UNFC တပ်ပေါင်းစု NCA လက်မှတ်ထိုးရန် နီးစပ်နေပြီလား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေဖြင့် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးရန် သြဂုတ်လ ဒုတိယအပတ် အတွင်း ရန်ကုန်တွင် ပြုလုပ်မည့် အစည်းအဝေး က အဖြေထွက်လိမ့်မည်ဟု နှစ်ဘက်လုံးက ဆိုသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၄ ရက်နေ့ က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ကြား အလွတ်သဘော ဆွေးနွေး ညှိနှိုင်းပြီးနောက် နှစ်ဘက်လုံးက ယင်းသို့ ပြောဆိုကြခြင်း ဖြစ်သည်။ ယနေ့ UNFC ဘက်မှ အဆိုပြုထားသော အချက် ၈ ချက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ယခုလ ၁၀ ရက် သို့မဟုတ် ၁၁ ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်းရန် ပဏာမ သဘောတူခဲ့ကြကြောင်း DPN အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်အောင်မငေး က ဧရာဝတီသို့ ပြောသည်။ နိုင်အောင်မငေးက “အခုတွေ့ဆုံ ဆွေးနွေးမှုက ပိုပြီး တိုးတက်မှု ရှိခဲ့တယ်။ ၈ ချက် ပြီးအောင်ဖြတ်ဖို့ ဆွေးနွေးခဲ့ကြတယ်။ ဒီအတွက် အခုဆွေးနွေးမှုက ထောက်ပံ့မှု တစ်ခုဖြစ်တယ်။ NCA ထိုးဖို့ လာမယ့် သြဂုတ် ၁၀ ရက် သို့မဟုတ် ၁၁ ရက်မှာ အကြမ်းဖျင်းပေါ့ သဘောတူမှု ရထားတဲ့ တရားဝင် ဆွေးနွေးပွဲမှာ အဖြေတခု ရမယ်လို့ မျှော်လင့်ထားတယ်” ဟု ပြော သည်။ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ ကလည်း ယနေ့ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး တိုးတက်မှုရှိ ကြောင်း၊ သြဂုတ် ၁၀ ရက် သို့မဟုတ် ၁၁ ရက်တွင် တရားဝင် တွေ့ဆုံရန် ပဏာမ သဘောတူညီမှု ရယူနိုင်ခဲ့သလို အပစ်ရပ် ၈ ဖွဲ့ NCA လက်မှတ်ထိုးသည့် နှစ်ပတ်လည်နေ့တွင် UNFC အဖွဲ့ဝင်များ NCA လက်မှတ်ထိုးလာနိုင်ရန် လမ်းစ ဖွင့်နိုင်ခဲ့ကြောင်း ပြောသည်။ ဦးလှမောင်ရွှေ က “၈ ချက်ကို ဖြတ်နိုင်အောင် ညှိနှိုင်းနေတယ်။ ဒါကို သူတို့လည်း ကျနော်တို့ တင်ပြတဲ့အပေါ် နားလည် သဘော ပေါက်ပြီး လက်ခံတယ်။ NCA လက်မှတ်ထိုးရေးအတွက် ပြောတာ အခုက။ အရင်က DoC က ညီလာခံ တက်ဖို့ ပြောတာ။ အခုက NCA ထိုးရေးပဲ ပြောတာ၊ ဒါမှ သူတို့လည်း ညီလာခံတက်လာနိုင်မှာ တရားဝင် ဆွေးနွေးပွဲကနေ NCA ထိုးနိုင်တဲ့ အဖြေတခု ရမယ်လို့ မျှော်လင့်ထားတယ်” ဟု ဧရာဝတီကို ပြောပြသည်။ ယခုဆွေးနွေး ညှိနှိုင်းထားချက်များသည် စားပွဲဝိုင်းပေါ်၌ ပြေလည်ယုံဖြင့် မပြီးသေးကြောင်း လက်တွေ့ မြေပြင်တွင် ဖမ်းဆီး ခံရမှုများ ဖြစ်ပွားနေခြင်းနှင့် စစ်ဆင်ရေး လုပ်နေမှုများအပေါ် ဖြေရှင်းနိုင်မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမို အောင်မြင် နိုင်မည် ဖြစ်သည့်အတွက် ထိုအချက်များကိုလည်း DPN ဘက်မှ တင်ပြ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ “စားပွဲဝိုင်းပေါ်မှာ ပြေလည်နေပေမယ့် အောက်ခြေမှာ ဖမ်းဆီးမှုတွေလုပ်နေတာ စစ်ဆင်ရေးတွေ လုပ်နေတာကို တားဆီး နိုင်ဖို့ လိုတယ်။ ဒါကို ကျနော်တို့တင်ပြခဲ့တယ်။ အခုလာတဲ့ သူတွေက သူတို့ရဲ့ အထက်လူကြီးတွေကို တင်ပြပေးမယ်လို့ ပြောတယ်” ဟု နိုင်အောင်မငေး က ပြောသည်။ DPN အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် ကလည်း “NCA ထိုးရေးက အဆိုပြုချက် (၈ ချက်)ကို သဘောတူညီနိုင်မှ ဖြစ် မှာပါ။ ကျနော်တို့ အဆိုပြုချက်ကို ဥပဒေလမ်းကြောင်းအရ အာမခံချက်ရမှ အဲဒီ အဆင့်ကို ရောက်နိုင်မှာပါ” ဟု အစည်း အဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ ယနေ့ဆွေးနွေးပွဲတွင် UNFC ဘက်မှ အဆိုပြုထားသော အချက် ၈ ချက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ထို ၈ ချက် အနက် ၆ ချက် ပြေလည်မှုရကြောင်း၊ ၂ ချက်သာ ကျန်ရှိတော့ကြောင်း ထိုဆွေးနွေးပွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ် တချို့က ဆိုသည်။ ကျန်ရှိနေသေးသည့် အချက် ၂ ချက်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC)၊ စောင့်ကြည့်ရေး လုပ်ငန်း လမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည်ချထားရေး တို့ကို ကြိုတင်သဘောတူညီမှု ရယူရန် ပါဝင်ကြောင်းသိရသည်။ ဒုတိယ အချက်မှာ အစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စား လှယ် များနှင့် အများယုံကြည် လေးစားသော ပုဂ္ဂိုလ်များ ပါဝင်သည့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တရပ်ကို နှစ်ဘက်သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကြီးကြပ် စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန် တို့ဖြစ်ကြောင်းလည်း သိရသည်။ The post UNFC တပ်ပေါင်းစု NCA လက်မှတ်ထိုးရန် နီးစပ်နေပြီလား appeared first on ဧရာဝတီ.
Source : http://ift.tt/2voNuC5
via IFTTT
No comments:
Post a Comment