မန်ယူကို တကျော့ပြန် ပြန်ရောက်လာတဲ့ ပေါ့ဂ်ဘာ သူ့ နာမည် အပြည့်အစုံက ပေါလ်လက်ဘီလီ ပေါ့ဂ်ဘာ (Paul Labile Pogba) ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာတော့ ပေါလ် ပေါ့ဂ်ဘာ (Paul Pogba) သို့မဟုတ် ပေါ့ဂ်ဘာ လို့ပဲ လူသိများပါတယ်။ လက်ရှိ မန်ယူ အသင်းမှာ လူငယ် တိုက်စစ်မှူး အနေနဲ့ ခြေစွမ်းပြနေသူပါ။ သူ့ကို ၁၉၉၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က မွေးတယ်၊ ပြင်သစ်နိုင်ငံသား၊ နိုင်ငံလက်ရွေးစင် အသင်းအတွက် ပြင်သစ် အသင်းမှာ ကစားတယ်။ အခုမှ အသက် ၂၄ နှစ်ပဲ ရှိသေးလို့ နောက်ထပ် ဆယ်စုနှစ် တစုစာလောက် ဘောလုံးလောကမှာ တောက်ပနေဦးမယ့် ကြယ်တပွင့်လို့ ဆိုရမှာပါ။ အရပ် ၆ ပေနဲ့ ၃ လက်မ ရှိတဲ့ ကစားသမား၊ တကယ်ဆို သူ့ အရပ်အမောင်းက တိုက်စစ်မှူး အနေအထားထက် ကွင်းလယ် ကစားသမား အဖြစ် ကစားတယ်၊ ဒါပေမယ့် နောက်ချန် တိုက်စစ်မှူးလို့ ဆိုလောက်အောင် ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးပေးမှု တွေလည်း လုပ်ပေးတယ်၊ တိုက်စစ်မှာ လိုက် ကစားတယ်၊ သူ့ရဲ့ ပေါ့ပါး သွက်လက်တဲ့ ကစားဟန်က လိုအပ်ရင် နောက်တန်း ခံစစစ်ကိုလည်း ရောက်သွားတယ်။ တကွင်းလုံး ကစားနိုင်တဲ့ ကစားသမား တဦးပါ။ မန်ယူမှာ ကျောနံပါတ် ၆ ကို ဝတ်ဆင်ကစားတယ်၊ တကယ်ဆို မန်ယူကို သူက တကျော့ပြန် ရောက်လာသူ၊ ပထမဆုံး သူ့ရဲ့ ကြေးစား ကစားသမား ဘဝကို စတင်ခဲ့တာက မန်ယူမှာ ပါ။ သူ့ရဲ့ ငယ်ဘ၀ ဘောလုံး ပညာ သင်ယူမှု အနေနဲ့ ၁၉၉၉ ခုနှစ်၊ သူ့ အသက် ၆ နှစ်ကတည်းက Roissy-en-Brie မှာ ဘောလုံး ပညာသင်နေပြီ၊ ၂၀၀၆ ခုနှစ် ရောက်မှ Torcy ကို ရောက်သွားတယ်၊ ဒါပေမယ့် Brieရော Torcyရော၊ နှစ်ခုလုံးက နာမည်ကျော် ဘောလုံး အကယ်ဒမီတွေ မဟုတ်ဘူး၊ ဒီလိုနဲ့ ၂၀၀၇ ခုနှစ်မှာ Le Havre မှာ ပြောင်းပြီး ပညာသင်တယ်၊ ၂ နှစ်ကြာတယ်၊ အဲဒီမှာ တက်သစ်စ ခြေစွမ်းကောင်းကောင်း ပြသနိုင်နေတဲ့ ပေါ့ဂ်ဘာ ကို မန်ယူက ၂၀၀၉ ခုနှစ်မှာ အသင်းကို ခေါ်ပြီး ဘောလုံးပညာ သင်ပေးတယ်။ ငယ်မွေး ခြံပေါက် မဟုတ်ပေမယ့် မန်ယူရဲ့ လက်ထွက်လို့ ဆိုရင်လည်း ရနိုင်တဲ့ ကစားသမားပါ။ ကြေးစား ဘောလုံးသမား အဖြစ် ၂၀၁၁ ခုနှစ်မှာ စတင် ဝင်ရောက်တယ်၊ မန်ယူက သူ့ရဲ့ အကယ်ဒမီမှာ ကတည်းက ခြေစွမ်းပြ နေတဲ့ ပေါလ်ပေါ့ဂ်ဘာကို တခြား မရောင်းသေးပဲ အသင်းကြီးမှာ ဝင်ကစားစေတယ်။ ဒါပေမယ့် ပေါလ်ပေါ့ဂ်ဘာ က အကယ်ဒမီတုန်းက ခြေစွမ်းနဲ့ အသင်းကြီးမှာ ကစားတဲ့ ခြေစွမ်း မတူဘူး။ ပြောရရင် ပေါလ်ပေါ့ဂ်ဘာတယောက်၊ မန်ယူ အသင်းကြီးမှာ အံမဝင်ဘူး။ ၂၀၁၁-၁၂ ဘောလုံး တရာသီလုံးမှာ သူ ၃ ပွဲပဲ ကစားခွင့်ရတယ်။ ဒီတော့ သူလည်း စိတ်ညစ်မယ်၊ အသင်းကလည်း အံမဝင်တဲ့ ကစားသမား တယောက်ကို ခေါ်မထားချင်တဲ့ အဆုံး အီတလီကပ် ဂျူဗင်တပ် ရဲ့ ကမ်းလှမ်းမှုကို လက်ခံရင်း ပေါလ်ပေါ့ဂ်ဘာကို ဂျုဗင်ကို ပို့လိုက်တယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အထိ ၄ နှစ်တာ အီတလီကို ရောက်သွားတယ်။ ကစားကွက် ဦးစားပေးဟန်နဲ့ အံဝင်တဲ့ ပေါလ်ပေါ့ဂ်ဘာ တယောက် ပွဲထွက်ခွင့်လည်း ပုံမှန်ရတယ်၊ ခြေစွမ်းလည်း ပြနိုင်တယ်၊ အောင်မြင်မှုတွေလည်း ယူနိုင်လာတယ်။ ဒီတော့မှ ရူနီလို ကစားသမားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဖို့ မန်ယူက ပေါလ်ပေါ့ဂ်ဘာကို ပြန်ခေါ်ခဲ့ တာပါ။ ဂျူဗင်မှာ ၄ နှစ် အတွင်း ပွဲပေါင်း ၁၂၄ ပွဲထိအောင် ကစားခဲ့သလို ၂၈ ဂိုးထိအောင် သွင်းခဲ့တယ်။ ၂၀၁၆ မှာ မန်ယူကို ပြန်ရောက်လာပြီး အခုထိအောင် ၄၄ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းထားတာလည်း တွေ့ရပါတယ်။ နိုင်ငံ အသင်း ပြင်သစ် အတွက်ကတော့ ၂၀၀၈ ကတည်းက U16 အတွက် ကစားပေးလာခဲ့တာ တွေ့ရပါတယ်။ U16 အတွက် ၁၇ ပွဲ ကစားပြီး ၁ ဂိုး သွင်းတယ်၊ ၂၀၁၀ မှာ U17 အတွက် ၁၀ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းတယ်၊ ၂၀၁၁ ခုနှစ်မှာ U18 အတွက် ၆ ပွဲကစားပြီး ၁ ဂိုး သွင်းတယ်၊ ၂၀၁၂ ခုနှစ်မှာ U19 အတွက် ၁၂ ပွဲ ကစားပြီး ၄ ဂိုး သွင်းပြန်တယ်၊ ၂၀၁၃ ခုနှစ်မှာ U20 အတွက် ၁၃ ပွဲ ကစားပြီး ၃ ဂိုး သွင်းထားတယ်။ ပြင်သစ် လက်ရွေးစင် အသင်း အတွက်ကတော့ သူကြေးစား ဘောလုံးသမား အဖြစ် ၂ နှစ် သက်တမ်းအကြာ၊ ၂၀၁၃ ခုနှစ်မှာမှ စတင် ကစားခွင့် ရခဲ့ပြီး အခုထိ ၄၉ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူပေးထားပြီး နိုင်ငံအသင်း အတွက် အသက်ငယ် ပေမယ့် အတွေ့အကြုံများတဲ့ ကစားသမား တဦး အဖြစ် ရှိနေပြီလည်း ဖြစ်ပါတယ်။ ဂျူဗင်ကနေ မန်ယူကို ပြန်ရောက်တော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးက အဆိုပါ အချိန် ၂၀၁၆ ခုနှစ်က ကလပ်သမိုင်း တလျှောက် အမြင့်ဆုံး စံချိန်တင် ပြောင်းရွှေ့ကြေး အဖြစ် စံချိန် တင်ခဲ့ပြီး ပေါင် ၈၉ ဒသမ ၃ သန်းထိ ပေးချေ ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။ တကယ်ဆို သူက ကွင်းလယ်ဗဟို ကစားသမား စစ်စစ်ပါ။ ဒါပေမယ့် ကွင်းလယ် တိုက်စစ်ကို အားသန် ကစားတယ်။ မန်ယူကတော့ သူ့ကို စွမ်းဆောင်ရည် ပြည့်ဝတယ်၊ ဘောလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်တယ်၊ ဖန်တီးမှု အားကောင်းတယ် လို့ သတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ် သူ ဂျူဗင်ကနေ ထွက်လာတော့ ကစားဖော် ဖြစ်ခဲ့သူ နာမည်ကျော် ကစားသမား ဂျီယန်လောင်ဂီ ဘူဖွန် (Gianluigi Buffon) က ပြင်သစ်ရဲ့ ဂန္ထဝင် ကစားသမားတွေ ဖြစ်တဲ့ မိုက်ကယ် ပလာတီနီ (Michel Platini) နဲ့ ဇီဒိန်း (Zidane) တို့နဲ့ အတူ ခိုင်းနှိုင်းပြီး ချီးကျူးစကား ပြောဆိုခြင်း ခံခဲ့ရသူပါ။ ဂျူဗင်မှာ ၄ နှစ်တာ ကစားခဲ့တဲ့ အတွင်းမှာလည်း သူဟာ အသင်းနဲ့ အတူ စီးရီးအေ ချန်ပီယံဆုကို ၂၀၁၃ ကနေ ၂၀၁၆ ထိအောင် ၄ နှစ် ဆက်တိုင်ရအောင် အဓိက ကူညီပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခြား ဆုဖလားတွေ ဖြစ်တဲ့ Coppa Italia ကိုလည်း ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ၂ ကြိမ်ရတယ်၊ Supercoppa Italiana ကိုလည်း ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ် တွေမှာ ၂ ကြိမ်ရပြီး ၂၀၁၄ မှာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရလို့ ဖလား ၃ လုံး၊ ၃ နှစ်ဆက်တိုက် မရခဲ့တာပါ။ ပြီးတော့ ၂၀၁၄-၁၅ မှာ ဆိုရင်လည်း ဥရောပ အဆင့်ထိ အောင်မြင်မှု ရခဲ့ပြီး UEFA ချန်ပီယံလိဂ်ကို ဒုတိယနေရာ ရောက်ခဲ့တာလည်း တွေ့ရ ပါတယ်။ မန်ယူကို ၂၀၁၆ ခုနှစ်ကမှ ပြန်ရောက် လာပေမယ့် ၂၀၁၇ မှာ EFL ဖလား ရယူထားသလို အဆိုပါ နှစ်မှာပဲ မန်ယူက ချန်ပီယံလိဂ် ဝင်ခွင့် မရလို့ ယူရိုပါလိဂ် ဆင်းကစားရပေမယ့် ယူရိုပါလိဂ် ချန်ပီယံ အဖြစ် ဆုဖလား ရယူဖို့လည်း ကူညီရယူထားနိုင်တာ တွေ့ရပါတယ်။ နိုင်ငံ အသင်းနဲ့ ဆိုရင်တော့ U20 မှာ ကစားချိန် ၂၀၁၃ ခုနှစ် FIFA U20 ကမ္ဘာ့ဖလားကိုတောင် ရယူပေးထားခဲ့သူပါ။ လက်ရွေးစင် အသင်းနဲ့တော့ အောင်မြင်မှု ကြီးကြီးမားမား မရှိသေးပဲ ၂၀၁၆ ခုနှစ် UEFA ဥရောပ ချန်ပီယံရှစ်မှာ ဒုတိယ နေရာနဲ့ပဲ ကျေနပ်ထားရတာ တွေ့ရပါတယ်။ ပေါလ်ပေါ့ဂ်ဘာရဲ့ တဦးချင်း ဆုတံဆိပ် ရရှိမှုကို ကြည့်မယ် ဆိုရင်တော့ ၂၀၁၀ ခုနှစ်မှာ UEFA ကနေ ထုတ်ပြန်တဲ့ ဥရောပ အကောင်းဆုံး U17 အသင်းသား စာရင်းမှာ ပါဖူးတယ်၊ ၂၀၁၃ ခုနှစ် FIFA U20 ကမ္ဘာ့ဖလားမှာ ရွှေဘောလုံးဆု ရဖူးတယ်၊ ဒါကြောင့်လည်း ၂၀၁၃ ခုနှစ်ရဲ့ Golden Boy ဆုရခဲ့တယ်။ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ စတဲ့ ခုနှစ်တွေမှာ ၃ နှစ် ဆက်တိုက် Serie A တနှစ်တာ အကောင်းဆုံး အသင်းလူစာရင်းမှာ ပါခဲ့တယ်၊ ၂၀၁၄ ခုနှစ်ရဲ့ FIFA ကမ္ဘာ့ဖလားမှာ အကောင်းဆုံး လူငယ် ကစားသမားဆုလည်း ရခဲ့တယ်။ ဒါကြောင့်လည်း အဆိုပါ နှစ်မှာ Bravo Award ထပ်ရတယ်။ ၂၀၁၅ ခုနှစ် UEFA ကနေ ထုတ်ပြန်တဲ့ အကောင်းဆုံး အသင်း လူစာရင်းမှာ ပါခဲ့တယ်။ ၂၀၁၅ ခုနှစ် Ballon d’Or ဆုမှာ အဆင့် ၅ ချိတ်ဖူးတယ်။ အဆိုပါနှစ်မှာပဲ FIFA ကနေ ထုတ်ပြန်တဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာလည်း ပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ တွေ အတွက် ကမ္ဘာ့ ဒုတိယ အကောင်းဆုံး အသင်း စာရင်းမှာလည်း ၂ နှစ်ဆက်တိုက် ပါလာပြန်တယ်။ ၂၀၁၆ ခုနှစ်မှာ ESM ကနေ ထုတ်ပြန်တဲ့ ကမ္ဘာ့ အကောင်းဆုံး အသင်းလူစာရင်းမှာလည်း ထပ်ပါပြန်တယ်။ ၂၀၁၆ ခုနှစ်ရဲ့ Serie A ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်လည်း စာရင်းဝင်နေပါတယ်။ ၂၀၁၇ ခုနှစ် UEFA ကနေ ထုတ်ပြန်တဲ့ အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ Ref: en.m.wikipedia.org The post မန်ယူကို တကျော့ပြန် ပြန်ရောက်လာတဲ့ ပေါ့ဂ်ဘာ appeared first on ဧရာဝတီ.
Source : http://ift.tt/2Bg5Zex
via IFTTT
No comments:
Post a Comment