Thursday, February 1, 2018


ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အပြည့်အဝ ယူထားဟု ဆို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် အစောပိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ် ၅၄/၅၆ အတွင်း မီးလောင်စေသည့် ပုလင်းဖြင့် ပစ်ပေါက်တိုက် ခိုက်ခံရပြီးနောက် ၎င်း၏ လုံခြုံရေးကို အပြည့်အဝ ယူပေးထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။ ဦးဇော်ဌေးက “သူ(ဒေါ်အောင်ဆန်းစုကြည်)က အခု နေပြည်တော်မှာ ရှိတာကိုး။ ရန်ကုန်မှာနေတာ မဟုတ်ဘူး။ လုံခြုံရေး ကတော့ သူရှိတဲ့နေရာမှာ အပြည့်အဝ ယူထားတာပေါ့” ဟု ဧရာဝတီကို ပြောသည်။ ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တိုက်ခိုက်ခံရပြီးနောက် ယခုဖြစ်ရပ်သည် သွေးတိုးစမ်းသည့်သဘောဖြစ်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုံခြုံရေးအပေါ်လည်း စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းအနေဖြင့် တစုံတရာ ပြောဆိုရန ်မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း မနက်က တည်းက သိရှိပြီးဖြစ်ကြောင်း၊ ဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး တရားခံကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောဆိုသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ခြံအမှတ် ၅၄/၅၆ အတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်း ပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးအားပစ်သွင်းခဲ့ရာ ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တချောင်း မီးစွဲလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နေ့လယ် ၁၂း၃၃ မိနစ်တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အရေးယူရန် ဗဟန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ပူး တွဲဖော်ပြကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍာန်မှာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ် ၅ ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ အမျိုးသားတဦး၊ ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှပ်ပန်းရောင်၊ ပလေကပ် လုံချည်အပြာကွက်ကျဲဖြစ်သည်။ “ပိုက်စိပ်တိုက်ရှာမယ်ဆိုရင် သူပြေးလို့ ဘယ်လိုလုပ်ရမှာလဲ။ ရုပ်က သိသွားပြီလေ။ မျက်နှာကြီးကို သေချာမြင်နေရပြီဆိုက တည်းက မမိစရာ အကြောင်းမရှိတော့ဘူး။ ကြိုးစားရမှာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောသည်။ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် တိုင်းမှူး၊ ခရိုင်မှူးတို့ကလည်း ကြိုးစားဆောင်ရွက်ပေးမည်ဟု ပြော ဆိုထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက်၍ ထပ်တိုးထားရှိရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ တဆင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်အားလုံး ဆွေးနွေးတိုင်ပင်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။ “ဒီလိုမျိုး ခြောက်လှန့်ပြီး လုပ်တာပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက် တစုံတရာနဲ့လုပ်တာပဲဖြစ်ဖြစ် ကျနော်တို့ လုံးဝ ကန့်ကွက်ပါတယ်။ ဒီဟာမျိုးတွေ နောက်မဖြစ်အောင်လည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူထားတဲ့ အကြီးအကဲတွေက ပိုပြီးတော့ တင်းတင်း ကြပ်ကြပ် ကာကွယ်စောင့်ရှောက်စေချင်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။ ရန်ကုန်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် အပူတပြင်း လိုက်ရှာနေပြီး ပစ်ခတ်တိုက်ခိုက်မှုခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကိုလည်း လုံခြုံရေးတိုးမြင့်ထားသည်ကို တွေ့ရသည်။ The post ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အပြည့်အဝ ယူထားဟု ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2EuOhDB
via IFTTT

No comments:

Post a Comment