Saturday, February 3, 2018


မန်ယူရဲ့ ကျောနံပါတ် ၇ ကို ဆက်ခံသူ အလက်ဇစ် ကံကြမ္မာ ဘယ်လိုလဲ သူ့ရဲ့ နာမည်အပြည့်အစုံက Alexis Alejandro Sanche Sanchez ပါ၊ ဒါပေမယ့် အားလုံးက Alexis အဖြစ်ပဲ ခေါ်ကြပါတယ်။ ပြည်တွင်းမှာတော့ သူ့ကို ဆန်းချက်ဇ် (Sanchez) ဆိုပြီး သိကြပါတယ်။ မကြာသေးခင်ကမှ သူဟာ အာဆင်နယ်ကနေ မန်ယူကို ရောက်လာသူပါ။ အာဆင်နယ်မှာ ဆုဖလား ရယူနိုင်မှု နည်းတာကြောင့် အသင်းပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာ လိ့ု ဆိုပေမယ့် အာဆင်နယ် ပရိတ်သတ်တွေ ကတော့ ငွေမက်လို့ မန်ယူကို ရောက်သွားတယ် လို့ ပြောနေကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာတာကတော့ လက်ရှိမှာတော့ အလက်ဇစ် ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ လစာ အများဆုံး ရတဲ့ ကစားသမား ဖြစ်သွားပါပြီ။ အင်္ဂလန် သတင်းစာ daily mail နဲ့ စပိန် သတင်းစာ marca တွေရဲ့ ဖော်ပြချက်အရ ဆန်းချက် တပတ်လစာ ပေါင် ၄ ဒသမ ၅ သိန်း၊ တနှစ်လစာ ပေါင် ၂၃ ဒသမ ၄ သန်း လို့ သိရပါတယ်။ သူ့ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ချီလီနိုင်ငံ၊ တိုကိုပီလာမှာ မွေးပါတယ်။ အသက် ၂၉ နှစ်ပဲ ရှိသေးတဲ့ သူ့ အတွက်တော့ နောက်ထက် ၅ နှစ်လောက် ကောင်းကောင်း ကစားနိုင်ဦးမှာပါ။ အရပ် နည်းနည်း ပုတယ်၊ ၅ ပေနဲ့ ၆ လက်မခွဲပဲ ရှိပါတယ်။ အထောင်ကစားသမား အဖြစ်ရော တောင်ပံကစားသမား အဖြစ်ပါ ကစားနိုင်သူပါ။ လက်ရှိ မန်ယူမှာတော့ ဆန်းချက်ဟာ အရင်က နာမည်ကျော် ဒေးဗစ် ဘက်ခမ်းနဲ့ ဒိုလေးတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့် ရထားသူပါ။ ဒီနံပါတ်က ဘက်ခမ်းနဲ့ ဒိုလေးတိ့ု လွန်ကတည်းက ကျိန်စာသင့်နေတဲ့ နံပါတ်ဖြစ်ပြီး နောက်ပိုင်း ဒီနံပါတ် ဝတ်ဆင်သူတွေက ခြေစွမ်းကောင်းတွေ ဆုံးရှုံးပြီး ဝေဖန်မှုတွေသာ ပိုခံခဲ့ကြရတာလည်း တွေ့ရဖူးပါတယ်။ အလက်ဇစ်ဆန်းချက်ဇ်ရဲ့ ငယ်ဘ၀ အကြောင်းကို ပြောရရင် သူက ဘောလုံးကစားတာ တခြား နာမည်ကျော် ဘောလုံးသမားတွေလို ငယ်ငယ်လေး ကတည်းက မဟုတ်ပါ။ ၂၀၀၄ ခုနှစ်မှာမှ Cobreloa အသင်းရဲ့ အကယ်ဒမီကို ရောက်ရှိပြီး ဘောလုံး ပညာ သင်ခဲ့တာပါ။ ဒါတောင် ၁ နှစ်ပဲ ကြာပြီး ၂၀၀၅ ခုနှစ်ထဲ ရောက်တော့ ကြေးစားဘောလုံးသမား ဘဝကို ရောက်လာခဲ့သူပါ။ ဒီတော့ အောက်သက် မကြေဘူးလို့ ဆိုရင်လည်း ရနိုင်မယ့် ဆန်းချက်ဇ်ပါပဲ။ ၂၀၀၅-၀၆ ဘောလုံး ရာသီမှာ သူက Cobreloa မှာ ကစားခွင့်ရတယ်၊ တစ်နှစ် အတွင်းမှာ ၄၇ ပွဲထိ ကစားခွင့်ရခဲ့သလို ၉ ဂိုးထိအောင် သွင်းခဲ့တာကတော့ မိုးကျ ရွှေကိုယ်လို့ ဆိုရမယ့် အနေအထားပါ။ ဒီလို ဘောလုံး ပညာကို ၁ နှစ်သင်၊ နောက်နှစ်မှာ ကြေးစား အနေနဲ့ ကစား၊ ပထမဆုံး နှစ်မှာပဲ ခြေစွမ်းကောင်းပြနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ကို မျက်စိကျသွား သူက အီတလီကလပ် အူဒီးနီစ်ပါ၊ အီတလီအသင်းတွေထဲမှာ အလယ်အလတ် အဆင့်ရှိ အသင်းပါ။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ အူဒီးနီစ်မှာ သူ ကစားခဲ့ပါတယ်။ ဒါပေမယ့် အရင် အသင်းဟောင်း ကိုဘရီလိုအာနဲ့ စာရင် အသင်းကြီး ဖြစ်တဲ့ အူဒီးနီစ်က သူ့ကို ချက်ချင်းတော့ ပွဲထွက်ခွင့် မပေးခဲ့ပါဘူး။ ရောက်ရောက်ချင်း ၂၀၀၆-၀၇ ဘောလုံးရာသီမှာ သူ့ကို Colo-Colo အသင်းကို အငှားချလိုက်တယ်၊ ခြေစွမ်းကို စမ်းသပ်တဲ့ အနေနဲ့ ပို့လိုက်ပေမယ့် ကိုလိုကိုလိုမှာ တရာသီ အတွင်း ၃၂ ပွဲကစားပြီး ၅ ဂိုး သွင်းတယ်၊ ခြေစွမ်းပြနိုင်တယ်။ ဒါပေမယ့် အူဒီးနီစ်က မကျေနပ် သေးဘူး၊ နောက်နှစ် ၂၀၀၇-၀၈ ရာသီ အတွက် ကိုလိုကိုလိုနဲ့ စာရင် အသင်းကြီးလို့ ဆိုနိုင်မယ့် River Plate ကို ရောက်သွားတယ်။ အဲဒီမှာ ၂၃ ပွဲပဲ ကစားခွင့်ရပြီး ၄ ဂိုး သွင်းတယ်။ ဒါပေမယ့် အဆိုပါ နှစ်တွေမှာ ဆန်းချက်ဇ်ရဲ့ ခြေစွမ်းက တော်တော်လေး တည်ငြိမ်စ ပြုလာပြီလို့ ဆိုရမှာပါ။ ဒီလိုနဲ့ နောက်နှစ် ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ်ထိ အငှားမချတော့ဘဲ အူဒီးနီစ်က အသင်းမှာ ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။ ၂ ရာသီ အတွင်း ၉၅ ပွဲ ကစားခွင့် ရသလို ဂိုး ၂၀ ထိ သွင်းပေးခဲ့ပါတယ်။ ပြီးတော့ ၂၀၁၀ ကနေ စပြီး ဆန်းချက်ဇ်ရဲ့ ခြေစွမ်းက အကောင်းဆုံး ပုံစံရလာလို့ ၂၀၁၁ ခုနှစ်မှာတော့ စပိန် ထိပ်သီး ဘာစီလိုနာက ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိအောင် ဘာကာမှာ ၃ နှစ် ကစားတယ်၊ ၈၈ ပွဲ ကစားခွင့်ရပြီး ၃၉ ဂိုး သွင်းခဲ့တာပါ။ ဒါပေမယ့် မက်ဆီလို ကြယ်ပွင့်တွေ အပြင် ဆွာရက်ဇ်၊ နေမာတို့လို ကစားသမားကောင်းတွေနဲ့ ဘာကာမှာ ဆန်းချက်ဇ် အတွက် နေရာက သိပ် အရေးမပါလှပါဘူး။ ဒီလိုနဲ့ ၂၀၁၄ မှာ အာဆင်နယ်ကို ရောက်လာပါတယ်။ ၂၀၁၈ အထိ နေခဲ့တယ် လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ရောက်မှ မန်ယူကို ရောက်လာတာပါ။ အာဆင်နယ်မှာ အား အထားရဆုံး ကစားသမား စာရင်းဝင်ခဲ့ပြီး ၁၂၂ ပွဲ ကစားခဲ့သလို ဂိုးပေါင်း ၆၀ ထိအောင် သွင်းပေးခဲ့တာ တွေ့ရပါတယ်။ အသက်ကြီးမှာ ဘောလုံး လောကထဲ ဝင်လာတဲ့ ဆန်းချက်ဇ် အတွက်ကတော့ နိုင်ငံအသင်းအတွက် ငယ်စဉ်ကတည်းက ကစားပေးနိုင်သူ မဟုတ်ခဲ့ပါဘူး။ ချီလီ U20 အတွက် ၂၀၀၆ ကနေ ၂၀၀၈ အထိ ၁၈ ပွဲ ကစားပေးပြီး ၄ ဂိုး သွင်းပေးနိုင်ခဲ့တဲ့ သက်ငယ်ပိုင်း မှတ်တမ်းတချို့ပဲ ရှိပါတယ်။ ချီလီ လက်ရွေးစင် အသင်း အတွက် ကတော့ ၂၀၀၆ ခုနှစ်ကနေ စပြီး ပါဝင်ကစားပေးနေခဲ့တာ ဖြစ်ပြီး အခုထိအောင် ၁၁၉ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းယူပေးထားပါတယ်။ ဆုဖလား ရယူနိုင်မှုမှာတော့ ကိုလိုကိုလိုမှာ ကစားချိန် Chilean Premiera Division မှာ ၂၀၀၆ ခုနှစ် အတွက် Clasura နဲ့ ၂၀၀၇ ခုနှစ်မှာ Apertura ဆုတွေကို အသင်းနဲ့ ရခဲ့တယ်။ ရစ်ဗားပလိတ်မှာ အငှားသွားကစားချိန်မှာလည်း ၂၀၀၈ ခုနှစ် အာဂျင်တီးနား ပရီးမီးယားလိဂ် Clausura ကို ရခဲ့တယ်။ ဘာစီလိုနာမှာ နေတော့လည်း လာလီဂါဖလားကို ၂၀၁၃ ခုနှစ်က ၁ ကြိမ်၊ Copa del Rey ကို ၂၀၁၂ ခုနှစ်က ၁ကြိမ်၊ Supercopa de Espana ကို ၂၀၁၁ နဲ့ ၂၀၁၃တွေမှာ ၂ ကြိမ်၊ UEFA Super Cup ကို ၂၀၁၁ ခုနှစ်က ၁ ကြိမ်၊ FIFA Club World Cup ကို ၂၀၁၁ ခုနှစ်က ၁ ကြိမ်စီ ရထားဖူးပါတယ်။ အူဒီနီးမှာတော့ ဆုဖလား မရခဲ့ပါဘူး။ အာဆင်နယ်နဲ့ အတူ FA ဖလားကို ၂၀၁၅ နဲ့ ၂၀၁၇ တွေမှာ ၂ ကြိမ် ရဖူးသလို ၂၀၁၄ ခုနှစ်ရဲ့ ပရီးမီးယားလိဂ်ဖွင့်ပဲ ကွန်မြူနတီဒိုင်း တခု ရထားတာလည်း တွေ့ရပါတယ်။ နိုင်ငံ အသင်းနဲ့ ဆိုရင်တော့ ၂၀၁၅ နဲ့ ၂၀၁၆တွေမှာ ၂ နှစ်ဆက်တိုက် Copa America ဖလားကို ရခဲ့ဖူးသလို ၂၀၁၇ ခုနှစ်ဖီဖာ ကွန်ဖက်ဒရေးရှင်း ဖလားမှာလည်း ဒုတိယ ရဖူးတယ်၊ U20 အတွက် ကစားနေချိန် ၂၀၀၇ ခုနှစ်က U20 ကမ္ဘာ့ဖလားမှာလည်း တတိယ ရဖူးတာ တွေ့ရပါတယ်။ တဦးချင်း အနေနဲ့တော့ စီးရီးအေ တလတာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီက ရတယ်၊ အာဆင်နယ် အတွက် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၅ နဲ့ ၂၀၁၇ တွေမှာ ရဖူးတယ်၊ ၂၀၁၅ ခုနှစ် အတွက် PFA ကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်းလူစာရင်းမှာလည်း ပါဖူးတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ အတွင်း BBC က ပေးအပ်တဲ့ တလတာ အကောင်းဆုံး သွင်းဂိုးဆုကိုလည်း ရခဲ့တယ်။ ၂၀၁၅ ခုနှစ်အတွက် Football’s Supporter Federation ကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား လည်း ဖြစ်ခဲ့တယ်။ ၂၀၁၆ ဘောလုံးရာသီမှာ UEFA ချန်ပီယံလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ ပါတယ်။ FIFA ကနေ ပေးအပ်တဲ့ ၂၀၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲမှာလည်း ငွေဘောလုံးဆု ရခဲ့သူ ဖြစ်ပါတယ်။ Ref: en.m.wikipedia.org The post မန်ယူရဲ့ ကျောနံပါတ် ၇ ကို ဆက်ခံသူ အလက်ဇစ် ကံကြမ္မာ ဘယ်လိုလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2nycOQQ
via IFTTT

No comments:

Post a Comment