စီးပွားရေးနှေးကွေးနေစဉ် စွမ်းအင်နှင့် ဘဏ္ဍာရေး အရာရှိများ အပြောင်းအလဲပြုလုပ် ယမန်နှစ် အာဏာရလာချိန်မှ စတင်ပြီး အရေးပါသော ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်မှုများ နှေးကွေးနေခြင်းကို ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရ ကြိုးပမ်းနေချိန်တွင် စွမ်းအင်ဝန်ကြီးကို အစားထိုး ခန်အပ် လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ယမန်နေ့က ကြေညာသည်။ အစိုးရသည် ယခု သီတင်းပတ် အတွင်း ဘဏ္ဍာရေး ဒုဝန်ကြီးသစ် တဦးကိုလည်း ခန့်အပ်လိုက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌသစ် ၃ ဦး ခန့်အပ်ခြင်းကိုလည်း အတည်ပြုလိုက်သည်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရချိန်မှ စတင်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နှေးကွေးသွားပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် ကြီးထွားမှုသည်လည်း အာရှတွင် အလျင်မြန်ဆုံး ဖြစ်နေသည့်တိုင် ယခင်နှစ်ကထက် ကျဆင်းသွားခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုထက် တိုင်းရင်သား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးသော ဒေါ်အာင်ဆန်းစုကြည် အစိုးရ၏ စီးပွားရေး စီမံခန့်ခွဲမှု အပေါ်အများက စိတ်ပျက်နေကြောင်းကို ယင်း ရာထူး အပြောင်းအလဲများက ပြသနေသည်။ နှုတ်ထွက်သွားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၏နေရာတွင် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပူးတွဲ တာဝန်ယူသည်ဟု အစိုးရ၏ ယမန်နေ့ ကြေညာချက်အရ သိရသည်။ အစိုးရသည် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို အမွေရခဲ့ပြီး မြို့ကြီးများတွင် လျှပ်စစ်မီး ပုံမှန်ပြတ်တောက် နေသကဲ့သို့ နိုင်ငံလူဦးရေ ၅၃ သန်း၏ ၃ ပုံ ၁ ပုံသာ ဓာတ်အားလိုင်း ချိတ်ဆက်သုံးနိုင်ကြသည်။ ဦးဖေဇင်ထွန်းသည် ယခင် အရပ်သားတပိုင်း အစိုးရ၏ ဝန်ထန်းဟောင်း ဖြစ်သည်။ “မနှစ်က မြန်မာနိုင်ငံရဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍတွေမှာ ဦးတည်ချက်နဲ့ လှုပ်ရှားမှု မရှိသလောက် ကင်းမဲ့နေတယ်” ဟု ရန်ကုန် အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း ဖြစ်သော Myanmar Energy Monitor မှ Jeremy Mullins က ပြောသည်။ လျှပ်စစ် အရှုံးခံရောင်းချခြင်းကို ရပ်ဆိုင်းရန် လိုသကဲ့သို့ တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံစီမံကိန်း အပါအဝင် စွမ်းအင် စီမံကိန်းကြီးများအတွက် ဆုံးဖြတ်ချက် ချနိုင်ခြင်းလည်း မရှိသေးပေ။ “တိုးတက်မှု နှေးကွေးတာနဲ့ ဆုံးဖြတ်ချက်တွေ တခုနဲ့ တခုဆန့်ကျင်ဘက် ပြောင်းပြန်လို ဖြစ်နေတာတွေကို ရင်းနှီးမြှုတ်နှံသူတွေက စိတ်ပျက်နေကြတယ်။ တချိန်တည်းမှာ လျှပ်စစ် အခြေအနေက တိုးတက်မလာဘူး” ဟုလည်း သူက ဆက်ပြောသည်။ လျှပ်စစ်နှင့် လမ်းများကို တိုင်းပြည် တိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးရေး မောင်းနှင်အားအဖြစ် ဒေါ်အောင်ဆန်းစုကြည် က အာရုံစိုက်လာကြောင်း ဦးဝင်းခိုင်အား တာဝန်သစ် ပူးတွဲ ထမ်းဆောင်စေခြင်းက ပြသနေသည် ဟု ရန်ကုန်အခြေစိုက် သုတေသီ Richard Horsey က ပြောသည်။ စီးပွားရေး တည်ငြိမ်နေခြင်း စီးပွားရေးတည် ငြိမ်စေခြင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြည်ပတွင် ပညာဆည်းပူးခဲ့သူ ဦးဆက်အောင် ကို ခန့်အပ်ကြောင်းလည် နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့က ကြေညာသည်။ ဦးဆက်အောင် သည် ဗဟိုဘဏ် ဒုဥက္ကဌ ဖြစ်ခဲ့ပြီး ၂၀၁၂-၁၃ ခုနှစ်ကလည်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်ခဲ့သည်။ အစိုးရ၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ အဖွဲ့တွင် သိသိသာသာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ကို ၎င်းတို့တဦးချင်း တိုက်တွန်းခဲ့သည် ဟု ရင်းနှီးမြှုပ်နှံသူများနှင့် သံတမန်များက ရိုက်တာသတင်းဌာနသို့ပြောသည်။ သို့သော် ယခု သတီတင်းပတ်လူ အပြောင်းအလဲသည် အစိုးရ၏ လက်ရှိ လမ်းကြောင်းကိုသာ ဆက်လက် လုပ်ဆောင်မည့် သဘောကို ပြသနေသည် ဟု Richard Horsey က ဆက်ပြောသည်။ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ရအောင် မလုပ်ဆောင်နိုင်သေးသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းမှာ ထိုရာထူးတွင်ပင် ဆက်လက် ရှိနေဆဲ ဖြစ်သလို ယခင်စစ်ဘက်ကျောထောက် နောက်ခံပြု အစိုးရခေတ် လက်ကျန် ဗဟိုဘဏ် ဥက္ကဌမှာလည်း ထိုရာထူးတွင်ပင် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ရုံး နှစ်ပတ်လည် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် စာမျက်နှာ ၃ မျက်နှာခန့်ရှိသော အစိုးရ၏ စီးပွားရေး မူဝါဒများ ထုတ်ပြန် ကြေညာခဲ့ရာ ယင်း စီးပွားရေး မူဝါဒများမှာ တိကျရေရာမှု မရှိဟု လူအများက ဝေဖန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင်မူ အစိုးရသစ်သည် စီးပွားရေး တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ပြီး၊ ဂျီဒီပီ တိုးတက်မှုမှာ နှစ်စဉ် ၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသော်လည်း လက်ရှိဘဏ္ဍာနှစ် အတွက် တိကျသော ခန့်မှန်းချက် ပါဝင်ခြင်း မရှိပေ။ တိုးတက်မှုနှုန်းမှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ၇ ဒသမ ၃ ရှိရာမှ မတ်လတွင် ကုန်ဆုံးခဲ့သည့် ယမန်နှစ် ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ နှေးကွေးသွားသည် ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ “အစိုးရ၏ ရေရှည်စီးပွားရေး စီမံကိန်းသည် အချိန်ယူရမည် ဖြစ်သော်လည်း အားလုံးမျှဝေခံစားနိုင်မည့် ကြွယ်ဝချမ်းသာမှုကို ဆောင်ယူလာပေးပါလိမ့်မည်” ဟု ဦးကျော်ဝင်းက ကြေညာချက် တစောင်တွင် ဖော်ပြခဲ့သည်။ (Reuters တွင် ဖော်ပြထားသော Energy, Finance Officials Shuffled Amid Slowing Growth ကို ဘာသာပြန်ဆိုသည်။) The post စီးပွားရေးနှေးကွေးနေစဉ် စွမ်းအင်နှင့် ဘဏ္ဍာရေး အရာရှိများ အပြောင်းအလဲပြုလုပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2hsVoEv
via IFTTT
No comments:
Post a Comment