Wednesday, February 7, 2018


ထိုင်ဝမ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး လူ ၇ ဦးသေဆုံး၊ လူ ၅၁ ဦး ပျောက်ဆုံးနေ ထိုင်ဝမ် အရှေ့ဘက်ကမ်းရိုးတန်းအနီး ဖေဖော်ဝါရီလ ၇ ရက်နေ့က အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသော လူဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ရေး သမားများက ပြိုလဲပျက်စီးနေသည့် အဆောက်အဦပုံများကြားထဲမှ ရှာဖွေလျက်ရှိကြောင်း သိရသည်။ ပြင်းအား မဂ္ဂနီကျု ၆ ဒဿမ ၄ အဆင့်ရှိ ငလျင်တခုမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး Hualien ကောင်တီရှိ အနည်းဆုံး အဆောက်အဦး ၄ ခုမှာ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့သည်ဟု သိရသည်။ အဆိုပါ ငလျင်ကြောင့် လူ ၇ ဦး သေဆုံးခဲ့ရပြီး၊ လူ၂၅၄ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လူ ၅၁ ဦးပျောက်ဆုံးနေကြောင်း ထိုင်ဝမ်၏ တရားဝင် ဗဟိုသတင်းအေဂျင်စီက ပြောကြားခဲ့သည်။ Hualien သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှု များပြားသော မြို့တခု ဖြစ်ပြီး လူပေါင်း ၁ သိန်းခန့် နေထိုင်သည်။ CNA ၏ အဆိုအရ နိုင်ငံခြားသား ၁၆ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ဗီဒီယိုနှင့် ဓါတ်ပုံများထဲတွင် ယိမ်းထိုးနေသော အဆောက်အဦးများ၊ ကွန်ကရစ် အစိတ်အပိုင်းများ၊ ဖန်ကွဲစများ၊ သံချည် သံကွေးများနှင့် အခြား အမှိုက်သရိုက်များကို မြင်တွေ့ကြရသည်။ မီးသတ်သမားများကလည်း ဒေသခံများ အတွင်း၌ရှိသည်ဟု ဆိုသော တိုက်ခန်းများ အတွင်းသို့ ရောက်ရှိရန် ပြတင်းပေါက်များမှတဆင့် လှေကားများဖြင့် တွယ်တက်ခဲ့ကြသည်။ ထိုင်ဝမ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင် အခြားအဆောက်အဦများလည်း ၎င်းတို့၏ အောက်ခြေပေါ်တွင် ယိမ်းထိုးနေပြီး ကယ်ဆယ်ရေးသမားများက လှေကား၊ ကြိုးနှင့် ကရိန်းများကို အသုံးပြုကာ ဒေသခံများ အန္တရာယ်ကင်းစေရန် လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။ ငလျင်ပြင်းအားကြောင့် လမ်းမများ ကြေမွပျက်စီးခဲ့ပြီး အိမ်ထောင်စု ထောင်ပေါင်းများစွာထံသို့ လျှပ်စစ်မီးနှင့် ရေ ထောက်ပံ့မှုများ ပြတ်တောက်လျက် ရှိသည်ဟု သိရသည်။ CNA ၏ အဆိုအရ ပျောက်ဆုံးနေသူ ၅၁ ဦးထဲမှ နှစ်ဦးမှာ ၁၂ ထပ် အဆောက်အဦးဖြစ်သည့် Yunmen Cuiti အဆောက်အဦအတွင်း ပိတ်မိနေနိုင်ပြီး ခန့်မှန်းခြေ လူမည်မျှ ပိတ်မိ နေသည်ကို မသိရှိရသေးကြောင်း ဆိုသည်။ စစ်ဆေးမှုများ ဆောင်ရွက်နေသည့်အတွက် တံတားနှင့် အချို့အဝေးပြေး ကားလမ်းမများကို ပိတ်ထားရသည်ဟု သိရသည်။ အဆိုပါ ညတညလုံး နောက်ဆက်တွဲ ငလျင်များ ဆက်တိုက် လှုပ်ခတ်နေသည့်အတွက် ဒေသခံများကို အသစ် ဆောက်လုပ်ထားသော ဘေ့စ်ဘော အားကစားကွင်းတခု အပါအဝင် အမိုးအကာများအောက်သို့ ပို့ဆောင်ထားရပြီး အိပ်စရာနှင့် ပူနွေးသော အစားအစာများကို ထောက်ပံ့ ပေးထားသည်ဟု သိရသည်။ ထိုင်ဝမ်ကျွန်းသည် ကမ္ဘာ့ငလျင်အများစု ဖြစ်ပွားလေ့ရှိရာ ပစိဖိတ်သမုဒ္ဒရာ ဝန်းကျင်ရှိ ငလျင်ပြတ်ရွေ့ကြောင်းများရှိရာ မီးရပ်ဝန်းဒေသပေါ်တွင် တည်ရှိသောကြောင့် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်။ ၁၉၉၉ ခုနှစ်တွင် ပြင်းအား ၇ ဒဿမ ၆ အဆင့်ရှိ ငလျင်တခု ထိုင်ဝမ်ကျွန်း ဗဟိုတွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂၃၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ Ref: nbcnews The post ထိုင်ဝမ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး လူ ၇ ဦးသေဆုံး၊ လူ ၅၁ ဦး ပျောက်ဆုံးနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2EaTh32
via IFTTT

No comments:

Post a Comment