Thursday, August 24, 2017


သတိထားစောင့်ကြည့်နေရတဲ့ သီပေါတရားခွင် မတရားအသင်းဆက်သွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် တပ်မတော်၏ တရားစွဲဆိုခံထားရသော သတင်းသမား ၃ ဦး၏ အာမခံလျှောက်ထားခြင်းကို ဒုတိယအကြိမ် ပယ်ချပြီးနောက် အမှုနှင့်ပတ်သက်ပြီး စစ်ဘက်က ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း သီပေါမြို့နယ် တရားသူကြီး ဦး ကျော်သူမိုးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဧရာဝတီသတင်းဌာနမှ ကိုလဝီဝမ်၊ ဒီမိုကရက်တစ်မြန်မာ့အသံမှ ကိုအေးနိုင်နှင့် ကိုပြည့်ဖုန်းအောင်တို့သည် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA က ကျင်းပသည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ သတင်းယူပြီးအပြန် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာ့တပ်မတော်၏ ဖမ်းဆီးခြင်းခံရချိန်မှစပြီး မြောက်ပိုင်းရှမ်းပြည်ရှိ သီပေါထောင်တွင် ထိန်းသိမ်းခံနေရသည်။ တပ်မတော်က မတရားသင်းအဖြစ် သတ်မှတ်ထားသော လူမျိုးစုလက်နက်ကိုင်များနှင့် ဆက်သွယ်သည်ဟု တပ်မတော်က ၎င်းတို့ကိုစွပ်စွဲထားသည်။ လက်ရှိအချိန်အထိ တရားစီရင်ရေးလုပ်ငန်းအဆင့်ဆင့်တွင် တပ်မတော်က ဝင်ရောက်စွက်ဖက်ခြင်း ရှိမရှိ မေးသောအခါ “ကျနော့်ကို တပ်မတော်က ဖိအားပေးတာ လုံးဝမရှိပါဘူး” ဟု တရားသူကြီး ဦးကျော်မိုးသူက မီဒီယာများနှင့် ပထမဆုံးတွေ့ဆုံပွဲတွင် ပြောသည်။ “ဒီအမှုနဲ့ပတ်သက်ပြီး အထက်တရားရုံး အဆင့်ဆင့်က ဘာညွှန်ကြားချက်၊ နှုတ်မိန့်မှ မရှိပါဘူး” ဟုလည်း သူ ဆက်ပြောသည်။ မြန်မာနိုင်ငံ တရားရုံးများတွင် အထက်မှ ဝင်ရောက်စွက်ဖက်ခြင်း ရှိခဲ့သည့် အစဉ်အလာများကြောင့် ပြည်သူများသည် ထို အာမခံပြောကြားချက်များနှင့်ပတ်သက်လျှင် သံသယ ရှိကြသည်။ သို့သော် အထက်ပါတရားသူကြီးသည် အမှန်တိုင်းပြောခြင်းဖြစ်လျှင် သတင်းသမားသုံးဦး၏အမှုတွင် တရားစီရင်ရေးကို ဖိအားပေးမည်မဟုတ်ကြောင်း တပ်မတော်၏ ပြီးခဲ့သည့်လက ပြောကြားချက်ကို ပိုမိုခိုင်မာစေသည်။ ထို့ကြောင့် အထက်ပါအမှုသည် တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့်သာဆိုင်ပြီး သတင်းသမား ၃ ဦး၏ ကံကြမ္မာသည်လည်း တရားသူကြီး၏ စီရင်မှုအပေါ်တွင်သာ တည်တော့မည်ဖြစ်သည်။ အမှုကို စတင်ကြားနာနေသည်မှာ တလခန့်ရှိပြီဖြစ်ပြီး တပ်မတော်အရာရှိနှစ်ဦးနှင့် အရပ်သားတဦးအပါအဝင် တရားလိုဘက် သက်သေ ၃ ဦးတို့သည် တရားရုံးရှေ့မှောက်တွင် ထွက်ဆိုပြီးဖြစ်သည်။ သို့သော် သတင်းသမား ၃ ဦးတို့သည် ၎င်းတို့ကို စွပ်စွဲထားသကဲ့သို့ တရားမဝင်သော အသင်းအဖွဲ့နှင့်ဆက်သွယ်ခဲ့ကြောင်း အခိုင်အမာပြသနိုင်သည့် အထောက်အထားများကို အထက်ပါသက်သေများက မထွက်ဆိုနိုင်သေးပါ။ ပထမသက်သေဖြစ်သော သီပေါရဲစခန်းတွင် အမှုဖွင့်ခဲ့သူ တပ်ရေးဗိုလ် သက်နိုင်ဦးသည် သတင်းသမားများကို ဖမ်းဆီးရာတွင် ပါဝင်ခြင်း မရှိပေ။ ဒုတိယသက်သေ ဖြစ်သော အရပ်သား ဦးဝင်းသန်းမှာမူ သတင်းသမားများ အဖမ်းခံရပြီး နာရီအတန်ကြာတွင် ၎င်းတို့၏ ပစ္စည်းများကို တပ်မတော်က ရဲစခန်းတွင် သက်သေခံပစ္စည်းအဖြစ် အပ်နှံသောအချိန်တွင် သက်သေအဖြစ် ပါခဲ့သူဖြစ်သည်။ တတိယသက်သေ ဗိုလ်မှူး မြတ်မော်အောင်သည် သတင်းသမားများ၏ ပစ္စည်းများကို သိမ်းယူခဲ့သူဖြစ်သည်။ ထိုထက်ပိုသော သူ၏ ပါဝင်ပတ်သက်မှု ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရပေ။ အထူးသတိပြုရန် လိုအပ်သည်မှာ သတင်းသမားများသည် TNLA ၏ လက်နက်ကိုင်တော်လှန်ရေးကို ပူးပေါင်းလုပ်ဆောင်ရန်မဟုတ်ဘဲ ၎င်းတို့၏ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲ သတင်းယူရန် ထိုဒေသသို့ သွားရောက်ခဲ့ခြင်းသာဖြစ်ပြီး ထိုအကြောင်းကို လူသိရှင်ကြား အကြိမ်ကြိမ်ပြောခဲ့ကြပြီး ဖြစ်သည်။ ထိုကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်မည့် သတင်းသမားများကို အထက်ပါ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကို အားပေးဆက်သွယ်သူများဖြစ်သည်ဟူသော စွပ်စွဲချက်သည် ယုတ္တိတန်လှသည်။ ထို အချက်အလက်များကို တရားသူကြီးက တရားစီရင်ရာတွင် အလေးအနက် ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ရပါသည်။ သတင်းသမားများအတွက် အာမခံလျှောက်ထားခြင်းကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို သောကြာနေ့က ဖတ်ကြားစဉ် တရားသူကြီး ဦးကျော်သူမိုးသည် သူ၏ အကြောင်းပြချက်များတွင် “ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် အမှုနှင့်ဆိုင်သော အချက်အလက်များ မှန်ကန်ကြောင်း စိစစ်ရန် လိုအပ်ခြင်း” ဆိုသည့် အချက်လည်း ပါဝင်သည်။ ယခုအမှုနှင့် ပတ်သက်ပြီး စီရင်ရာတွင် အထက်မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်းကို အများသိအောင် ပြောကြားလိုက်သောကြောင့် တရားသူကြီးအနေဖြင့် ပြည်တွင်းပြည်ပက အရေးတယူ စောင့်ကြည့်နေသော ယခုအမှုကို ဆင်ခြင်တုံတရားနှင့် ဂရုတစိုက်ကိုင်တွယ်ရတော့မည်ဖြစ်သည်။ ထိုသို့ စီရင်ရာတွင် ချွတ်ချော်မှားယွင်းမှု ရှိပါက မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် တရားဥပဒေစိုးမိုးမှု နှင့် ဥပဒေရှေ့မှောက်တွင် နိုင်ငံသားအားလုံး တန်းတူညီမျှခြင်းမရှိသေးဟု ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်သည်။ (ကျော်ဖြိုးသာသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းအယ်ဒီတာဖြစ်ပြီး ၎င်း၏ A Matter of Conscience ကို ဘာသာပြန်သည်။) The post သတိထားစောင့်ကြည့်နေရတဲ့ သီပေါတရားခွင် appeared first on ဧရာဝတီ.
Source : http://ift.tt/2w0nzjt
via IFTTT

No comments:

Post a Comment