မော်လမြိုင်တွင် ဗုဒ္ဓဆင်းတုတော်များ မှောင်ခိုရောင်းဝယ်သူများ ဖမ်းမိ မော်လမြိုင်မြို့၊ နဝရတ်ဟိုတယ်တွင် လာရောက်တည်းခိုနေသော မြဝတီမြို့မှ ဦးအောင်ကျော်ထွန်း (ခ) ဦးအောင်ထွန်း (ခ) မူတူးထံမှ မှောင်ခိုရောင်းချမည့် ဗုဒ္ဓဆင်းတုတော်များကို ဖေဖော်ဝါရီ ၅ ရက် ညက သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူ ဌာနစုမှ တာဝန်ရှိသူတဦးက ပြောသည်။ ဦးအောင်ကျော်ထွန်း တည်းခိုနေသည့် အခန်းထဲမှ ဗုဒ္ဓဆင်းတုတော် ကိုးဆူနှင့် ပုလ္လင်နှစ်ခုတို့ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ဦးအောင်ကျော်ထွန်းကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် (ပ) ၈၈/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀၊ ၂၉၅၊ ကျင့် ၅၄ တို့အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ထပ်ကေးရပ်ရှိ ရန်မျိုးအောင် ဝတ်တော်ကြီးဓမ္မာရုံအတွင်းမှ လွန်ခဲ့သော ခုနှစ်လဝန်းကျင်က ပျောက်ဆုံးသွားခဲ့သော ဗုဒ္ဓရုပ်ပွားတော်များ၏ ကွင်းဆက်တရားခံ စုံစမ်းရာမှ ကွင်းဆက်အဖြစ် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရန်မျိုးအောင် ဝတ်တော်ကြီးဓမ္မာရုံအတွင်းမှ ဆင်းတုတော်များ ပျောက်ဆုံးမှုတွင် မသင်္ကာသူအဖြစ် ကျိုက်မရောမြို့နယ်မှ ပရိဘောဂ ပစ္စည်းအဟောင်း ရောင်ဝယ်နေသူ ဦးနိုင်လေး (ခ) ဟာမတ် (ခ) နှုတ်ခမ်းမွေးကို ဖေဖေါ်ဝါရီ ၅ ရက် ညနေပိုင်းက မော်လမြိုင်မြို့၊ မြိုင်သာယာ ရပ်ကွက်ဈေး အရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဦးနိုင်လေးကို စက်မှုဇုန်နယ်မြေ ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့သည်။ ၎င်း၏ ထွက်ဆိုချက်အရ နဝရတ်ဟိုတယ်တွင် တည်းခိုနေသူ ဦးအောင်ကျော်ထွန်းထံမှ အခြားသော ဗုဒ္ဓဆင်းတုများကို ထပ်မံ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဦးနိုင်လေးက ရန်မျိုးအောင် ဝတ်တော်ကြီး ဓမ္မာရုံအတွင်းမှ ပျောက်ဆုံးခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူမှာ ယင်းဝတ်တော်ကြီးရှိ ကျောင်းထိုင်ဆရာတော် ဥူးတေဇနိယထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ယင်းပျောက်ဆုံးခဲ့သော ဗုဒ္ဓဆင်းတုတော်နှစ်ဆူကို တိုက်ကျောင်းဆရာတော် ဥူးတေဇနိယ က ၂၀၁၇ ခုနှစ်၊ ဇွန် ၁၁ ရက်က တဆူလျှင် ငွေတသိန်းကျပ်ဖြင့် ဦးနိုင်လေးထံ ရောင်းချခဲ့ကြောင်း တိုင်ကြားမှုရှိထားသဖြင့် ဥူးတေဇနယကိုလည်း ယုံကြည်အပ်နှံထားသော သာသနိကပစ္စည်းများအား အလွဲသုံးစားပြုမှုဖြင့် ညောင်ပင်ဆိပ် နယ်မြေရဲစခန်းတွင် (ပ) ၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ၂၉၅၊ ၂၉၅(က) အရ ၂၀၁၇ ခုနှစ် ဇွန်လ ကတည်းက အရေးယူထားကြောင်း သိရသည်။ The post မော်လမြိုင်တွင် ဗုဒ္ဓဆင်းတုတော်များ မှောင်ခိုရောင်းဝယ်သူများ ဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2FTrWiq
via IFTTT
No comments:
Post a Comment