန်မာ့လူမှု အသိုင်းအဝိုင်းတွင် အမျိုးသမီးဆိုပါက အိမ်ထောင်ရှင်မအဖြစ် သားသမီးများမွေးဖွားခြင်း၊ အိမ်ထောင်မှု တာဝန် များ ထိန်းသိမ်းခြင်းတို့ဖြင့်သာ အများစု၏ ဘဝများ ကုန်ဆုံးလေ့ ရှိတတ်ကြပါသည်။ ထို့အပြင် အမျိုးသမီးများ အိမ်ထာင်ရှိမှသာ တင့်တယ်ပြီး အကြောင်းကြောင်းကြောင့် အိမ်ထောင်ရေး ပြိုကွဲသွားပါက ဘဝ မလုံခြုံမှု နှင့် ဂုဏ်သက္ခာပိုင်း ထိခိုက်မှုများကိုလည်း ကြုံတွေ့ရတတ်သေးသည်။ အိမ်ထောင်ရှင်မ တဦးသည် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် သို့မဟုတ် အကြောင်း တခုခုကြောင့် တပင်လဲ၍ တပင် ထူ ဆိုသလို နောက်ထပ်အိမ်ထောင် ပြုပါကလည်း ပတ်ဝန်းကျင်၏ ကံ့ရဲ့ ရှုတ်ချခြင်းများနှင့်လည်း မလွတ်ကင်းကြရပါ။ ထို့ကြောင့် တချို့သည် နောက်အိမ်ထောင် ပြုလိုသည့်တိုင် မပြုတော့ဘဲ တဦးတည်း ရုန်းကန် ဖြတ်သန်းသွားရသည့် အမျိုးသမီး များလည်း ရှိနေကြပါသည်။ ထိုကဲ့သို့ အမျိုးသမီးများတွင် အသက် ၈၅ နှစ်အရွယ်ရှိပြီ ဖြစ်သည့် အဘွား ဒေါ်အုန်းကြည်လည်း ပါဝင်ပါသည်။ ဒေါ်အုန်း ကြည်သည် အသက် ၂၀ ကျော်အရွယ်တွင် မိခင်နှင့်အဘိုးဖြစ်သူတို့ ပေးစားသူနှင့် အိမ်ထောင်ပြုဖြစ်ခဲ့သော်လည်း အိမ် ထောင်ရေး ကံမကောင်းခဲ့ပေ။ အဘွား ဒေါ်အုန်းကြည် က “ကျမ ကိုယ်ဝန် ၅ လရှိတဲ့အချိန်မှာ အမျိုးသားက နောက်မိန်းမ ယူသွားတယ်၊ သမီးလေး တ ယောက် မွေးခဲ့တယ်၊ အဲဒီ သမီးလေးကိုပဲ ပြုစုပျိုးထောင်ရင်း နောက်ထပ် အိမ်ထောင်မပြုခဲ့ဘဲ ဘဝကို တယောက်တည်း ရုန်းကန် ရပ်တည်ခဲ့တာ ဒီနေ့အထိပါပဲ” ဟု ပြောပြသည်။ ငယ်ရွယ်သည့်အချိန်တွင် အိမ်ထောင်ရေး ပြိုကွဲသွားခဲ့သော်လည်း ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို မခံလိုခြင်း၊ အမျိုးသားများ အပေါ် ယုံကြည်မှု နည်းပါးသွားခြင်းတို့ကြောင့် နောက်အိမ်ထောင် မပြုဖြစ်ခဲ့ဟုလည်း ပြောဆိုသည်။ အဘွားဒေါ်အုန်းကြည် က “အသက်ငယ်ငယ်နဲ့ အိမ်ထောင်မရှိတဲ့ အခါကျတော့ လက်ထပ်ဖို့ ပြောဆိုတဲ့ အမျိုးသားတွေနဲ့ ကြုံခဲ့ဖူးတယ်၊ ဒါပေမယ့် ငြင်းပယ်ခဲ့တယ်၊ တချို့ဆိုရင် လက်ထပ်ဖို့အတွက် ခြိမ်းခြောက် နှောင့်ယှက်တာမျိုးတောင် ရှိခဲ့ ဖူး ပါတယ်”ဟု ပြောသည်။ ဒေါ်အုန်းကြည်သည် ရန်ကုန်တိုင်း လှည်းကူးမြို့ ဇာတိဖြစ်သည်။ သူ၏ ဘဝသည် မွေးဖွားသည့် အချိန်မှ လက်ရှိ အသက် ၈၅ နှစ်အရွယ် ရောက်သည့်တိုင် အခက်အခဲများနှင့် ဖြတ်သန်းနေရပြီး မိသားစုဝင်များ အပါအဝင် လူအများ၏ ဖယ်ကြဉ် ခြင်း ကိုလည်း ခံခဲ့ရသူ ဖြစ်ပါသည်။ အဘွား ဒေါ်အုန်းကြည်အား မွေးဖွားပြီး သိတတ်စအရွယ်မှ စ၍ မွေးချင်း မောင်နှမများနှင့် ဖခင်ဖြစ်သူတို့၏ နှောင့်ယှက်မှု ကြောင့် အိမ်တွင် မနေခဲ့ရဘဲ မိခင်ဖြစ်သူဘက်က အဘိုးတော်စပ်သူ၏ ကျွေးမွေးပြုစု စောင့်ရှောက်မှုဖြင့် ဘဝကို ကြီးပြင်း ခဲ့ရသည်။ ဒေါ်အုန်းကြည်က “အဖေနဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကအစ အိမ်ပေါ်က နှင်ချတယ်၊ အဲဒါကြောင့် အမေက အဘိုးဆီ ကိုပို့ပေးတယ်၊ အဘိုးက နှီးလေးတွေထိုးပြီးတော့ ဆန်ကောတွေ၊ တောင်းလေးတွေကို ရက်လုပ်ပြီး အိမ်ရှေ့မှာရောင်း တယ်၊ အဲဒီလို ရှာဖွေကျွေးမွေးခဲ့လို့ ကျမ လူဖြစ်ခဲ့ရတာပါ” ဟု သူ၏ ငယ်ဘဝ အကြောင်းအား ပြန်ပြောင်း ပြောပြသည်။ မိသားစုဝင်များက လက်မခံခြင်းသည် မည်သည့်အတွက်ကြောင့်ဟု မသိရသော်လည်း၊ ထိုသို့ ဖြစ်ရခြင်းသည် ရှေးဘဝ၏ ကံအကြောင်းတရားကြောင့်ဟုသာ သတ်မှတ်ခဲ့ပြီး ဘဝကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံ၍ ရင်ဆိုင် ဖြတ်သန်းခဲ့သည်။ အဘိုးဖြစ်သူနှင့်အတူ နေထိုင်ရင်း အရွယ်ရောက်သည့်အခါ ဈေးရောင်းပြီး အိုမင်းမစွမ်းတော့သည့် အဘိုးဖြစ်သူအား တ လှည့် ပြုစုကျွေးမွေးခဲ့သည်။ ထို့နောက် စက်ချုပ်ပညာသင်ကြား၍ စက်ချုပ်အတတ်ပညာဖြင့် စားဝတ်နေရေးကို ဖြေရှင်း ခဲ့သည်။ စက်ချုပ်ပညာရပ်ဖြင့် အဆင်မပြေသည့်အခါ ဈေးရောင်းခဲ့ရပြန်သည်။ ဈေးသည်ဘဝတွင် သိမ်ကြီးဈေး၊ သင်္ဃန်းကျွန်းဈေးတို့တွင် ကုန်စိမ်း၊ နိဗ္ဗာန်ကုန် ပစ္စည်းများ စသည်တို့ ရောင်းချခဲ့သည်။ ဈေးသည်ဘဝဖြင့် အမျိုးသမီးတဦးတည်း ရုန်းကန်နေချိန်တွင် အမျိုးသားတချို့၏ ထိကပါးရိကပါး လုပ်ရပ်များနှင့် ပတ်ဝန်း ကျင် ၏ ကဲ့ရဲ့မှု၊ အထင်သေးမှုများနှင့်လည်း ကြုံခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်တွင် သမီးလေး တဦးရှိနေပြီ ဖြစ်သည်။ ဈေးသည်ဘဝတွင် ရပ်တည်မှု ခက်ခဲလာသည့်အချိန် မိခင်ကြီး၏ တိုက်တွန်းဦးဆောင်မှုဖြင့် မိသားစု ဇာတ်သဘင်တခု ကို တည်ထောင်ပြီး နယ်တကာလှည့်၍ ဇာတ်ကခဲ့သည်။ အစပိုင်းတွင် ယိမ်းမင်းသမီး အဖြစ် ပါဝင်ခဲ့ပြီး နှစ်အနည်းငယ် ကြာသည့်အခါ ဇာတ်ဆောင် မင်းသမီး တဦးအဖြစ် ကပြ ဖျော်ဖြေခဲ့သည်။ ပြဇာတ်ကခဲ့စဉ်က ဇာတ်သဘင် တခုလုံးနီးပါးသည် မိသားစုဝင်များ၊ ဆွေမျိုးများ ဖြစ်ခြင်းကြောင့် အဆင်ပြေခဲ့သည်ဟု လည်း ဒေါ်အုန်းကြည်က ပြောပြသေးသည်။ သဘင်သည် ဘဝဖြင့် ရပ်တည်ခဲ့စဉ်က အရာရာ အဆင်ပြေခဲ့သော်လည်း ပြည်မြို့သို့ ဇာတ်ကရန်သွားသည့် လမ်းတွင် ကားမတော်တဆမှုကြောင့် ဒဏ်ရာပြင်းဒဏ်ရစွာ ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ ဇာတ်ဘသင်လောကအား လုံးဝ စွန့်လွှတ် ခဲ့သည်။ အဘွားဒေါ်အုန်းကြည်သည် ထိုအချိန်က အသက် ၃၀ ကျော် အရွယ်ဖြစ်သည်။ “ကားမတော်တဆမှု ဖြစ်တော့ ခြေထောက် ဒဏ်ရာက အတော်ပြင်းတယ်၊ ခုနှစ်တော့ မမှတ်မိတော့ ဘူး၊ အဲဒါကြောင့်ပဲ ဇာတ်မင်းသမီး ဘဝကို စွန့်ခဲ့ရတယ်၊ ယိမ်းမင်းသမီးတုန်းက တညကရင် ၁၃ ကျပ်ရတယ်၊ ဇာတ် ဆောင်မင်းသမီး ဖြစ်တော့ တညကို ၁၅ ကျပ်ရခဲ့တယ်” ဟု ဒေါ်အုန်းကြည် က ပြောပြသည်။ ဘဝဖြတ်သန်းမှု အစုံစုံကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများ ပြနေသည့် အဘွား ဒေါ်အုန်းကြည် သဘင်သည် ဘဝကို အောင်လံတော် ဦးခင်စိန် ဇာတ်အဖွဲ့နှင့်စတင်ခဲ့ပြီး ပန်တျာ စိန်ဝင်းနိုင်၊ ဗိုလ်ချုပ်စိန် စသည့် အမည် တို့ဖြင့် ကပြခဲ့သည်။ ဗိုလ်ချုပ်စိန် ဇာတ်သဘင် အဖွဲ့နှင့်အတူ ပြည်မြို့သို့ သွားစဉ် ကား မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အဘွား ဒေါ်အုန်းကြည်၏ သဘင်သည် ဘဝသည်လည်း လုံးဝ နိဂုံးချုပ်သွားခဲ့ရခြင်း ဖြစ်သည်။ ဇာတ်သဘင်ဘဝ နိဂုံးချုပ်ပြီးနောက် နတ်ကတော် ဘဝဖြင့် နတ်ကခြင်း၊ နတ်ဗေဒင်ဟောခြင်း အလုပ်တို့ဖြင့် အသက် မွေး ပြန်သည်။ ဗေဒင်ဟောစဉ်က ဒေါ်အောင်မျိုးကြည် (မေတ္တာရှင်) အမည်ဖြင့် ဟောခဲ့ပြီး အခကြေးငွေ သတ်မှတ်မှုမရှိဘဲ ဗေဒင်လာကြည့်သူ၏ စေတနာရှိ သရွေ့သာ ယူသည်။ နတ်ကတော် ဘဝဖြင့် နှစ်အနည်းငယ် ရပ်တည်ပြီးနောက် အဘိဓမ္မာ တောင်သာ သင်တန်းတက်၍ တိုင်းရင်းဆေး ပညာ ကိုသင်ယူခဲ့သည်။ တိုင်းရင်းဆေး ဆရာမ ဘဝဖြင့် အမျိုးသမီးရောဂါ ဝေဒနာရှင် အများအပြားကို ကုသပေးခဲ့သည်။ ထိုသို့ အမျိုးသမီး ရောဂါသည်များအား ကုသပေးနေစဉ် ရုတ်တရက် လေဖြတ်ဝေဒနာကို ခံစားခဲ့ရသည်။ ဆေးဆရာမ ဖြစ်သော်လည်း လေဖြတ်ပြီး နေထိုင်မကောင်းဖြစ်သည့်အခါ တဦးတယောက်မှ ကူညီပြုစုစောင့်ရှောက် ပေး မည့်သူ မရှိ၍ ဆေးကုသမှု ဘဝကို စိတ်နာသဖြင့် ဆေးကုဆရာမ ဘဝကိုလည်း လုံးဝ စွန့်လွှတ်ခဲ့ပြန်သည်။ တိုင်းရင်းဆေး ပညာ သင်တန်းတက်ရောက်ခဲ့သည့် အဘွား ဒေါ်အုန်းကြည်သည် အတန်းပညာ လုံးဝ တက်ရောက် ခဲ့ဖူး ခြင်း မရှိသည့်အပြင် စာရေးစာဖတ်ခြင်းကိုလည်း လုံးဝ မတတ်မြောက်ခဲ့သူ ဖြစ်သည်။ ဒေါ်အုန်းကြည်က “အဘိုးက ထမင်းစားဖို့လောက်ပဲ ရှာဖွေကျွေးမွေးနိုင်တော့ ကျောင်းမထားနိုင်ခဲ့ဘူး၊ စာလည်း မဖတ်ဘူး၊ စာရေး မရေးတတ်ဘူး၊ ဆေးပညာ သင်တုန်းက လက်တေ့ွလုပ်ထားတော့ ဘယ်ဆေးက ဘယ်လူနာကို ပေးရမယ် ဆိုတာ ကို သိတယ်လေ” ဟု ဆိုသည်။ ဆေးကုဆရာမ ဘဝ နိဂုံးချုပ်ပြီးနောက် နတ်ကတော် ဘဝကို ထပ်မံပုံဖော်ပြန်သည်။ နတ်ကတော် ဘဝဖြင့် တောင်ပြုံးပွဲ တော်များ အပါအဝင် နတ်ပွဲအများအပြား၌ ပွဲလိုက်ကခဲ့သည်။ နတ်ကတော် ဘဝဖြင့် နှစ်အနည်းငယ် အသက်မွေးခဲ့ပြီးနောက် အသက်အရွယ်အရ နတ်ကတော် ဘဝဖြင့် အဆင်မပြေ သည့် အချိန်တွင် ဗေဒင်ဆရာမ အဖြစ် ဗေဒင်များ ဟောပြီး ယနေ့အထိလည်း ဗေဒင်ဟော၍ စားဝတ်နေရေး ဖြေရှင်း နေရ သည်။ ဗေဒင်ဆရာမ အဖြစ် ရန်ကုန်မြို့တခွင်ရှိ စေတီဘုရား အများအပြားတွင် လှည့်လည် နေထိုင်၍ ကျင်လည်ခဲ့သည်။ စေတီ ဘုရားများတွင် လှည့်လည် ဗေဒင်ဟောခဲ့စဉ်ကလည်း အမျိုးသားတချို့၏ ခြိမ်းခြောက် နှောင့်ယှက်မှုများနှင့်ကြုံခဲ့ရ ကြောင်း ဒေါ်အုံးကြည် က ပြောပြပါသည်။ ဗေဒင် ဆရာမအဖြစ် စိတ်ပုတီးကြီးကြီးအား လည်ပင်းတွင်ဆွဲ၍ လှည့်လည် ဗေဒင် ဟောသည့်အတွက် မိသားစု ဆွေမျိုး သားချင်းများက ရှက်စရာ ကောင်းသည်ဟု ဆိုကာ ၎င်းတို့ထံ မလာရောက်ရန်၊ မဆက်သွယ်ရန် ကြိမ်းမောင်းခြင်းကိုလည်း မကြာခဏ ခံခဲ့ရသေးသည်ဟု ဆိုသည်။ အဘွား ဒေါ်အုန်းကြည်သည် သူ၏ ဖြတ်သန်းမှု ပုံရိပ်များကို ဓာတ်ပုံမှတ်တမ်း အများအပြားဖြင့် သိမ်းဆည်းထားသည်ကို လည်း တွေ့ရသည်။ သူ၏ မှတ်တမ်းများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း/ပါတီ ဝင်တဦး ဖြစ်သည့် အ ထောက်အထားများလည်း ပါဝင်နေသည်။ ၂၀၀၅ ခုနှစ်တွင် ကြံ့ခိုင်ရေး အသင်းဝင် တဦးဖြစ်ခဲ့ပြီး ၂၀၁၃ တွင် ပါတီဝင်တဦး ဖြစ်လာခဲ့သည်။ သို့သော် ထိုအသင်း၊ ထိုပါတီအကြောင်းကို လုံးဝ နားမလည်ကြောင်း ပြောသည်။ ဒေါ်အုန်းကြည်က “ရပ်ကွက်လူကြီးတွေက သူတို့အဖွဲ့ ဝင်ခိုင်းတဲ့အတွက် ဝင်လိုက်တာပါ၊ ဒါပေမယ့် ဘာမှလည်း နားမ လည်၊ ဘာမှလည်းမသိဘူး၊ သူတို့ခေါ်ရင် သွားလိုက်တယ်၊ အလှူငွေထည့်ဆိုရင် ထည့်ပေးလိုက်တယ်၊ သူတို့ပေးတာ တော့ တခုမှ မရဖူးဘူး” ဟု ပြောဆိုသည်။ အဘွား ဒေါ်အုန်းကြည် ကိုယ်ဝန် ၅ လ ရှိချိန်တွင် အိမ်ထောင်ရေး ပြိုကွဲသွားခဲ့သော်လည်း သမီးလေး တဦး မွေးဖွားနိုင်ခဲ့ပါ သည်။ ထိုသမီးလေးသည် အရွယ်ရောက်၍ အိမ်ထောင်ပြုပြီးနောက် ကလေး ၃ ဦး မွေးဖွားခဲ့ပါသည်။ သို့သော် သမီးဖြစ်သူလည်း လွန်ခဲ့သည့် နှစ်များစွာကပင် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ သမီးဖြစ်သူက မွေးထားခဲ့သည့် မြေး တချို့ရှိသော်လည်း အဘွား ဖြစ်သူနှင့် အဆက်အသွယ် ဖြတ်ထားကြသည်။ မြေးများထံ သွားရောက် လည်ပတ်ပါက လည်း လက်မခံချင်ကြကြောင်း ဒေါ်အုံးကြည် က ပြောပြသည်။ အဘွား ဒေါ်အုန်းကြည်က “မြေးတွေနဲ့ ဆွေမျိုးတွေဆီကို သွားလည်ရင် သူတို့ဆီကို မလာနဲ့ဆိုပြီး နှင်ထုတ်ကြတယ်၊ ဘာ ဖြစ်လို့လည်း ဆိုတော့ စိတ်ပုတီးကြီး လည်မှာဆွဲပြီး လျှောက်သွားနေတာကို ရှက်လို့တဲ့၊ အဲဒါကြောင့် ဘယ်သူ့ဆီကိုမှ မသွားတော့ဘဲ တယောက်တည်းပဲ နေတယ်” ဟု ပြောသည်။ ဒေါ်အုန်းကြည်သည် လက်ရှိတွင် ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၅၆ ရပ်ကွက်တွင် တဦးတည်းနေထိုင်ပြီး ကမ္ဘာအေး ဘုရားလမ်းရှိ ဘိုးဘွားများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာသို့ တနင်္လာနေ့မှ သေကြာနေ့အထိ သွားရောက် နေထိုင်လေ့ ရှိပါသည်။ မိတ်ဆွေတဦး၏ အကြံပေးမှုကြောင့် ချော်တွင်းကုန်းရှိ ဘိုးဘွားများ နေ့ပိုင်း စောင့်ရှောက်ရေး ရိပ်သာသို့ လွန်ခဲ့သည့် ၃ လ ကျော်က ရောက်ရှိလာခြင်း ဖြစ်သည်။ လက်ရှိတွင် ဘိုးဘွားရိပ်သာ၌ သီတင်းတပတ်လျှင် ၅ ရက်အထိ သက်တူရွယ်တူများနှင့် အတူနေထိုင်ရ၍ ဝမ်းသာပျော်ရွှင် ရပြီး ရောဂါဝေဒနာ ကြီးကြီးမားမား မရှိ၊ ကျန်းမာရေး ကောင်းနေသော်လည်း မသေခင်မည်သို့ ဆက်လက်နေထိုင် သွား မည်၊ သေလျှင် မည်သူတွေက သဂြီၤုဟ်ပေးမည်ဆိုသည်တို့ကို စိတ်ပူနေရသည်ဟု အဘွား ဒေါ်အုန်းကြည်က ပြောသည်။ “ဒီရိပ်သာကို ရောက်ကတည်းက ၅၀ ရာခိုင်နှုန်းလောက်တော့ ပျော်ပါတယ်၊ နောက် ၅၀ ရာခိုင်နှုန်းကတော့ မပျော်နိုင် သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါဘယ်လို သေရမလဲဆိုတာ စဉ်းစားရင်းနဲ့ ဝမ်းနည်းနေမိတယ်” ဟု အဘွား ဒေါ်အုန်းကြည် က ပြောဆိုပါသည်။ ။ The post ဘဝမျိုးစုံသော အဘွားဒေါ်အုန်းကြည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wSBPck
via IFTTT

No comments:

Post a Comment