Thursday, February 1, 2018


ကြွေပြလာတဲ့ အိန္ဒိယနဲ့ အထာပြန်ပေးတဲ့ အာဆီယံ တရုတ်နိုင်ငံကို အာဏာချိန်ခွင်လျှာညှိရန် ရှာဖွေသည့် သင်္ကေတအနေဖြင့် အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှအတွက် နောက်ကျသော အားထုတ်မှု ပြုလုပ်လာသည်။ ယင်းမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က နယူးဒေလီတွင် ကျရောက်သော အိန္ဒိယနိုင်ငံ၏ ၆၉ ကြိမ်မြောက် သမ္မတ နိုင်ငံတော်နေ့ အခမ်းအနားသို့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၁၀ နိုင်ငံမှ နိုင်ငံအကြီးအကဲများ တက်ရောက်လာခြင်း ဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဘရူနိုင်းနိုင်ငံများမှ အစိုးရ အကြီးအကဲများ အင်အားကြီးမားစွာ တက်ရောက်ခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံသည် အစဉ်အလာ လမ်းကြောင်းမှ ခွဲထွက်လာပြီ ဖြစ်ကြောင်း ပြသနေသည်။ ယခင်က ထိုကဲ့သို့သော အခမ်းအနားအတွက် အဓိက ဧည့်သည်တော် တဦးတယောက်လောက်သာ ဖိတ်ကြားလေ့ရှိသည်။ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ ရေဒီယို မိန့်ခွန်းတွင် “ယခုအကြိမ်တွင် အဓိက ဧည့်သည်တော် တဦးတည်း မဟုတ်ဘဲ ၁၀ ဦးက သမ္မတနိုင်ငံတော်နေ့ကို ကျက်သရေဆောင်မည်။ ထိုသို့ ဖိတ်ကြားခြင်းမှာ အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ယခင် မကြုံဘူးသော ဖြစ်ရပ်ဖြစ်သည်” ဟုပြောကြားခဲ့သည်။ ထို အခမ်းအနားသည် အဓိကအားဖြင့် သင်္ကေတ သဘောသာ ဖြစ်သော်လည်း ဒေသတခုလုံးကို ချည်နှောင်မည့် ကြီးမားလှသော ရုပ်ဝန်းတခု၊ လမ်းတခု (One Belt, One Road) အခြေခံ အဆောက်အအုံ စီမံကိန်းနှင့် အတူ တရုတ်နိုင်ငံ၏ သြဇာကြီးထွားလာခြင်းကို ချိန်ခွင်လျှာညှိရန် အာဆီယံက စိတ်ဝင်စားကြောင်းနှင့် ယခင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား ပြောကြားခဲ့သည့် အင်ဒို-ပိစိဖိတ် အယူအဆသည် အရှိန်အဟုန်ရလာပြီဖြစ်ကြောင်း ပြသနေသည်။ အိန္ဒိယနိုင်ငံသည် ပထဝီ နိုင်ငံရေးကစားပွဲတွင် နောက်ကောက်ကျနေသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု စီမံကိန်းကို လွန်ခဲ့သော ၅ နှစ်က စတင်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ပါဝင်ကာ တရားလွန်နီးပါး မြင့်မားသော အတိုးနှုန်းနှင့် ထုတ်ချေးသည့် တရုတ် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ထရီလီယံ ပါဝင်သောကြောင့် ခေတ်သစ်သမိုင်းတွင် ရည်မှန်းချက် အမြင့်မားဆုံး ပထဝီစီးပွားရေး ရည်မှန်းချက်ဟု ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနက ဆိုသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လမ်းများ အားလုံးသည် ရောမသို့ ဦးသည်သကဲ့သို့ ထိုစီမံကိန်းမှ လမ်းများ အားလုံးကိုလည်း ဘေကျင်းသို့ ဦးတည်ရန် ပုံစံရေးဆွဲထားသည်။ သို့သော် သေးငယ်လှသော ဘူတန်နိုင်ငံသည် အိန္ဒိယနိုင်ငံထံမှ ပြည်ပ အကူအညီအများဆုံး ရရှိသော နိုင်ငံဖြစ်နေပြီး အာဖဂန်နစ္စတန်ထက် များစွာ လျှော့နည်းရရှိသည်။ အိန္ဒိယသည် ထိုနေ့ အထိမ်းအမှတ် အဖြစ် အိန္ဒိယ-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ၂၅ နှစ်ပြည့် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သော်လည်း ထိုကာလတလျှောက်အတွင်း အများအားဖြင့် ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။ ထို ထိပ်သီး ဆွေးနွေးပွဲတွင် အဓိကကျသော နယ်ပယ်များ ဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လုံခြုံရေးနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေး အင်အားကြီးထွားလာခြင်းကို ခုခံရန် လမ်းပမ်းဆက်သွယ်ရေး တိုးမြှင့်ရေး တို့ကို အာရုံစိုက် ဆွေးနွေးခဲ့သည်။ ထိုနိုင်ငံများသည် ၎င်းတို့ရင်ဆိုင်နေရသည့် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တယားတရပ် ထူတောင်ရေး ကိုလည်း သဘောတူခဲ့ကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုအခမ်းအနားကို တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်နေခဲ့ပြီး “တရုတ်နိုင်ငံဟာ နိုင်ငံတွေ အားလုံး ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်တာကို လမ်းဖွင့်ထားပေးပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေ ချစ်ကြည်ရင်းနှီး ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးထူထောင်တာကို လက်ခံပါတယ်ဟု” တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ရင်း (Hua Chunying) က သတင်းထောက်များကို ပြောသည်။ သို့သော် နိုင်ငံခေါင်းဆောင် အများအပြား အိန္ဒိယနိုင်ငံသို့ သွားရောက်ခြင်းသည် အာဆီယံနိုင်ငံများ အနေနှင့် တရုတ်နိုင်ငံ၏ သြဇာ သိသိသာသာ တိုးတက်လာချိန်တွင် အိန္ဒိယနိုင်ငံကို လက်ခံရန် စိတ်အားထက်သန်ကြောင်း ပြသနေသည် ဟူသော အချက်ကို မငြင်းပယ်နိုင်ပေ။ အိန္ဒိယနိုင်ငံသည် အာဆီယံ နိုင်ငံများကို အိန္ဒိယနိုင်ငံမှ ခွဲဖြာထွက်လာသော လမ်းပမ်းဆက်သွယ်ရေး အစီအစဉ်များသာမက အိန္ဒိယနိုင်ငံ အတွင်းရှိ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ဖန်တီးပေးသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အာဆီယံ နိုင်ငံများ အနေဖြင့် တရုတ် တနိုင်ငံတည်းကို မှီခိုအားထားရခြင်းကို ရှောင်ရှားနိုင်ရန် အထောက်အကူပြုသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး အင်အား ကြီးထွားလာခြင်း၊ အမေရိကန်နိုင်ငံ၏ အရေးပါမှု သိသိသာသာ လျော့ကျလာခြင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခ ရှုပ်ထွေးကျယ်ပြန့်လာခြင်းတို့က အရေးပါသော အပြောင်းအလဲ ဖြစ်သည်ဟု ဆောင်းပါးရှင် ဗီနေး ကော်ရာ (Vinay Kaura) က First Post တွင် ထောက်ပြရေးသားသည်။ “ထိုအချက်များ အားလုံးသည် ထွန်းသစ်စ အင်အားကြီး နိုင်ငံများကို မိတ်ဖက်နိုင်ငံသစ်များ၊ ဈေးကွက်သစ်များ၊ မဟာမိတ်သစ်များ ရှာဖွေရန် တွန်းအားပေးလာသည်။ ထိုသို့အလျင်အမြန် ပြောင်းလဲနေသော ဖြစ်စဉ်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ရှေ့တန်းမှ ပါဝင်သော အာရှ၏ အခန်းကဏ္ဍကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ” ဟု ၎င်းက ရေးသားခဲ့သည်။ တရုတ်နိုင်ငံက စည်းရုံးရန် ကြိုးစားသော်လည်း ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်တွင် ပါဝင်ခြင်း မရှိသောကြောင့် အိန္ဒိယနိုင်ငံကို အာဆီယံ နိုင်ငံများက လေးစားကြသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခုစီမံချက်သည် အိန္ဒိယနိုင်ငံ၏ အတောင်ပံကို ဖြတ်တောက်ပြီး တရုတ်ဗဟိုပြု ကမ္ဘာစနစ်တခု ထူထောင်ရန် အားထုတ်မှု အဖြစ် အိန္ဒိယနိုင်ငံက ယုံကြည်သည်။ ဒေသတွင်းတွင် အင်အားကြီးမားလာသောကြောင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံက လွှမ်းမိုးလာသည်ကို လက်မခံနိုင်ပေ။ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ၏ အနီးရှိ နိုင်ငံများ ဖြစ်သော ပါကစ္စတန်နှင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံများတွင် ဓာတ်အားပေး စက်ရုံများ၊ ဆိပ်ကမ်းများ တည်ဆောက်ပြီး ၎င်း၏ သြဇာနယ်ပယ်ကို ချဲ့ထွင်နေသည်။ ထိုသို့သော လုပ်ရပ်များကို ရင်ဆိုင်ရန် အိန္ဒိယနိုင်ငံသည် မိမိ၏ အခြေခံ အဆောက်အအုံများကို မြှင့်တင်ပြီး နိုင်ငံ၏ အရှေ့မြောက် နယ်စပ်ဒေသများနှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ထိုးဖောက်မှုကို ခုခံသည်။ နယူးဒေလီသည် အမေရိကန် သြဇာကျဆင်း နေချိန်တွင် တရုတ်ကို ခုခံရန် အိန္ဒိယနိုင်ငံကို ခံတပ်သဖွယ် သဘောထားနေသော ဂျပန် နိုင်ငံတို့နှင့်လည်း ဆက်သွယ်ဆောင်ရွက်နေသည်။ အိန္ဒိယ ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်တို့ဖြင့် အသစ် ဖွဲ့စည်းထားသော လေးနိုင်ငံ မဟာမိတ်က ထိုအချက်ကို အောင်မြင်ရန် ရည်မှန်းသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အများအပြားသည် တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုလည်း ရှိနေပြီး ၎င်းတို့သည် အိန္ဒိယကဲ့သို့သော နိုင်ငံများနှင့် အဆက်အသွယ် တိုးချဲ့ခြင်းကို အားထားနေရသည်။ အိန္ဒိယနိုင်ငံ တခုတည်းတွင်သာ အရွယ်အစား၊ လူမှုဖွဲ့စည်းမှု၊ စီးပွားရေး အလားအလာ၊ စစ်ရေးစွမ်းရည်နှင့် လူအဖွဲ့အစည်းဆိုင်ရာ နက်ရှိုင်းမှုများအရ တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှုကို ချိန်ခွင်လျှာ ညှိနိုင်သော အင်အားရှိသည်။ “အိန္ဒိယနိုင်ငံသည် ဒေသတွင်း ဖွဲ့စည်းပုံကို လမ်းဖွင့်ပေးပြီး၊ ချိန်ခွင်လျှာညှိကာ အားလုံးပါဝင်နိုင်စေပြီး ဒေသတွင်းရေးရာ များတွင် အဓိက အကျိုးဆောင်သည်” ဟု လက်ရှိ အာဆီယံ၏ ဥက္ကဌ တာဝန်ယူထားသည့် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က ပြောသည်။ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများအကြားတွင် ဆုံမှတ်များစွာ ရှိသည်။ အိန္ဒိယနိုင်ငံသည် အာဆီယံ၏ စည်းမျဉ်းအခြေပြု လူ့အဖွဲ့အစည်း နှင့် ငြိမ်းချမ်းရေးကို လက်ခံနိုင်သည် ဟုလည်း မိုဒီက အလေးအနက်ထား ပြောသည်။ “လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ဟာ အိန္ဒိယ- အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အဓိက အာရုံစိုက်တဲ့ အချက်ဖြစ် ပါတယ်။ ပင်လယ် သမုဒ္ဓရာတွေမှာ စည်းမျဉ်း အခြေပြု စနစ်က တဆင့် ငြိမ်းချမ်းကြွယ်၀ ချမ်းသာစေရေး အတွက် အာဆီယံရဲ့ ရည်မှန်းချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်နဲ့လည်း တူညီပါတယ်။ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာ ရေး အထူးသဖြင့် ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လေးစားလိုက်နာရေးဟာ အဲဒီရည်မှန်းချက် အတွက် လွန်စွာ အရေးပါပါတယ်။ ကျနော်တို့ ထိစပ်နေတဲ့ ရေကြောင်း နယ်ပယ်တွေမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်း အောင်မြင်မှု အတွက် အာဆီယံ နိုင်ငံများနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မိုဒီက ပြောသည်။ အိန္ဒိယနိုင်ငံသည် အာဆီယံ နိုင်ငံ အားလုံးနီးပါးနှင့် သံတမန်ရေးနှင့် စစ်ရေး ဆက်သွယ်မှုများကို တိတ်ဆိတ်စွာ တည်ဆောက်ခဲ့သည်။ နယူးဒေလီသည် အရှေ့တောင်အာရှရှိ အဓိက နိုင်ငံအားလုံးနှင့် မဟာဗျူဟာဆိုင်ရာ ဆွေးနွေးမှုများလည်း ရှိပြီး စစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်သည်။ အိန္ဒိယရေတပ် သင်္ဘောများသည် ထိုနိုင်ငံဆိပ်ကမ်းများသို့ သွားရောက်လည်ပတ်သည်။ တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးပြီး လက်နက်ကိရိယာ ပြုပြင်မှုများလည်း ပြုလုပ်ပေးသည်။ လက်နက်များကိုလည်း ရောင်းချပြီး အချို့နိုင်ငံများကို စစ်ရေးအရ ယုံကြည်မှုကိုလည်း တည်ဆောက်ပေးသည်။ ၎င်းသည် အချို့သော လက်ရွေးစင် နိုင်ငံများနှင့် ထောက်လှမ်းရေး သတင်းများလည်း ဖလှယ်နိုင်သည်။ ၂၀၀၄ ခုနှစ် ဆူနာမီအတွင်းက အိန္ဒိယနိုင်ငံရေတပ်သည် အမေရိကန်၊ သြစတေးလျနှင့် ဂျပန်ရေတပ်များနှင့် အတူ ထိုဒေသသို့ သွားရောက် ကယ်ဆယ်သည်” ကန်တီ ဘာ့ဂျ်ပိုင် (Kanti Bajpai) က The Times of India စာစောင်တွင်ရေးသားသည်။ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနှင့် နိုင်ငံရေး စီးပွားရေး ဆက်စပ်မှုများ ထူထောင်ရေးဆိုင်ရာ အရှေဘက်သို့ လှမ်းမျှော် အကောင်အထည်ဖော်ရေး မူဝါဒကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ အားထုတ်မှုများသည် တရုတ်နိုင်ငံကဲ့သို့ စိတ်အားထက်သန်မှုနှင့် ရည်မှန်းချက် ကြီးမားမှု မရှိပေ။ တရုတ်နိုင်ငံ၏ အာဆီယံ နှင့် ၂၀၁၆-၁၇ က ကုန်သွယ်မှုသည် အိန္ဒိယနိုင်ငံ၏ ပမာဏ ၆ ဆနှင့် ညီမျှပြီး အမေရိကန်ဒေါ်လာ သန်း ၄၇၀ ဖိုးရှိသည်။ တရုတ်နှင့် အာဆီယံ ကုန်သွယ်မှုသည် အာဆီယံ ၏ကုန်သွယ်မှု စုစုပေါင်း၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနှင့် အာဆီယံ ကြားကုန်သွယ်မှုမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိသည်။ ထို့အပြင် အိန္ဒိယနှင့် အာဆီယံတို့သည် အာဆီယံ ၆ နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ အဆိုပြုချက်ဖြစ်သော ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကိုလည်း လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အခြားသော ၅ နိုင်ငံတွင် သြစတေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်တို့ ပါဝင်သည်။ RCEP ၏ ထူးခြားသော အချက်မှာ ကုန်သွယ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အများစုတွင် အခွန်လျှော့ချပြီး ၎င်းတို့၏ ထုတ်ကုန်များ အတွက် နိုင်ငံတခုနှင့် တခုအကြား ဈေးကွက်များကို ပိုမိုချဉ်းကပ်ခွင့်နှင့် ပိုမိုကောင်းမွန်သော ရေလမ်း၊ ကုန်းလမ်းများ အသုံးပြုခွင့်များ ရရှိမည် ဖြစ်သည်။ ထိုဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတခုမှာ ၁၃၆၄ ကီလိုမီတာ ရှည်သော အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေး လမ်းမကြီးသည် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်ရှိ မိုရေးမှ မြန်မာနိုင်ငံတမူးမြို့ကို ဖြတ်ကာ ထိုင်းနိုင်ငံ မဲဆောက် အထိ ဆက်သွယ်ပေးမည် ဖြစ်သည်။ ထိုစီမံကိန်းတွင် ထိုလမ်းကို ကမ္ဘောဒီးယား၊ လာအိုနှင့်ဗီယက်နမ်တို့ အထိ တိုးချဲ့ ဆက်သွယ်ရန်လည်း ပါဝင်သည်။ ဖြစ်နိုင်ခြေရှိသည်များ ဖြစ်လာရန် အတွက် ပြင်ဆင်မှုများသည် လူအမြင်တွင် ကောင်းသော်လည်း တရုတ်နိုင်ငံ၏ ထိုးနှက်ချက်ကို ယှဉ်ပြိုင်ပြီး ဒေသအတွင်း သြဇာ လွှမ်းမိုးရန်မှာ အိန္ဒိယနိုင်ငံအနေဖြင့် လေးနက်သော အားထုတ်မှုများ ပြုလုပ်ရန် လိုသည်။ လက်ရှိ အခြေအနေမှာ အစမျှသာ ရှိသေးပြီး ဆက်လက်လုပ်ဆောင်ရန် လိုအပ်ချက်များ များစွာ ရှိနေသေးသည်။ (Neeta Lal ၏ India Woos ASEAN, ASEAN Flirts Back ကို ဘာသာပြန်သည်။ ၎င်းသည် ဒေလီအခြေစိုက် ဝါရင့်သတင်းသမားဖြစ်ပြီး Asia Sentinel အတွက် နှစ်ပေါင်းများစွာ ပါဝင်ရေးသားခဲ့သည်။) The post ကြွေပြလာတဲ့ အိန္ဒိယနဲ့ အထာပြန်ပေးတဲ့ အာဆီယံ appeared first on ဧရာဝတီ.
Source : http://ift.tt/2rRuFGW
via IFTTT

No comments:

Post a Comment