မွန်ဒေသတွင်း ကျောက်မီးသွေးမှ လျှပ်စစ် ထုတ်သုံးသည့် MCL ကုမ္ပဏီ လူထုရှင်းလင်းပွဲများ ပြုလုပ် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားဖြင့် ဘိလပ်မြေ စက်ရုံ လည်ပတ် နေသည့် MCL ကုမ္ပဏီက ၎င်းတို့ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး လူထုရှင်းလင်းပွဲများ ပြုလုပ်နေသည်။ MCL တာဝန်ရှိသူများက သြဂုတ်လ ၁၇ ရက်မှ ၂၀ ရက်နေ့အထိ မော်လမြိုင်မြို့နှင့် ဘိလပ်မြေ စက်ရုံ အနီးရှိ ရွာ ၅ ရွာသို့ လူထု ရှင်းလင်းပွဲ အစီအစဉ်များ ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင်တဦးဖြစ်သူ ဦးဇော်လွင်ဦးက ပြောသည်။ MCL ကုမ္ပဏီသည် လတ်တလော၌ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး စက်ရုံ လည်ပတ်နေ သောကြောင့် ဒေသခံ ပြည်သူများ၏ ကန့်ကွက်မှုများနှင့် ကြုံနေရ၍ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ ဦးဇော်လွင်ဦးက ၎င်းကိစ္စအား အစိုးရက လုံလောက်သည့် တည်ငြိမ် လျှပ်စစ် ဓာတ်အားကို ပေးနိုင်မည် ဆိုပါက ကျောက် မီးသွေး အသုံးပြုသွားမည် မဟုတ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့ မော်လမြိုင်မြို့ ရာမည ဟိုတယ်၌ ပြုလုပ်သည့် လူထု တွေ့ဆုံပွဲတွင် ပြောကြားသည်။ MCL ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းစဉ်များတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှု ဆန်းစစ်ချက် အစီရင်ခံစာ များတွင် ပွင့်လင်း မြင်သာမှု အားနည်းခဲ့ကြောင်း အမေရိကန် နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင် နေသည့် သဘာဝ ပတ်ဝန်းကျင် သိပ္ပံ ပညာရှင် ဦးစိုးအောင်နှင့် MCL ကုမ္ပဏီ အတွက်၂၀၁၃ ခုနှစ် အတွင်း သဘာဝ ပတ်ဝန်းကျင် ဆန်းစစ်မှု အစီရင်ခံစာ ပြုစုပေးခဲ့သည့် REM-UAE Laboratory and Consultant Co. Ltd ဒါရိုက်တာ ဒေါ်ခင်ဥမ္မာတို့က ထောက်ပြ ပြောဆိုထားသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကလည်း မိမိတို့ နိုင်ငံသည် လက်ရှိတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် လမ်းစပေါ်၌ ရောက်ရှိနေပြီး မိမိတို့ အစိုးရ အဖွဲ့အလွန်၌ တက်လာမည့် နောင်အစိုးရကိုလည်း ပိုမို ကောင်းမွန်သည့် သဘာဝ ပတ်ဝန်းကျင်များကို ချန်ထား နိုင်ရေးအတွက် ဆန္ဒရှိကြောင်း ရာမည ဟိုတယ် တွေ့ဆုံပွဲ အဖွင့် မိန်းခွန်းတွင် ထည့်သွင်း ပြောကြားသည်။ “ကျနော်တို့ အစိုးရ အဖွဲ့ တာဝန် မထမ်းဆောင်ခင်မှာ ရှိတဲ့ ရေထု၊ မြေထု၊ လေထု အပါအဝင် ကျနော်တို့ အစိုးရ အဖွဲ့ပြီး တော့ နောင်လာ နောက်သားများအတွက် ပိုမိုကောင်းမွန်တဲ့ ရေထု ၊ မြေထု ၊ လေထုကို ချန်ထားပေးရမှာ ဖြစ်ပါတယ်၊ MCL ကုမ္ပဏီက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားသုံးမှုကို ကန့်ကွက်မှုများကိုလည်း ကျနော် လက်ခံ ရရှိပါတယ်” ဟု လည်း ၎င်း က ဆိုသည်။ MCL ကုမ္ပဏီ၏ အမှုမန်းနေဂျင်း ဒါရိုက်တာ မစ္စတာ ဆူရာချိုင် ပွန်ဂျင်ဒချုတ်ကမူ လုပ်ငန်း စတင်ချိန်၌ သဘာဝ ပတ်ဝန်း ကျင် ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှိသေးသဖြင့် ထိုအစီရင်ခံစာများ အကောင်အထည် ဖော်ရာတွင် အားနည်း ချက်များ ရှိခဲ့ကြောင်း ဧရာဝတီ သတင်းဌာန၏ သီးသန့် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ “အဲဒီ ၂၀၁၃ တုန်းက သဘာဝ ပတ်ဝန်းကျင် လေ့လာ ဆန်းစစ်ချက် ဆိုင်ရာ လုပ်ဆောင်ဖို့ ဥပဒေတွေ မရှိသေးဘူး၊ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီက အဲဒီ EIA ကိုလုပ်ဖို့ ဆုံးဖြတ် ရွေးချယ် ခဲ့တယ်။ လုပ်ခဲ့တယ်။ အဲဒီ အထောက် အထားတွေ ပြန်ကြည့်လို့ ရပါတယ်။ အဲဒီ အချိန်ကတည်းက လူထုတွေ့ဆုံပွဲတွေလည်း လုပ်ခဲ့တယ်။ ဒါပေမယ့် အဲဒီ အချိန်တုန်းက လုပ်နည်း လုပ်ဟန်တွေနဲ့ ပတ်သက်လို့ တိတိကျကျ ပြဌာန်းထားတာ မရှိလို့ အကောင်အထည် ဖော်ခဲ့တဲ့ အပိုင်းမှာ အားနည်း ချက်တွေတော့ ရှိခဲ့ပါတယ်” ဟု မစ္စတာ ဆူရာချိုင် ပွန်ဂျင်ဒချုတ်က ပြောသည်။ MCL ကုမ္ပဏီမှ ပြီးခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၅ များတွင် ထုတ်ပြန် ခဲ့သည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင်လည်း နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ထံသို့ တင်ပြ ဆေင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။ မော်လမြိုင်မြို့တွင် ပြုလုပ် ခဲ့သည့် အဆိုပါ လူထု တွေ့ဆုံပွဲတွင် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ ပြုစုရာတွင် ပွင့်လင်း မြင်သာမှု ရှိရေး၊ မိုင်းဖောက်ခွဲမှု ပြင်းအားနှင့် တုန်ခါမှုကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်ခြင်း အား လျှော့ချနိုင်ရန်၊ MCL ကုမ္ပဏီ၏ သင်္ဘောကြီးများ အတ္တရံ မြစ်ကြောင်း တလျှောက် သွားလာနေမှုများကြောင့် ဒေသခံ ရေလုပ်သားများ အခက်အခဲ ကြုံရခြင်းနှင့် ကျောက်မီးသွေး အသုံးပြု၍ လျှပ်စစ် ထုတ်လုပ်မှုကို လျှော့ချရေး အစီအမံများ လုပ်ဆောင်ရန် အတွက် ဒေသခံများက ကုမ္ပဏီအား တင်ပြခဲ့သည်။ ဤ လူထု တွေ့ဆုံပွဲကို ဆက်လက်၍ ကော့ပနာ၊ ကော့ဒွန်း ၊ ရွှေဝါချောင်၊ နှိတုံ ကျေးရွာ များ၌ ဆက်လက်၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနာ ကျေးရွာတွင် ၂၀၁၃ ခုနှစ်အတွင်းက လုပ်ငန်းစတင်၍ တည်ဆောက် ထား သည့် တရက်လျှင် တန် ၅၀၀၀ ကျ အဆိုပါ MCL ဘိလပ်မြေ စက်ရုံသည် စမ်းသပ် လည်ပတ်ကာလ ကျော်လွန် ပြီးနောက် ပြီးခဲ့ သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စပြီး စီးပွားဖြစ် စတင် လည်ပတ်ခဲ့သည်။ The post မွန်ဒေသတွင်း ကျောက်မီးသွေးမှ လျှပ်စစ် ထုတ်သုံးသည့် MCL ကုမ္ပဏီ လူထုရှင်းလင်းပွဲများ ပြုလုပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2uNzXV9
via IFTTT
No comments:
Post a Comment