Thursday, August 24, 2017

မေၾကာက္ခ်င္ပါ

မကြောက်ချင်ပါ နိုင်ငံတော် အတိုင်ပင်ခံရုံး နှစ်ပတ်လည်နေ့ကို နေပြည်တော်မှာ ၂၀၁၇ ခု ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။ “ကျမတို့ ပြည်သူ့ အစိုးရ ဆိုတာဟာ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲရတယ်။ ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ အစိုးရကို ပြည်သူက ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကလည်း အားလုံး မှန်ကန်တယ် လို့ မဆိုလိုပါဘူး။ ဒါဟာလည်း ဒီမိုကရေစီ ခေတ်မှာ ရင်ဆိုင်ရမယ့် ကိစ္စပဲ။ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ရမယ်”လို့ ပြောကြား သွားခဲ့ပါတယ်။ အဲဒီအပြင် “ကျမ ခဏခဏ ပြောပါတယ်။ ဝေဖန်တဲ့ အခါမှာ ဝေဖန်မှုတွေက မှန်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်း လဲ ရမယ်။ မမှန်ဘူး ဆိုရင်လည်း စိတ်ဆိုးနေစရာ မလိုဘူး။ ပြည်သူတွေဆီက မဲလိုချင်နေတုန်းကတော့ မဲပေးပါ ဆိုပြီး စကား အမျိုးမျိုးနဲ့ စည်းရုံးပြီးတော့ အစိုးရလည်း ဖြစ်လာတော့ ပြည်သူတွေရဲ့ဆန္ဒ လျစ်လျူရှုမယ် ဆိုရင် အစိုးရ ကောင်းတွေ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ရပ် မဟုတ်ပါဘူး” လို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ဆိုပါတယ်။ အစိုးရကောင်း ဆိုတာနဲ့ ပတ်သက်ပြီးလို့လည်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်စဉ်က ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့ဖူး ပါတယ်။ အဲဒီတုန်းက ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းချက်တွေကို လိုက်ရှာပြီး ရွေးကောက် ပွဲ ဝင်ရေးမူကို ချမှတ်ခဲ့တာပါ။ အရင်က NLD ဟာ ရွေးကောက်ပွဲ မဝင်ရေးမူ ဖြစ်ပြီး ၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရေး၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးစတဲ့ မူတွေနဲ့ အစိုးရ ကို ထိုးနှက် တိုက်ခိုက်ခဲ့ ပါတယ်။ ဒါပေမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အဲဒီမူတွေကို ဖျက်သိမ်းပြီး ဝင်ပြိုင်လိုက်တာ အမတ် ၄၄ နေရာမှာ ၄၃ နေရာ ရရှိခဲ့တယ်။ အားစမ်းကြည့်တော့ အားရှိသေးတာ သိသွားတဲ့အတွက် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်။ အဲဒီတုန်းကလည်း အစိုးရ ၄ မျိုးအကြောင်း ဒေါ်အောင်ဆန်းစုကြည် အနက်အဓိပ္ပာယ် ဖွင့်ပြခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီးတဲ့အခါ NLD ဘယ်လို အစိုးရ ဖြစ်လာလဲ ဆိုတာလည်း သူတို့ကိုယ်တိုင်လည်း ဆန်းစစ် သလို ပြည်သူကလည်း အတော် ဆန်းစစ်မိသွား ပါပြီ။ ပြည်သူကို ဘယ်လိုတွေ လုပ်ပေးခဲ့သလဲ။ ဘယ်လိုတွေ အကျိုးပြုခဲ့သလဲ ဆိုတာ သူတို့ သိရှိပြီးသားပါပဲ။ တနှစ်ကျော် အကြာမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ အစိုးရဟာ ပြည်သူက မကြောက်တဲ့ အစိုးရ အဆင့်ကို ရောက်ပြီ လို့ ဆိုသွား ခဲ့ပါတယ်။ တကယ်ရော မကြောက်တဲ့ အစိုးရ အဆင့်ကို ရောက်နေပြီလား။ ယခုလည်း ပြည်သူက တင်မြှောက်တဲ့ အစိုးရဟာ ပြည်သူ ဝေဖန်တာ ခံနိုင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောဆိုပြန်တယ်။ တကယ်ခံနိုင်၊ မခံနိုင်ကတော့ မီဒီယာသမားတွေ ထပ်ပြန်တလဲ တရားစွဲဆိုခံရ၊ အဖမ်းခံ နေရတာဟာ နမူနာ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ပုဒ်မ ၆၆(ဃ)ကို ရေလဲသုံးပြီး အဖမ်းခံ တရားစွဲဆိုခံရတဲ့ မီဒီယာသမားတွေ ကန့်ကွက်ဆန္ဒပြတာကလည်း မီဒီယာနဲ့ အစိုးရ ကြား ဆက်ဆံရေးကို မြင်သာထင်သာ ရှိစေပါတယ်။ ၆၆(ဃ) ဖျက်သိမ်းပေးရေး ဆိုတာ အခု အမျိုးသား လွှတ်တော် ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်လိုက်ရင် ဝေလာဝေးသွားပြီလို့ ဆိုရမယ်။ အာဏာရှိသူနဲ့ အာဏာမဲ့သူ ညှိနှိုင်းမရသေးတဲ့ အချိန်မျိုးမှာ ဆက်လက် အရေးယူတာတွေ၊ ဆက်လက် ဝေဖန်တာတွေနဲ့ ပြည်သူလူထုက ဘယ်ဘက်က လိုက်မလဲ ဆိုတာကို ငွေရောင် ပိတ်ကားပေါ် ဆက်ကြည့်ရလိမ့်မယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကတော့ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် ခေတ်ကတည်းက ဖိနှိပ်မှုတွေ၊ ကန့်သတ် ချုပ်ခြယ် မှုတွေကို ခံလာခဲ့ရတာ ဆိုတော့ ငရဲက လာတဲ့သူ ပြာပူ မကြောက် ဆိုသလို ဖြစ်နေပါပြီ။ ဒီကနေ့ NLD အစိုးရဟာ ပြည်သူက အမှန်တကယ် မကြောက်တဲ့ အစိုးရ ဖြစ်နေပြီလား။ လောလောဆယ် ကြောက် သလား၊ မကြောက်သလား ပြောရရင်တော့ ပြည်သူတွေ နေ့တထိတ်ထိတ်၊ ညတထိတ်ထိတ် နဲ့ မျက်နှာမှာ နှာခေါင်းစည်း တွေ တပ်ပြီး H1N1 ကို ကြောက်လန့် နေရတာက စပြောရ ပါလိမ့်မယ်။ ဒါကို အစိုးက ပြည်သူတွေ မကြောက်အောင် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို ကျန်းမာရေး ဝန်ကြီး က “အစိုးရကတော့ အထွေအထူး ဘာမှ လုပ်မပေးနိုင်ဘူး၊ အကောင်းဆုံးကတော့ မျက်နှာဖုံးစွပ်တာ အကောင်းဆုံးပဲ”လို့ ပြောတယ်။ နောက် တကိုယ်ရည် သန့်ရှင်းရေးက ၅၀ ရာခိုင်နှုန်း အကာအကွယ် ပေးနိုင်တယ်လို့ ဆိုပြန်တယ်။ ဒါက တကယ်တမ်း ပြည်သူတွေ ကျေနပ်လောက်တဲ့ အဖြေတွေ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေ အထူးသဖြင့် ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှာ နေတဲ့ ပြည်သူတွေကတော့ အကြောက်တရားနဲ့ ရင်ဆိုင်နေရပြီ။ အဲဒါကိုက ရောဂါပိုးကို ကြောက်သလို၊ ရောဂါပိုး အတွက် တိကျခိုင်လုံတဲ့ အကြောင်းပြချက်မပေးတဲ့ အစိုးရကိုလည်း ကြောက်လာရတဲ့ သဘောပဲ။ ဒုတိယ ကြောက်နေရတာကတော့ ပြည်သူထဲမှာ ပါဝင်တဲ့ မီဒီယာသမားတွေ ဖြစ်ပါတယ်။ မီဒီယာသမားတွေကို အခု တရားစွဲနေတာ ကလည်း အစိုးရကချည်း စွဲနေတာပါပဲ။ ပြောရရင်တော့ ဒေါက်တာ သန်းထွဋ်အောင်က စပြီး ကိုဆွေဝင်း အထိ ဆက်တိုက် ပုဒ်မ ၆၆(ဃ) နဲ့ အစွဲခံနေရတယ်။ DVB သတင်းဌာနက သတင်းထောက် ၂ ယောက်နဲ့ ဧရာဝတီက သတင်းထောက် တယောက်လည်း ပုဒ်မ ၁၇(၁) နဲ့ တရားစွဲ ခံရတယ်။ ပုဒ်မ ၁၇(၁) ရဲ့ သမိုင်းမှာ အခုလို မီဒီယာသမားတွေကို တရားစွဲတာ မရှိဘူးလို့ ဆိုပါတယ်။ အခုလို ဥပဒေတွေနဲ့ ရေးကြ တင်ကြမယ်ဆိုရင် အာမခံ မရတဲ့ ၆၆(ဃ) ကို အခုတော့ အထွေအထူး ဘာမှမပြင်ဘဲ အာမခံ ပေးရမယ် ဆိုတာပဲ ပြင်လိုက်တယ်။ ကျန်တာကတော့ အရင်အတိုင်း ပါပဲ။ ပြင်တယ် ဆိုတာပဲ ရှိပြီး အနှစ်သာရကတော့ ၆၆ (ဃ) ရဲ့ ရက်စက်တဲ့ ဥပဒေတွေကို မပြင်ခဲ့သလို ပြည်သူတွေ ဘက်က ရပ်တည်မှု မရှိတာကို အမျိုးသား လွှတ်တော် ကတော့ အရင်လိုပဲလို့ ပြောရလောက်အောင် မီးစိမ်း ပြလိုက်တာပါပဲ။ ဒါကတော့ မီဒီယာသမားတွေရော၊ ပြည်သူတွေ ထဲက ဖေ့စ်ဘုတ် သုံးတဲ့သူတွေရော ကြောက်နေရတဲ့ အဆင့်မှာ ရှိတာ ကြောင့် ပြည်သူကြောက်တဲ့ အစိုးရ ဆိုတာ ငြင်းမရတော့ပါဘူး။ အခုအချိန်မှာ ယခင် ဦးသိန်းစိန် အစိုးရထက် ပိုပြီး (၁) ကုန်ဈေးနှုန်းတွေ တက်လာတယ်။ (၂) သက်ငယ် မုဒိမ်းမှုတွေ များ လာတယ်။ တဆက်တည်း လူသတ်မှုတွေလည်း တိုးလာတယ်။ (၃) ခိုးမှု၊ လုယက်မှုတွေလည်း ပိုများလာပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးဟာ ယေဘုယျ အားနည်းလာတယ်လို့ လေ့လာသူတွေက သတ်မှတ်ကြတယ်။ ဒီအတွက် တာဝန် အရှိဆုံးက အုပ်ချုပ်တဲ့ အစိုးရပဲ ဖြစ်တယ်။ အစိုးရက ဒါတွေ လျော့ပါးသွားအောင်၊ ပပျောက်သွားအောင် မဆောင် ရွက်နိုင်သရွေ့ ပြည်သူလူထုက အဲဒီ အစိုးရကို ကြောက်နေရဦးမှာပါပဲ။ အခုဆိုရင် လယ်သမားတွေထံက မြေသိမ်းယာသိမ်း ကိစ္စတွေ ထူးထူးခြားခြား ပပျောက်မသွား သေးသလို အလုပ်သမား တွေ ရဲ့ လုပ်အားနဲ့ လုပ်ခလစာ မမျှတမှုတွေကလည်း မပပျောက်သေးဘူး။ အလုပ်သမား ရုံးတွေက ဖြန်ဖြေရေးတွေ လုပ်ပေမယ့် အလုပ်ရှင်က အလုပ်သမားတွေ အပေါ် ဆက်လက်ကျူးလွန် နေတာ ကြောင့် အလုပ်သမားတွေလည်း ဘယ်သူ့ အဖေခေါ်ရမလဲ အကျပ်အတည်း ဆိုက်နေပါတယ်။ ဒီလို အနိဌာရုံတွေ မဖြေ ရှင်း နိုင်သရွေ့ ပြည်သူတွေ ကြောက်တဲ့ အစိုးရပဲ ဖြစ်နေမှာပါပဲ။ ကံဆိုးတာက အစိုးရသက်တမ်း ၁ နှစ်ကျော်သွားပြီး ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားကိုလည်း ကတိမတည်နိုင်သေးဘူး။ ပြည်သူကြောက်တဲ့ အစိုးရကို ကျော်ပြီး ပြည်သူ ရွံမုန်းတဲ့ အစိုးရ ဘက်ကို ဦးတည်နေတယ် ဆိုတာ ကြားလူတွေကတော့ သိမြင်နေပါပြီ။ တကယ်ပဲ ပြည်သူရွံမုန်းတဲ့ အစိုးရ ဖြစ်ဖို့ ဦးတည်နေတာလား ဆိုတာကတော့ ကိုယ်တိုင် ဆန်းစစ်ရမှာပဲ။ အဲဒီလို ဖြစ်လာရင်တော့ အရင်စစ်အစိုးရ တုန်းကလို ပြည်သူကြောက်ရွံ၊ ထိတ်လန့်၊ ရွံရှာ၊ မုန်းတီး လာရင်တော့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး ကြဖို့ပဲ ရှိပါတယ်။ ပြည်သူကို ပေါ့ပေါ့ မထင်ဘဲ တကယ် အလုပ်နဲ့အပြော ညီအောင် ကြိုုးစားရမယ်။ ပြည်သူက အစိုးရကို ကြောက်လန့် နေတုန်းပဲ။ အထူးသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယရေး ဝန်ကြီးဌာနတွေကို ပြည်သူက ကြောက်လန့် နေတာ အမှန်ပဲ ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီဌာနတွေဟာ အာဏာရ NLD အစိုးရ အဖွဲ့ထဲမှာ ပါဝင်တာပါ။ ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ပြောသလို ပြည်သူ ကြောက်ရွံ့တဲ့ အစိုးရမျိုးတော့ မဟုတ်ဘူး ဆိုတဲ့ စကားကို ကျနော် လက်မခံနိုင် ပါဘူး။ ပြည်သူက ချစ်တဲ့ အစိုးရ မဟုတ်တာလည်း သေချာနေပါတယ်။ ဥပမာ နိုင်ငံရေး အကျဉ်းသား ဆိုတာကို ယခု အချိန်အထိ ငြင်းပယ်ထားတာမျိုး၊ ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား တွေ ထည့်ထားတာမျိုး၊ ကျောင်းသား သမဂ္ဂ ဆိုတာကို တရားဝင် အသိအမှတ် မပြုတာမျိုး၊ သဘာဝ ဘေးအန္တရာယ်ကို သိသာ ထင်ရှားစွာ အကာအကွယ် ပေးနိုင်မယ့် အစီအမံတွေကို မချမှတ်နိုင်တာမျိုး၊ တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အတွက် အာမခံချက် မပေးနိုင်သလို ယခင် အစိုးရထက် ထူးခြားတဲ့ အပြောင်းအလဲ လုပ်မပေးနိုင်တာမျိုးတွေကြောင့် ဒါဟာ ပြည်သူချစ်တဲ့ အစိုးရ မဟုတ်ဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ တင်ပြ ပြောဆိုရလိမ့်မယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပြောသွားသလို “ပြည်သူ ဝေဖန်တာ ခံနိုင်ရမယ်” ဆိုတဲ့ နှုတ်ထွက်စကား ကတော့ အလွန်ကို မှန်ကန်ပြီး နိုင်ငံရေးဟန် အပြည့် ပါပါတယ်။ ဒါပေမယ့် ပြည်သူဝေဖန်တာကို အပြစ်မယူဘူး၊ တရားမစွဲပါဘူး ဆိုတဲ့ အာမခံ ချက်မျိုး၊ ကတိမျိုး ပေးတာတော့ အဲဒီမိန့်ခွန်းထဲမှာ ပါမလာတဲ့အတွက် ပြည်သူကြောက်တဲ့ အစိုးရအဖြစ် ပြည်သူတွေက ဆက်ကြောက် နေဦးမယ် ဆိုတာ တင်ပြလိုက်ရပါတယ်။ ။ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။ The post မကြောက်ချင်ပါ appeared first on ဧရာဝတီ.
Source : http://ift.tt/2xez3hU
via IFTTT

No comments:

Post a Comment