ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ တရားခံကို အမြန်ဆုံးအရေးယူရန် သမီးဖြစ်သူ တောင်းဆို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်အနီးတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ တရားခံကို အမြန်ဆုံး ဖော်ထုတ် အရေးယူရန် သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က ယနေ့ ပြုလုပ်သည့် ရုံးချိန်းတွင် တောင်းဆိုလိုက်သည်။ ဦးကိုနီ၏ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က “အဖြေ တခုက မှန်မှန်ကန်ကန် ထွက်သည်ဖြစ်စေ၊ မထွက်သည် ဖြစ်စေ၊ ကျမတို့ မိသားစုအတွက်ကတော့ အဖေက ပြန်ပြီး ငုတ်တုတ်ထထိုင်လာမှာ မဟုတ်ဘူးရှင့်။ သေချာတဲ့ ညီမျှခြင်းဆိုတာတော့ လူသတ်မှုမှာ မရှိနိုင်ဘူး။ ဘယ်လိုအမှုပဲ ဖြစ်ဖြစ် သေသွားတဲ့သူအတွက် ကျမတို့က ဘာမှ ပြန်ရလာနိုင်စရာ အကြောင်းမရှိဘူးဆိုတော့ မျှော်လင့်စရာ အမှန်တရား တခုပဲ ရှိတယ်။ အဲဒီ အမှန်တရားဆိုတာ ကျမတို့ မိသားစုအတွက်ဆိုတာထက် နိုင်ငံ၊ ဥပဒေရေးရာအတွက် သိပ်ကို လိုအပ်တယ်လို့ ကျမထင်တယ်။ အမှန်တရား အတွက် ဖြစ်ရမယ်။ မထွက်ဘူးဆိုရင် ကျမတို့နိုင်ငံအတွက်၊ ဥပဒေရေးရာအတွက် လက်ညိုးထိုးစရာဖြစ်သွားလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ပြုလုပ်သည့် အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် သေဆုံးသူ ဦးကိုနီ၏ သမီးဖြစ်သည့် ဒေါက်တာ ယဉ်နွယ်ခိုင် အပါအဝင် တရားလိုပြ သက်သေ ၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး ဦးကိုနီအားလုပ်ကြံသူ တရားခံ ကြည်လင်း အပါအဝင် အမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူများဖြစ်သည့် အောင်ဝင်းထွန်း၊ အောင်ဝင်းသန်းနှင့် ဇေယျာဖြိုးတို့ကိုပါ ရုံးထုတ်ခဲ့သည်။ “ဒီနေ့ကတော့ ဦးကိုနီ သမီးကို မေးတယ်။ သူက ဦးကိုနီ ခရီးသွားချိန်၊ ပြန်လာတော့ သေနတ်နဲ့ပစ်ခံရတာ၊ အသက်ကယ် ဖို့လုပ်တာတွေ ထွက်ဆိုသွားတယ်။ ကြည်လင်း တည်းသွားတဲ့ ဘုန်းကြီးကျောင်းက ဆရာတောင် ဦးဝိစာရကို စစ်တယ်။ ကြည်လင်းကျန်ခဲ့တဲ့ပစ္စည်းတွေ သိမ်းထားတာ၊ ကျောင်းကို ဟိုးအရင်နှစ်တွေကတည်းက အဝင်အထွက်ရှိတာတွေ ထွက်တယ်။ နောက်ပြီးတော့ အဲဒီပစ္စည်းတွေကို သိမ်းတဲ့ ရဲအုပ်နဲ့ ရှာဖွေပုံစံသက်သေလက်မှတ်ထိုးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်တာပါ” ဟု ဖမ်းဆီးခံထားရသူ အောင်ဝင်းထွန်းနှင့် အောင်ဝင်းသန်းတို့၏ ရှေ့နေတဦးက ပြောသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမှု အား စတင်ဖြစ်ပွားသည့် အချိန်မှ စတင်ကာ ကြည်လင်း၊ အောင်ဝင်းထွန်း၊ အောင်ဝင်းသန်းနှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီးခဲ့ကာ သက်သေပေါင်း ၇၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့သည်။ အမှုတွင် ပါဝင်သည့် အဓိက တရားခံတဦးဟု ယူဆရသည့် အောင်ဝင်းခိုင်သည် နေပြည်တော် ပရဆေးဥယျာဉ် အနီးတွင် တွေ့ရှိခဲ့သည် ဆိုသည့် သက်သေခံ ထွက်ချက် ရရှိပြီး နောက်ပိုင်းကတည်းက ယနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ငြိမ်းဇော်နှင့် ချမ်းစွန်း ပူးပေါင်း ပါဝင်ရေးသားသည်။ The post ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ တရားခံကို အမြန်ဆုံးအရေးယူရန် သမီးဖြစ်သူ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wlJNgv
via IFTTT
No comments:
Post a Comment