Sunday, February 4, 2018


ဂူတာပြင်ကျေးရွာ သတင်းနှင့် ပတ်သက်၍ AP သတင်းဌာနကို အစိုးရ တရားစွဲမည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အနီးတွင် ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း သတင်း ဖော်ပြချက်နှင့် ပတ်သက်ပြီး AP သတင်းဌာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ တရားစွဲဆိုသွားရန် အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်း နှင့် ဆွေးနွေး လုပ်ဆောင် နေကြောင်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် က ပြောသည်။ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် က “မဟုတ်တာ လုပ်ရင်တော့ စွဲမှာပေါ့ဗျာ။ ဘယ်လို စွဲမလဲ ဆိုတာကတော့ ဥပဒေချုပ်ကို ဥပဒေအရ ကြည့်ခိုင်းထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ AP သတင်းဌာနကို မည်သည့် ဥပဒေ ပုဒ်မများနှင့် စွဲဆိုသွားမည်ကိုတော့ မကြာမီအချိန်တွင် ထွက်လာတော့မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဖုန်းတင့်က ဆိုသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ ဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ နေရာတွင် အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်းသိရသည်။ ယင်းသို့ AP သတင်းဌာနမှ သတင်းဖော်ပြချက်နှင့် ပတ်သက်ပြီး မှန်ကန်မှု၊ ရှိမရှိ စိစစ်တင်ပြရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ညွန်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းညွန်ချက်အရ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဦးဆောင်စေပြီး ဂူတာပြင် ကျေးရွာတွင် AP သတင်းဖော်ပြချက်ပါ ရုပ်အလောင်းများကို မြှုပ်နှံထားသည်ဟု ဆိုသည့် နေရာများအား သွားရောက်စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိ ကြောင်းကို တွေ့ရှိရသည်ဟု အစိုးရမှ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါ AP သတင်းဖော်ပြချက်နှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နယ်မြေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေ အရာရှိ၊ လက်ထောက်မြို့နယ် ဆရာဝန်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ၊ မြို့နယ်လဝက ဦးစီးမှူး၊ မြို့နယ် လည်စီ/ စာရင်း အင်းဦးစီးမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး ပါဝင်သည့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီသည် ဂူတာပြင် ကျေးရွာသို့ သွားရောက်ခဲ့ကြောင်းသိရသည်။ ထိုသို့ သွားရောက်ကာ ဘူးသီးတောင်မြို့နယ် ကံစိန်အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဂူတာပြင်ကျေးရွာ တာဝန်ခံ၊ ရပ်မိရပ်ဖ ၅ ဦးနှင့် ပြန်/ဆက်မှ မှတ်တမ်းတင် ၁ ဦး၊ စုစုပေါင်း ၁၇ ဦး ပါဝင်သည့်မြေပြင်ကွင်းဆင်း စစ်ဆေးသည့်အဖွဲ့အား စနစ်တကျ ဖွဲ့စည်းခဲ့ပြီး သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း အစိုးရမှ ထုတ်ပြန်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် အတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း သြဂုတ်လ ၂၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက်များ အကြား ဂူတာပြင် ကျေးရွာတွင် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်က ဆိုသည်။ ARSA အစွန်းရောက် အကြမ်းဖက်သမားများနှင့် ပူးပေါင်းထားသည့် ကျေးရွာအတွင်းမှ ရွာသားများပါဝင်သော အင်အား ၅၀၀ ခန့်က လူအုပ်ဖြင့် ဝင်လုံးတိုက်ခိုက်လာခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား အလောင်း ၁၉ လောင်းရှိကြောင်း အကြမ်းဖက်သမား ၁၉ ယောက်၏ အလောင်းကို စနစ်တကျ မြှုပ်နှံသင်္ဂြိုလ်ခဲ့ပြီး ညောင်ချောင်း နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/ ၂၀၁၇၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့် အမှု ဖွင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည် ဟုလည်း အစိုးရ ထုတ်ပြန်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ငြင်းဆန်ခြင်းမပြုဘဲ တိကျမှန်ကန် ခိုင်မာပြီး ယုံကြည် စိတ်ချရသည့် သက်သေ အထောက် အထားများ ရရှိပါက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သည့်အခါ ချိုးဖောက်မှုများ တွေ့ရှိရပါက ဥပဒေနှင့် အညီ အရေးယူမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း အစိုးရမှ ဆိုသည်။ ဆက်လက်၍ ဂူတာပြင် ကျေးရွာ အနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း AP သတင်းဖော်ပြချက်ပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း၊ အချက်အလက် အထောက်အထားများ ရရှိမှုအပေါ် မူတည်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ The post ဂူတာပြင်ကျေးရွာ သတင်းနှင့် ပတ်သက်၍ AP သတင်းဌာနကို အစိုးရ တရားစွဲမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2E2FdF2
via IFTTT

No comments:

Post a Comment