Sunday, August 20, 2017

နှစ်ပေါင်း ၁၆၅ နှစ် ကြာသောအခါ

နှစ်ပေါင်း ၁၆၅ နှစ် ကြာသောအခါ ဗိုလ်မှူးဒေါ်နယ်ဒါးရော့ချ်သည် အိန္ဒိယတိုက်ငယ်ကို သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သော ဗြိတိသျှတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ အနက်တဦး ဖြစ်သည်။ ဗိုလ်မှူးဒေါ်နယ်ဒါးရော့ချ်နှင့် သူ၏ အမှတ် ၅၁ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ရွှေမုေဋ္ဌာဘုရားမှ ခုခံရေး သမား နောက်ဆုံး လက်ကျန်ကို ချေမှုန်းပြီးနောက် ၎င်းတို့သည် ရွှေရောင် တဖျတ်ဖျတ် တောက်ပနေသော စေတီတော်ကြီးကို သိမ်းပိုက်ခဲ့သည်။ ထိုရွှေချထားသော စေတီကြီးသည် အောက်မြန်မာနိုင်ငံ သစ်တောများအတွင်း တည်ရှိနေပြီး ဗြိတိသျှ စစ်သားများက စေတီတော်ကြီးမှ အမှတ်တရ ပစ္စည်းများ ယူဆောင်တတ်ကြသည်။ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံကို ၎င်း၏ ကြီးထွားနေသော ဗြိတိသျှအင်ပါယာ အတွင်း ထည့်သွင်းပြီး အိန္ဒိယတိုက်ငယ်ကို ပိုမို တင်းကျပ်စွာ ချုပ်ကိုင်ရန် ကြိုးစားချိန်တွင် စကော့လူမျိုး ဗိုလ်မှူး ဒေါ်နယ်ဒါးရော့ချ်သည် ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ပါဝင် တိုက်ခိုက်ရန် အိန္ဒိယမှ စေလွှတ်ခံရသည်။ ဗြိတိသျှအင်ပါယာ စစ်တပ်၏ထုံးစံ ထို့ကြောင့် သူသည် ရှေးဟောင်းမြို့တော် ပဲခူးရှိ ၁၀ ရာစုနှစ်က တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ စေတီတော်ကြီးသို့ ရောက်လာသော အခါ သူသည် ထိုခေတ်က စစ်တပ်ထုံးစံအတိုင်း ဆင်စွယ်ရုပ်ထုများ၊ ကျောက်ဆင်းတုတော် တဆူ၊ မြွေဟောက် ပုံသဏ္ဌာန် ပြုလုပ်ထားသော ဖရောင်းတိုင်မီးထွန်းစင် တခု အပါအဝင် ရှေးဟောင်းပစ္စည်းများကို ယူဆောင်လာခဲ့သည်။ ဗြိတိသျှအင်ပါယာ စစ်တပ် အမှတ် ၅၁ ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးဒေါ်နယ်ဒါးရော့ချ် ကိုလိုနီ သိမ်းပိုက်မှုများ၏ ကြမ်းတမ်းသော ဥပဒေသ အရ လုယက်ခံရသော အခြားပစ္စည်းများ ကဲ့သို့ပင် ထိုရှေးဟောင်း ပစ္စည်းများနှင့် ၎င်းတို့၏ နောက်ခံအကြောင်းအရာများသည် သမိုင်းမှ အလွယ်တကူ ပျောက်ကွယ်သွားကြသလို အချိန်ကာလ တိုက်စားမှုအောက်တွင် ထိုရှေးဟောင်း ပစ္စည်းများ၏ သမိုင်းမှန်သည်လည်း တဖြည်းဖြည်း မေ့ပျောက်သွား ကြသည်။ သို့သော် ဗိုလ်မှူး ဒေါ်နယ်ဒါးရော့ချ်မှ မွေးဖွား ဆင်းသက်လာသူများကမူ ထိုကဲ့သို့သော မှုန်ဝါးပျောက်ကွယ် သည့် ဖြစ်ရပ်မျိုး အဖြစ်မခံပေ။ နှစ်ပေါင်း ၁၆၅ နှစ် ကြာသောအခါ ကိုလိုနီခေတ် စစ်သားကြီး ယူဆောင်သွားခဲ့သော ထိုရှေးဟောင်း ပစ္စည်း ၁၀ ခုစလုံးကို ၎င်း၏ မြစ်တော်စပ်သူ နယူးဇီလန်နိုင်ငံ အော့ကလင်းမှ ရှေ့နေ မစ္စတာ ဘော့ဒလဲက မူရင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးခဲ့သည်။ သူသည် ရန်ကုန်ရှိ အမျိုးသားပြတိုက်တွင် ထိုပစ္စည်း ၁၀ ခုကို အခမ်းအနားငယ် တခုဖြင့် ရှေးဟောင်း သုတေသီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ သူ၏ ဇနီးဖြစ်သူ ဂျနီဖာက ထိုပစ္စည်းများ ပြန်လည် ပေးအပ်ရန် စတင်တိုက်တွန်းခဲ့သည်။ ဂျနီဖာက နှစ်ပေါင်းများစွာ သမိုင်းအမှန်နှင့် လွဲချော်နေသည့် အဖြစ်ကို ပြန်လည် တည့်မတ်ရေး လုပ်ဆောင်ရန် သူ့ကို ဖျောင်းဖျခဲ့သည်ဟု ၎င်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် အကြောင်းဖန်လာသည့် အချက်တခုမှာ မကြာသေးမီ နှစ်များ အတွင်း ဗြိတိန်အပါအဝင် အခြား နိုင်ငံများမှ မိုရီ တိုင်းရင်းသားများ၏ ရှေးဟောင်းပစ္စည်းများကို နယူးဇီလန်နိုင်ငံသို့ ပြန်လည် ပေးအပ်နေခြင်း ဖြစ်သည်။ သို့သော် အငြင်းပွားဖွယ် အချက်မှာ ဗြိတိသျှပြတိုက်သည် မံမီ အဖြစ် ပြုလုပ်ထားသော ဦးခေါင်း ၁၅ ခုကို မိုရီ တိုင်းရင်းသားများ ကိုယ်စား နယူးဇီလန်နိုင်ငံက ပြန်လည် တောင်းခံသည့်တိုင် ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ “လွန်ခဲ့တဲ့ ၄ နှစ်လောက်က အိမ်ပြောင်းတော့ ပစ္စည်းတွေ သိမ်းရင်းနဲ့ ဂျနီဖာက ဒီပစ္စည်းတွေ သူတို့ နေရာသူတို့ ပြန်သွားသင့်ပြီ လို့ ရှင်မထင်ဘူးလား လို့ ကျနော့်ကို မေးတယ်။ နယူးဇီလန်မှာ မိုရီတွေရဲ့ ရှေးဟောင်းပစ္စည်း အများအပြားကို နိုင်ငံခြားကနေ ပြန်ပို့ပေးနေကြတယ်။ ဒီတော့ ကျနော်တို့လည်း ဒီလို မူလပိုင်ရှင်ထံ ပြန်ပို့ပေးဖို့ အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့တယ်” ဟုလည်း သူက ပြောသည်။ ၎င်းတို့ မိသားစု၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုသည် ကမ္ဘာ့ပြတိုက် အသီးသီးနှင့် ပုဂ္ဂလိက စုဆောင်းသူများ၏ လက်ရှိ သောင်းနှင့် ချီသည့် ရှေးဟောင်းပစ္စည်းများကို မည်သို့ ရယူခဲ့သည် ဟူသော အချက်နှင့် ၎င်းတို့ကို မူရင်းနိုင်ငံများသို့ ပြန်ပေးသင့် မပေးသင့် ဟူသော ဆွေးနွေးမှုများ၏ တစိတ်တပိုင်းမျှသာ ဖြစ်သည်။ နယူးယောက် မက်ထရိုပိုလီတန် အနုပညာ ပြတိုက်မှ သက်တမ်း ၂၃၀၀ ရှိ ရှေးဟောင်း ဂရိပန်းအိုးသည် ၁၉၇၀ ခုနှစ်များ က အီတလီမှ အုတ်ဂူဖောက်ထွင်းသူများ ခိုးယူသွားသည့် ပစ္စည်းဖြစ်ကြောင်း သိရှိပြီးနောက် အမေရိကန်နိုင်ငံ ပြတိုက်မှူးများက သိမ်းယူခဲ့သည်။ ရန်ကုန်ရှိ အမျိုးသားပြတိုက်သို့ ပြန်လည်လွှဲပြောင်းခဲ့သော ရှေးဟောင်းပစ္စည်းများ ၎င်းတို့၏ ပစ္စည်းများကို ယခင်က လုံး၀ အထိမခံသော ဗြိတိသျှပြတိုက်သည်ပင် သက်ဆိုင်ရာ အစိုးရများ၏ တိုက်ရိုက် ထောက်ခံမှုဖြင့် တောင်းခံပါက ရှေးဟောင်း ပစ္စည်း အချို့ကို ပြန်လည် ပေးအပ်လာသည်။ ကျန်ပစ္စည်းများကိုမူ ဗြိတိသျှ ပြတိုက် ကဲ့သို့သော အဖွဲ့အစည်းကြီးများ အနေဖြင့် လူသားအားလုံး ကောင်းကျိုး အတွက် ဆက်လက် ထိန်းသိမ်းသင့်သည်ဟု ယူဆနေသည်။ ဗိုလ်မှူးဒေါ်နယ်ဒါးရော့ချ်က ထို ပစ္စည်းများကို ရယူခဲ့သော အခြေအနေနှင့် ယခု ပြန်လည် ပေးအပ်သော အခြေအနေ တို့သည် လုံး၀ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဗိုလ်မှူးဒါးရော့ချ်သည် ၁၈၇၁ ခုနှစ် သူ မကွယ်လွန်မီ အချိန်အထိ ဗြိတိသျှ အင်ပါယာနှင့် အိန္ဒိယတိုက်ငယ် အတွင်း တိုက်ပွဲပေါင်းများစွာ တွင် ပါဝင်ခဲ့သည်။ သူ ကွယ်လွန်ပြီး နောက်တွင် သူ၏ ဇနီးသည် နယူးဇီလန်သို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ အထက်ပါ ရှေးဟောင်း ပစ္စည်းများကို မြန်မာနိုင်ငံမှ လက်နက်အားကိုးဖြင့် ယူဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ဆင်စွယ်ရုပ်တုနှင့် မြွေဟောက်ပုံ ဖရောင်းတိုင် မီးထွန်းစင်တို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ ဖြစ်နိုင်သည်။ မြန်မာဘုရင်များသည် ထိုပစ္စည်းနှစ်ခုကို အထက်ပါ နိုင်ငံများမှ ယူဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။ ရွှေမုေဋ္ဌာစေတီတော်ကို တည်ထား ကိုးကွယ်သည့် မွန်လူမျိုးများ၏ ဒေသများကိုလည်း မြန်မာဘုရင်များက သိမ်းပိုက်ခဲ့သည်။ သမိုင်းက မည်သို့ပင် ဆိုးရွားကြမ်းတမ်းစေ သူ၏ မိသားစုသည် ပစ္စည်းထိန်းသိမ်း ကောင်းသူများ ဖြစ်ပြီး ပြန်လည် ပေးအပ်ရမည့် တာဝန်သိသူများ ဖြစ်သည်ဟု မစ္စတာ ဘော့ဒလဲက ပြောသည်။ သူတို့ မိသားစုသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း ရွှေမုေဋ္ဌာ စေတီတော်သို့လည်း သွားရောက်ခဲ့ပြီး ဘိုးဘေးများ၏ သမိုင်းကို ခြေရာခံခဲ့သည်။ “ဘိုးဘေးတွေ ထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ဧည့်ခန်းမှာ ထားပြီး ပြထားတာထက် ဒါတွေကို ပြန်ပေးပြီး စစ်မြေပြင် ဟောင်းကို သွားရောက်ခဲ့တာက ဘိုးဘွားတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်စပ်မှု ရစေတယ်” ဟုလည်း သူက ပြောသည်။ (www.inews.co.uk တွင် ဖော်ပြထားသည့် Cahal Milmo ၏ 165-year journey: How one family decided to return the spoils of Britain’s colonial past ကို ဘာသာပြန်သည်။) The post နှစ်ပေါင်း ၁၆၅ နှစ် ကြာသောအခါ appeared first on ဧရာဝတီ.
Source : http://ift.tt/2v2LCvh
via IFTTT

No comments:

Post a Comment